spot_img
Thursday, April 18, 2024
More
    spot_img
    Homeသတင်းအံဒင်လျှပ်စစ်စီမံကိန်း ဒေသခံများနှင့်ထပ်တူကန့်ကွက်ဟု မွန်ပြည်သစ်ပါတီပြော

    အံဒင်လျှပ်စစ်စီမံကိန်း ဒေသခံများနှင့်ထပ်တူကန့်ကွက်ဟု မွန်ပြည်သစ်ပါတီပြော

    -

    ဒေသခံများအား မွန်ပြည်သစ်ပါတီတွေ့ဆုံရှင်းလင်းစဉ်(Facebook)
    ဒေသခံများအား မွန်ပြည်သစ်ပါတီတွေ့ဆုံရှင်းလင်းစဉ်(Facebook)
    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အံဒင်ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းကို ဒေသခံပြည်သူများဆန္ဒနှင့် တစ်ထပ်တည်းရပ်တည်ပြီး လုံးဝကန့်ကွက်သွားမည်ဟု စက်ရုံဆောက်လုပ်ရန်လျာထားသည့်ဒေသခံပြည်သူများနှင့် ဒီဇင်ဘာ ၃၀ ရက်နေ့ တွေ့ဆုံပွဲတွင် မွန်ပြည်သစ်ပါတီက ထုတ်ဖော်ပြောကြားလိုက်သည်။

    ဒေသခံများအား မွန်ပြည်သစ်ပါတီတွေ့ဆုံရှင်းလင်းစဉ်(Facebook)
    ဒေသခံများအား မွန်ပြည်သစ်ပါတီတွေ့ဆုံရှင်းလင်းစဉ်(Facebook)
    အံဒင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သည့် ယင်းတွေ့ဆုံပွဲတွင် စက်ရုံစီမံကိန်းအပေါ် မွန်ပြည်သစ်ပါတီ ဗဟိုညွှန်ကြားချက်ဖြင့် ပါတီ၏ သဘောထားရပ်တည်ချက်ကို ပါတီကိုယ်စား လာရောက်ရှင်းလင်းခြင်းဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ၊ ထားဝယ်ခရိုင် ဥက္ကဋ္ဌ နိုင်အောင်မငေး က ပြောသည်။

    “ဒီကိစ္စကို ကျနော်တို့ မွန်ပြည်သစ်အနေနဲ့ အပြန်အလှန်သုံးသပ်တယ်။ ဒီစီမံကိန်းက လုံးဝမဖြစ်သင့်ဘူး။ တာဝန်ယူမှု တာဝန်ခံမှု အပိုင်းက ဘာမှကွဲကွဲပြားပြားမရှိဘူး” ဟု နိုင်အောင်မငေးက ပြောသည်။

    လက်ရှိတွင်လည်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ရန် မပီပြင်သေးသည့်အတွက် မွန်ဒေသတွင် ကျောက်မီးသွေးသုံးလျပ်စစ်စက်ရုံတည်ဆောက်ရန် အချိန်စောလွန်းနေသည်ဟု ၄င်းကဆိုသည်။

    နိုင်အောင်မငေးက “ကျွန်တော်တို့ ပါတီဟာ တော်လှန်ရေးသက်တမ်း (၅၆) နှစ် ကာလအတွင်းမှာ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက်၊ ပြည်သူလူထုအတွက် အသက်သွေးချွေးတွေ အများကြီး ပေးဆပ်ခဲ့ပြီးပြီ။ လူထုတွေ လက်မခံလို့ ကန့်ကွက်တဲ့ ဒီစီမံကိန်းကိုလည်း လူထုရဲ့ဆန္ဒနဲ့ တစ်ထပ်တည်းထားပြီး လုံးဝကို ကန့်ကွက်သွားမယ်။ လူထုတွေ မလုပ်နိုင်တာ၊ လုပ်လို့မရတာ၊ လုပ်လို့ ခရီးမရောက်တဲ့ အပိုင်းတွေမှာ ပါတီက တာဝန်ယူသွားမယ်” ဟု ပြောသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဖာလိန်ဒေသမှ သံဃာတော်များနှင့် ဒေသခံပြည်သူ ၃၀ ကျော်က မွန်ပြည်သစ်ပါတီ ဌာနချုပ်ရှိရာ ရေးချောင်းဖျားဒေသသို့ သွားရောက်ပြီး၊ ပါတီဥက္ကဋ္ဌ အပါအဝင် ဗဟိုကော်မတီဝင်များနှင့် တွေ့ဆုံကာ စက်ရုံစီမံကိန်းအပေါ် ထားရှိသည့် ပါတီ၏ သဘောထားကို ရှင်းရှင်းလင်းလင်း သိလိုကြောင်း တောင်းဆိုခဲ့သည်။

    ယင်းသဘောထား ရှင်းလင်းပွဲတွင် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA အမှတ် (၂) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဉာဏ်ထွန်း၊ မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် အတွင်းရေးမှူး ဗိုလ်မှူးကြည်စန်း အပါအဝင် မွန်ပြည်သစ်ပါတီမှ စုစုပေါင်းအင်အား၂၀ ဦး၊ ဒေသခံများဘက်တွင် ဖာလိန်ဒေသ စည်းလုံးညီညွတ်ရေးအဖွဲ့မှ သံဃာတော်များ၊ ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့နှင့် အလင်းအိမ် လူငယ်စာဖတ်အသင်း၊ ဖာလိန်ဒေသရှိ အံဒင်၊ နှစ်ကရုတ်၊ နှီုးနှူ၊ သာဂရမ် စသည့် ကျေးရွာများမှ ဒေသခံများ စုစုပေါင်း ၆၀ဝ ကျော် တက်ရောက်ကြသည်ကို တွေ့ရှိရသည်။

