spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းအစိုးရအနေဖြင့် ငြိမ်းချမ်းရေးတွင် စိတ်ရောကိုယ်ပါဆောင်ရွက်ရန် မွန်ပြည်သစ်တိုက်တွန်း

    အစိုးရအနေဖြင့် ငြိမ်းချမ်းရေးတွင် စိတ်ရောကိုယ်ပါဆောင်ရွက်ရန် မွန်ပြည်သစ်တိုက်တွန်း

    -

    မွန်ပြည်သစ်ပါတီသည် တိုင်းရင်းသားများနှင့်အတူ ပြည်တွင်းငြိမ်းချမ်းရေးကို အလွန်လိုလားလျက်ရှိကြောင်း၊ အစိုးရအနေဖြင့် စိတ်ရှည်သည်းခံပြီး ငြိမ်းချမ်းရေးလုပ်ငန်းများဖော်ဆောင်ရာတွင် စိတ်ရောကိုယ်ပါ ပါဝင်ဆောင်ရွက်ပါရန် မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်က သမ္မတဦးသိန်းစိန်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တွေ့ဆုံစဉ် တိုက်တွန်းပြောကြားခဲ့သည်ဟု သိရသည်။

    ၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၂) ဖွဲ့မှ ခေါင်းဆောင်များနှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့ ယမန်နေ့ နံနက် (၉) နာရီတွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (MICC-2) ၌ တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း အခမ်းအနားတက်ရောက်သူ မွန်ပြည်သစ်ပါတီကိုယ်စားလှယ်ခေါင်းဆောင် နိုင်ဟံသာဗိန်ခိုင်းက IMNA သို့ ပြောသည်။

    နိုင်ဟံသာဗိန်ခိုင်းက “ကျနော်တို့ တိုင်းရင်းသားတွေက ငြိမ်းချမ်းရေးကိုအမှန်တကယ်လိုလားနေပါတယ်၊ ဒါကြောင့် သမ္မတကြီးတို့အနေ နဲ့ ငြိမ်းချမ်းရေးရရှိဖို့ မဖြစ်မနေ ဆောင်ရွက်ပေးပါ၊ တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးကနေ နိုင်ငံရေးတွေ့ဆုံရေးတွေကတဆင့် ဖက်ဒရယ်ဒီမိုကရက်တစ်နိုင်ငံဖြစ်မြောက်အောင် အားလုံးကြိုးပမ်းသွားကြမယ်” ဟု ဆိုသည်။

    ထိုတွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်ကလည်း ““ဒီမိုကရေစီကို အသွင်ကူးပြောင်းရာတွင် ပြည်တွင်းငြိမ်းချမ်းရေးသည် အဓိက အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးကို အရယူနိုင်ရန်အတွက် တခုတည်းသော နည်းလမ်းသည် နိုင်ငံရေး ဆွေးနွေးပွဲသာ ဖြစ်ပါကြောင်း၊ နိုင်ငံရေး သဘောတူညီချက်များကို ခိုင်ခိုင်မာမာ ရရှိမှသာ ထာဝရငြိမ်းချမ်းရေးကို အာမခံနိုင်မည်ဖြစ်ကြောင်း နိုင်ငံရေးဆွေးနွေးပွဲကို အမြန်ဆုံး စတင်နိုင်ရန်အတွက် နှစ်ပေါင်း ၆၀ ကျော် ပစ်ခတ်တိုက်ခိုက်မှုများကို အမြန်ဆုံး ရပ်ဆိုင်းပစ်ဖို့ လိုပါကြောင်း၊ နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်နေသော်လည်း ပစ်ခတ်တိုက်ခိုက်မှုများကို ထိန်းသိမ်းမထားနိုင်လျှင် ဆွေးနွေးပွဲကို နောက်ပြန်ဆွဲသလို ဖြစ်နေမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပစ်ခတ်တိုက်ခိုက်မှုများကို အမြန်ဆုံးရပ်စဲရန်နှင့် ပစ်ခတ်တိုက်ခိုက်မှုများ မဖြစ်ပွားစေရန်အတွက် စောင့်ကြပ်ထိန်းသိမ်းသွားမည့် အဖွဲ့များကို အမြန်ဆုံး ဖွဲ့စည်း ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း” ပြောကြားသည်ဟု အစိုးရ သတင်းဌာနများတွင် ဖော်ပြသည်။

    အလားတူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ယမန်နေ့ နံနက် ၁၁နာရီခွဲတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင်၌ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ ဆက်လက်တွေ့ဆုံရာတွင်လည်း မွန်ပြည်သစ်ပါတီဗဟို၏ သဘောထားကို ထပ်မံတိုက်တွန်းပြောဆိုခဲ့ကြောင်း နိုင်ဟံသာဗိန်ခိုင်းက ပြောသည်။

    ထိုသို့တွေ့ဆုံစဉ်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ပြည်နယ်နှင့် တိုင်းအားလုံး စုစည်းထားသည့် ပြည်ထောင်စု နိုင်ငံဖြစ်၍ ကမ္ဘာ့ အလယ်တွင် တင့်တင့်တယ်တယ် ရပ်တည်နိုင်ရန် တိုင်းရင်းသား အားလုံးတွင် တာဝန်ရှိ ကြောင်း၊ ပြည်သူ ရွေးချယ်ထားသော ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်း ကို လျှောက်လှမ်းနေခြင်း ဖြစ်ကြောင်း၊ တပ်မတော်က ရွေးချယ်ခြင်း မဟုတ်ဘဲ ပြည်သူ့ဆန္ဒနှင့် အညီ ရွေးချယ် ထားသော လမ်းကြောင်းတွင် မဖြစ်ဖြစ်အောင် သွားရန်လိုပြီး မသွားနိုင်လျင် ကျန်ခဲ့မည် ဖြစ်ကြောင်း၊ ဒီမိုကရေစီ လမ်းကြောင်းကို လက်မခံလျင် ချန်ခဲ့၍ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ လျှောက်လှမ်းရာတွင်လည်း ရည်မှန်းချက်၊ ရည်ရွယ်ချက်အားလုံး သိရှိပြီးဖြစ်၍ မှန်ကန်သည့် စိတ်ဖြင့်သွားရန် လိုကြောင်း” ဟု ပြောကြားခဲ့သည်ဟု အစိုးရသတင်းဌာနများတွင် ဖေါ်ပြထားသည်။

    နိုင်ငံတော်သမ္မတကြီးနှင့် ကာကွယ်ရေးဦးစီးချုပ်တို့အား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်ကြသည့် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ “ဝ” ပြည်သွေး စည်းညီညွတ် ရေးတပ်မတော် အထူးဒေသ-၂ (UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ-၄ (NDAA) ၊ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU/ KNLA (PC) ၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည် တပ်မတော် (SSPP/SSA)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN (K) ၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် အဖွဲ့ဝင်များနှင့် မြန်မာ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts