spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းTOYO THAI ကုမ္ပဏီသို့ ဒေသခံများ ကန့်ကွက်စာပေးပို့

    TOYO THAI ကုမ္ပဏီသို့ ဒေသခံများ ကန့်ကွက်စာပေးပို့

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အံဒင်ကျေးရွာအနီးတွင် တည်ဆောက်ရန် ကြိုးပမ်းနေသည့် တိုယိုထိုင်းကုမ္ပဏီ၏ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ စီမံကိန်းကို လုံးဝမလိုလားသည့်အတွက် ရပ်တန့်ပေးရန် ဒေသခံများက ဇန်နဝါရီလ ၉ ရက်နေ့ ရက်စွဲဖြင့် TOYO THAI တိုယိုထိုင်း ကုမ္ပဏီသို့ စာရေးအကြောင်းကြားခဲ့သည်။

    “နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းများကို လေးစားလိုက်နာမှု မရှိသော လူကြီးမင်းတို့ တိုယိုထိုင်းကုမ္ပဏီ၏ သိက္ခာမဲ့၍ ပွင့်လင်းမြင်သာမှု မရှိသော လုပ်ရပ်များကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်” ဟု ပေးစာတွင် ပါရှိသည်။

    ၎င်းအပြင် “လူထု ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ဆိုးကျိုးသက်ရောက်စေမည် ဖြစ်သောကြောင့် ဒေသခံ လူထုအနေဖြင့် လုံးဝမလိုလားကြောင်း အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုခဲ့ပြီး ဖြစ်သည်။ သို့သော် ထိုယိုထိုင်းကုမ္ပဏီသည် စီမံကိန်းအကောင်အထည်ဖော်ရန် ကြိုးပမ်းချက်များအား လက်မလျှော့ဘဲ ဆက်လက်အားထုတ်နေဆဲ ဖြစ်သည်” ဟုလည်း ပါရှိသည်။

    ဒေသခံများကိုယ်စား တင်ပြသူ မိနီမာဦး က “ကျွန်မတို့ သဘောမတူဘူးလို့ ပြောနေတာ ကြာပြီ။ ဒီလို သဘောမတူကြားက သူတို့ (ကုမ္ပဏီ) ဘက်က ဒီစီမံကိန်း ဖြစ်ဖို့ လိုက်လုပ်နေတယ်။ နောက်တော့ မြေဝယ်ထားတဲ့ သူကလည်း ကုမ္ပဏီနဲ့ ပေါင်းဖို့ လုပ်နေတယ်။ ဒါ့ကြောင့် ကျွန်မတို့အနေနဲ့ ဒီလိုလုပ်ရတာ ဖြစ်တယ်” ဟု ပြောသည်။

    ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် တိုယိုထိုင်း ကုမ္ပဏီနှင့် စီမံကိန်းဒေသအနီးတွင် မြေယာအများအပြား ဝယ်ယူထားသည့် လင်းရောင်ခြည်ဦး ကုမ္ပဏီတို့ ပူးပေါင်းပြီး စီမံကိန်းနေရာနှင့် မိုင် ၂၀ ကွာဝေးသည့် မော်လမြိုင်- ရေး ကားလမ်းမပေါ်ရှိ ပုပ္ဖဝတီကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်သည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို ထောက်ပြသည်။

    “ကိုရင်လေး (ခေါ်) ကျိုက်ဒေးတမော့ဗရတ် ဘုန်းကြီးကျောင်းတွင် ပြုလုပ်ခဲ့သော တွေ့ဆုံရှင်းလင်းပွဲတွင်လည်း အဆိုပြု စီမံကိန်း ဧရိယာရှိ ဒေသခံများအား ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ထားခဲ့ပြီး အလှမ်းဝေးသော ဒေသများမှ တိုက်ရိုက်သက်ဆိုင်ခြင်း မရှိသည့် ရွာသားများကို ဖိတ်ခေါ်ခြင်း စသည့်လုပ်ရပ်များသည် ကုမ္ပဏီ၏ ပွင့်လင်းမြင်သာမှု မရှိသော လုပ်ရပ်များကို မီးမောင်းထိုးပြနေသည်” ဟု ပေးစာတွင် ထည့်သွင်းဖော်ပြသည်။

    တိုယိုထိုင်း ကုမ္ပဏီသို့ ပေးစာတွင် အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့် ဒေသခံတို့၏ ကန့်ကွက်တင်ပြချက်များ၊ စီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံတို့၏ ဆန္ဒကို ထင်ဟပ်စေသည့် သတင်းများ အပြင် စီမံကိန်းအပေါ် ဒေသခံများ လုံးဝ အလိုမရှိကြောင်း မွန်ပြည်နယ်လွှတ်တော် ဥပဒေ၊ အဆို၊ မေးခွန်းများ ဒေသန္တရ စီမံကိန်းများ လေ့လာသုံးသပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦး၏ လွှတ်တော်သို့ တင်ပြသည့် အစီရင်ခံစာများ ပါရှိသည်။

    ဒေသခံ သံဃာတော်များက စက်ရုံစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ခြင်း မပြုရန် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးထံသို့ မေတ္တာရပ်ခဲ့ပြီး၊ ထိုနေ့မှ စတင်၍ စီမံကိန်းကို ဆန့်ကျင်သည့် ကန့်ကွက်လက်မှတ်များ ကောက်ခံလျက် ရှိသည်။

    ၎င်းအပြင် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင်လည်း ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့ (YSS) က ဦးဆောင်ပြီး ကျောက်မီးသွေး ဓါတ်အားပေး စက်ရုံ စီမံကိန်းကို ကန့်ကွက်ကြောင်း အင်အား ၄၀ဝ ကျော်ဖြင့် ဆန္ဒပြခဲ့ကြပြီး၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ၎င်းတို့ ကောက်ခံရရှိထားသည့် ကန့်ကွက်

    ကျောက်မီးသွေးသုံးလျှပ်စစ်စက်ရုံအား ဒေသခံများကန့်ကွက်ဆန္ဒပြစဉ်(Ye Myo)
    ကျောက်မီးသွေးသုံးလျှပ်စစ်စက်ရုံအား ဒေသခံများကန့်ကွက်ဆန္ဒပြစဉ်(Ye Myo)
    လက်မှတ် (၃၅၀ဝ) ကျော်ကို ပြည်နယ်အစိုးရနှင့် ပြည်နယ်လွှတ်တော်သို့ တင်ပြထားသည်။

    မွန်ပြည်သစ်ပါတီကလည်း ဒေသခံများ၏ သဘောထားအတိုင်း ထိုစီမံကိန်းကို လုံးဝကန့်ကွက်ကြောင်း ဒီဇင်ဘာလ ၃၀ ရက်နေ့က အံဒင်ကျေးရွာတွင် ပြုလုပ်သည့် လူထုအစည်းအဝေး၌ ထုတ်ဖော်ပြောကြားထားသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,500SubscribersSubscribe
    spot_img

    Latest posts