    ဖာလိန်ဒေသ ဂိုဏ်းချုပ် နှစ်ကရုတ်ကျောင်း ဆရာတော်က “ဘုန်းကြီးတို့ ဘိုးဘွားစဉ်ဆက် ဒီဖာလိန်ဒေသကို ထိန်းသိမ်းလာခဲ့တာ။ တောင်ပေါ်တက်ရင် တောင်ပေါ်စာ၊ ပင်လယ်ထွက်ရင် ပင်လယ်စာ၊ လယ်ထဲဆင်းရင် လယ်စာတွေ ပေါတဲ့ ဒီဒေသကို ကာကွယ်ထိန်းသိမ်းကြပါ။ တို့ခေတ်ရောက်မှ ပျက်စီးသွားမယ်ဆိုရင် တို့ဟာ သမိုင်းတရားခံတွေ ဖြစ်ကြမယ်။ ရွှေပုံပေါ်မှာ နေပြီး အနာဂတ် သေဆုံးနေတဲ့ ဘဝကို မမက်မောကြပါနဲ့” ဟု ဒေသခံများအား သြဝါဒ မိန့်ကြားသည်။

    စက်ရုံစီမံကိန်းအနီးတွင် မြေဧက ၄၀ဝ ခန့် ဝယ်ယူထားသည့် ဝင်းရောင်ခြည်ဦး ကုမ္ပဏီက စက်ရုံစီမံကိန်းကို အကောင်အထည်ဖော်ရန်အတွက် တိုယိုထိုင်း ကုမ္ပဏီနှင့် ပူးပေါင်းရန် ဆုံးဖြတ်လိုက်ကြောင်း ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ထုတ်ဖော်ပြောကြားပြီးနောက် ဒေသခံများမှာ စက်ရုံတည်ဆောက်လာတော့မည်ကို ပိုမိုစိုးရိမ်လျက် ရှိသည်။

    “ကျမတို့ဒေသက မြေနေရာ ကျပ်ပါတယ်။ ဟိုဘက်ကလည်း ပင်လယ်ပဲ ရှိတော့တယ်။ သူတို့ (ကုမ္ပဏီ) တွေက အကုန်ယူသွားမယ်ဆိုရင် ကျမတို့ ဘာနဲ့ လုပ်ကိုင်စားသောက်ကြရတော့မှာလဲ” ဟု အသက် ၆၃ နှစ်အရွယ် အံဒင်ရွာသူ ဒေါ်စန်းရွှေက ပြောသည်။

    လက်ရှိတွင် ဖာလိန်ဒေသ စည်းလုံးညီညွတ်ရေးအဖွဲ့ဝင် သံဃာတော်များ ဦးဆောင်လျက် လူငယ်အင်အားဖြင့် တစ်အိမ်တက်ဆင်း စီမံကိန်း ကန့်ကွက်လက်မှတ်များ ကောက်ခံလျက်ရှိရာ အိမ်ခြေ ၅၀ဝ ကျော်ရှိသည့် အံဒင်ကျေးရွာတွင် အိမ်ထောင်စု ၁၅ ခုမှလွဲ၍ အားလုံးမှာ ကန့်ကွက်လက်မှတ် ရေးထိုးခဲ့ပြီး ကျန်အနီးပတ်ဝန်းကျင်ကျေးရွာများတွင်လည်း ကန့်ကွက်လက်မှတ် ဆက်လက်ကောက်ခံသွားရန် စီစဉ်နေကြောင်း အံဒင်ကျေးရွာလူငယ်အဖွဲ့ဝင် မိသီရိဦးက ပြောသည်။

    ဒီဇင်ဘာလ ၂၈ ရက်နေ့က မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာတွင် ကျင်းပသည့် မွန်လူငယ်များနေ့အခမ်းအနားစင်မြင့်တွင် အဆိုပါစီမံကိန်းအားကန့်ကွက်ကြောင်း မွန်လူငယ်ထုများ ထုတ်ဖေါ်ကြေညာခဲ့ပြီး ကန့်ကွက်သည့်လက်မှတ်များကိုလည်း ဒေသအသီးသီးမှ လူငယ်များအား လက်မှတ်ရေးထိုးကြသည်ကို တွေ့ရှိခဲ့သည်။

    ၂၀၁၃ မတ်လ ၂၁ မြန်မာအစိုးရနှင့် MoU လက်မှတ်ရေးထိုးခဲ့သည့် Toyo-Thai ကုမ္ပဏီက ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါတွင် အဆင့် ၃ ဆင့်ခွဲကာ ၂၀၂၅-၂၀၃၀ အတွင်း အပြီးတည်ဆောက်မည့် မီဂါဝပ် ၃၀ဝ၀ ထုတ်ကျောက်မီးသွေးသုံး လျပ်စစ်စက်ရုံအား ရေးမြို့နယ်သို့ ပြောင်းရွေ့ရန် အဆိုပြုထားကြောင်း နိုင်ငံတော်သမ္မတရုံး အင်တာနက်စာမျက်နှာတွင် ရေးသားထားသည်။

    သို့ရာတွင် Toyo-Thai ကုမ္ပဏီက အံဒင်ကျေးရွာ ကျောက်မီးသွေးသုံးလျပ်စစ်စက်ရုံတွင် မီဂါဝပ် ၁၂၈၀ ထုတ်လုပ်ရန် စီမံကိန်းလျာထားသည်ဟု ၄င်းတို့၏ လက်ကမ်းစာရွက်များ၌ ဖေါ်ပြခဲ့သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts