မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / အမြင်နှင့်သုံးသပ်ချက် / ငြိမ်းချမ်းရေးအတွက် “အား”

ငြိမ်းချမ်းရေးအတွက် “အား”

ရေးသားသူ:

နိုဝင်ဘာလ၂၈-၂၉ ရက်နေ့များတွင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC) ဖွဲ့စည်းထားသော ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် (FUA)၏ တပ်မတော်ပိုင်းဆိုင်ရာ စစ်ဦး စီးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းပြီး တောင်ပိုင်းနှင့် မြောက်ပိုင်းစစ်ဇုန်ဒေသများအဖြစ် သတ်မှတ်ဖွဲ့စည်း လိုက်ပြီဟု သိရသည်။

FUA ၏တောင်ပိုင်းစစ်ဒေသဆိုင်ရာ စစ်ဦးစီးချုပ်အဖြစ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော်( KNU-KNLA) မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဘောကျော်ဟဲ၊ မြောက် ပိုင်းစစ်ဒေသဆိုင်ရာစစ်ဦးစီးချုပ်အဖြစ် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)မှဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂမ်ရှောင်တို့ကို တာဝန်ပေးအပ်ခဲ့ကြောင်း FUA အနေဖြင့် လတ်တလော နိုင်ငံရေးနှင့် စစ်ရေးဖြစ်ပျက်ခဲ့မှုများအပေါ် သင်ခန်းစာ ယူ၍ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်လုပ်ကိုင်သွားမည်ဟု FUA ၏အကြံပေး ဗိုလ်မှူးကြီးခွန်ဥက္ကာ ဆိုသည်။

FUA Meeting(RFA)
FUA Meeting(RFA)

မြန်မာအစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အင်အားစုအကြား တွေ့ဆုံဆွေးနွေးရေး ရပ်တန့်နေခိုက် နိုဝင်ဘာ ၁၉ ရက်နေ့ KIA ကချင်စစ်သင်တန်းကျောင်းကို မြန်မာအစိုးရ၏ လက်နက် ကြီးနှင့်ပစ်ခတ်မှုကြောင့် ဗိုလ်လောင်း၂၃ ဦးကျဆုံးချိန်နှင့် ကချင်ဒေသတွင် တိုက်ပွားအရှိန် ပြန်ပြင်းထန်လာသည့်အချိန်တွင် ယင်းကဲ့သို့ FUA စစ်ဒေသကို ဖွဲ့စည်းချိန်နှင့် တိုက်ဆိုင် နေသည်။

FAU သည် UNFC ၏ နိ်ုင်ငံရေး လုပ်ဆောင်ချက်များ၊ ဆုံးဖြတ်ချက်များကို ပံ့ပိုးရန် UNFC တွင် ပါဝင်သည့်တိုင်းရင်းသား လက်နက်ကိုင် ၁၂ ဖွဲ့ဖြင့် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဖွဲ့စည်းခဲ့သော်လည်း ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းစဉ်ကြောင့် လုပ်ငန်းအကောင်အထည်ဖော်မှု ရပ်ဆိုင်း ထားသည်ဟု သုံးသပ်မိသည်။

သို့သော် အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းများ၏ဆွေးနွေးမှုသည် အချိန်ကြာလာ သော်လည်း တိုးတက်မှု မရှိသည့်အပြင် တပ်မတော်၏နေရာကွက်ကြား ထိုးစစ်သည်လည်း လျှော့ နည်းသွားခြင်းမရှိခဲ့ပေ၊ အထူးသဖြင့် တောင်ပိုင်းတွင် ထိုးစစ်နားထားချိန်အတွင် အစိုးရသည်မြောက်ပိုင်း ဒေသရှိ ကချင်၊ ပလောင်၊ ရှမ်းစသည့်ဒေသများတွင် ပိုမိုထိုးစစ်ဆင် လာသည်ကို တွေ့ရှိရသည်။

တရုတ်-မြန်မာနယ်စပ်အခြေစိုက် စစ်ရေးနဲ့နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအဆိုအရ အစိုးရနှင့် KIA ၁၇ နှစ်ကြာ ငြိမ်းချမ်းရေး ယူခဲ့သည့်ကာလတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ တွင် တပ်ရင်း ၄၆ ရင်းသာရှိပြီး ယခုအချိန်တွင် မြန်မာနိုင်ငံရှိ ခြေလျင်တပ်ရင်း ၅၆၀ အထဲတွင် ကချင်ဒေသ၌ တပ်ရင်း ၁၂၀ ကျော်ရှိနေပြီ ၄င်းအထဲတွင် အမြှောက် တပ်ရင်းများအရေအတွက် မပါရှိသေးဟု ဆိုသည်၊ ယင်းကိုကြည့်ခြင်းအားဖြင့် ခုခံစစ်လား၊ ထိုးစစ်လား စဉ်းစားကြည့်လျင် သိနိုင်ကြောင်း ဧရာဝတီ သတင်းဌာန၏မေးမြန်းခန်းတခုတွင် ပြောဆိုသွားသည်။

ငြိမ်းချမ်းရေးအဟန့်အတားများ

ဦးသိန်းစိန်အစိုးရ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုသည် အစပိုင်းတွင် အရှိန်ကောင်းသလိုရှိသော်လည်း ၂၀၁၃ နှစ်ကုန်ပိုင်းမှစပြီး တစ်ဆို့မှုများဖြစ်လာခဲ့သည်။ ယင်းသို့ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ကြန့်ကြာ နေခြင်းသည် တပ်မတော်၏သဘောထား တင်းမာမှုကြောင့်ဟု NCCT အဖွဲ့ခေါင်း ဆောင်နိုင်ဟံသာက မကြားသေးခင်က မေးမြန်းခန်းတခုတွင် ပြောဆိုခဲ့သည်။

အစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိ်ုင်အဖွဲ့အစည်းများအကြား အဓိကအဟန့်အတား ဖြစ်နေသည့် အကြောင်းရင်းတခုမှာ တပ်မတော်ဘက်မှ ၄င်းတို့မူ ၆ ချက်ကို အသေဆုပ်ကိုင် ထားခြင်းဖြစ်သည်ဟု တိုင်းရင်းသားဘက်က ဆိုပါသည်၊ အဆိုပါ မူ ၆ ချက်အနက် အချက် ၅ နှင့် ၆ တို့တွင် နိုင်ငံတော်က ထုတ်ပြန်သည့် တည်ဆဲဥပဒေများကို တိတိကျကျလိုက်နာရန်နှင့် ဒို့တာဝန် အရေးသုံးပါးနှင့်ဒီမိုကရေစီကျင့်စဉ်အရ ၂၀ဝ၈ ဖွဲ့စည်းပုံအတိုင်း လိုက်ပါဆောင်ရွက်ရန် တို့သည် အဓိကအဟန့်အတားဖြစ်စေသည့် အချက်များဖြစ်သည်။

၄င်းအပြင် တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးလက်မှတ်ထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲ မည်သို့ပြုလုပ်မည်ကို နှစ်ဖက်အကြား သဘောတူညီမှုမရ ဖြစ်နေသည်ဟုဆိုသည်၊ အထူးသဖြင့် တိုင်းရင်းသား များတောင်းဆိုနေသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် အစိုးရဘက်က မူအားဖြင့် သဘောတူသော်လည်း ၄င်းအပေါ် ရှင်းရှင်းလင်းလင်းမရှိပေ။

တပ်မတော်နှင့် အစိုးရသည် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့်တိုင်းရင်းသားအခွင့် အရေးများကို ၂၀ဝ၈ အခြေခံ ဥပဒေအောက်တွင်သာ သွားလိုသည်၊ တိုင်းရင်းသားလက်နက်အဖွဲ့ များသည် လက်ရှိ ၂၀ဝ၈ အခြေခံဥပဒေအောက်ကို အသိအမှတ်မပြုဘဲ လွတ်တော်ပြင်ပမှ အခြေခံဥပဒေကို ပြင်ဆင်လိုကြသည်၊ စစ်တပ် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်သည့် ၂၀ဝ၈ အခြေခံ ဥပဒေတွင် အချို့ဥပဒေကို ပြင်လိုပါက လွတ်တော်အမတ်၏ ၇၅ ရာခိုင်နှုန်းရှိရမည့်အပြင် လူထှု ဆန္ဒခံယူပွဲ ပြုလုပ်ရမည်ဖြစ်သည်။

လက်တွေ့တွင် ၂၀ဝ၈ အခြေခံဥပဒေကို အစိုးရက မပြင်လိုပေ၊ အထူးသဖြင့် ၂၀ဝ၈ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် အဓိကကျသည့် ၄၃၆ ပုဒ်မကို အစိုးရနှင့်တပ်မတော်က လုံးဝမပြင်လိုပေ၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD က လူထုဆန္ဒ ၅ သန်းကောက်ယူခဲ့ပြီး လွတ်တော်သို့ တင်ပြသော်လည်း တပ်မတော်က မပြင်ဆင်လိုပေ။

၄င်းအပြင် တပ်မတော်သည် ၂၀ဝ၈ အခြေခံဥပဒေအောက်ကို ကာကွယ်ရမည့်အပြင် အာဏါသိမ်း ခွင့်ပါ လွတ်တော်တွင် တောင်းဆိုလာသည်ကို တွေ့ရပေသည်၊ တပ်မတော်ကို ဖက်ဒရယ်တပ်မ တော်ပုံစံပြန်လည်ဖွဲ့စည်းရန် တိုင်းရင်းသားများတောင်းဆိုနေသည်ကိုလည်း ယခုတပ်မတော်သည် ဖက်ဒရယ်တပ်မတော်ဟုဆိုပြီး လုံးဝငြင်းပယ်လိုက်သည်၊ ဤအချက်သည် ငြိမ်ချမ်းရေးတည် ဆောက်ရေးအတွက် အစိုးရ၊ တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ယုံကြည်မှု တည် ဆောက်ရေးတွင် အဓိကအဟန့်အတားဖြစ်စေသည့်အချက်များ ဖြစ်နေသည်။

ထိုမျသာမက အစိုးရသည် ငြိမ်းချမ်းရေးကြန့်ကြာမှုတွင် တိုင်းရင်းသားများကို အပြစ်ဖို့နိုင်ရန် နည်း မျိုးစုံဝါဒဖြန့်ခဲ့သည်၊ ၄င်းအပေါ် ဦးအောင်ကျော်ဇော်က “နှစ်ဖက်ပဋိပက္ခတွေမှာ KIA က ပြည်တွင်း ပြည်ပ သတင်းဌာနတွေ အကုန်လုံး ဝင်ခွင့် ပြုကြောင်း၊ ကုန်ကုန်ပြောရရင် အရင်က အစိုးရကောင်း ကြောင်းချည်းရေးနေတဲ့ ပြည်တွင်းက ဂျာနယ်တွေတောင် ဝင်ခွင့်သတင်းယူခွင့်ပြုကြောင်း၊ အစိုးရ စစ်တပ်ကလည်း သူတို့ဘက်က ရိုးသားရင် KIA လို ဘာလို့ သတင်းထောက်တွေကို ဝင်ခွင့် မပြုနိင်ကြောင်း၊ သတင်းသမားကတော့ သူတို့မြင်ရင်မြင်တဲ့အတိုင်း အဖြစ်မှန်ကို ရေးကြမှာပဲ” ဟု ပြောဆိုသွားသည်၊ ဆက်လက်ပြီး ဦးအောင်ကျော်ဇော်က “အစိုးရတပ်က အမြှောက်နဲ့ပစ်လို့ အရပ်သား တွေ သေကြေနေတာလည်း သတင်းထောက်တွေ မျက်စိနဲ့ကိုယ်တွေ့မြင်ခဲ့ရပြီး မျက်ရည်တောင် ကျခဲ့ရတာပဲ၊ အဲဒီအချိန်အစိုးရပြန်ကြားရေးက ဝါဒဖြန့်လို့ကောင်းနေတုန်းဘဲ” ဟု ဆိုသည်။

၄င်းအပြင် ကချင်စစ်သင်တန်းကျောင်းကို လက်နက်ကြီးနှင့်ပစ်သည့်ကိစ္စနှင့်ပတ်သက်ပြီး အစိုးရက တရားဝင် ဖြေရှင်းချက်မပေးသလို ကါကွယ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က လုံခြံရေး အရ သတိပေးပစ်ရသည်ဟု နိုဝင်ဘာလအကုန် ဗွီအိုအေနှင့်မေးမြန်းခန်းတွင် ပြောဆိုသွားသည်၊ ၄င်းမေးမြန်းခန်းတခုလုံးကို ကြည့်ခြင်းအားဖြင့် တပ်မတော်သည် အခြေခံဥပဒေကို မပြင်လိုသလို ငြိမ်းချမ်းရေးရယူရန်လည်း ဆန္ဒနည်းနေသည်ကို တွေ့ရပေသည်။

ညီညွတ်ရေးကို တောင်းဆို

ဤသို့သော အနေအထားတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် မိမိကိုယ်ကိုကာကွယ်ရန် မိမိတို့အကြားစုပေါင်းပြီး စစ်ဒေသဖွဲ့ရခြင်းဖြစ်သည်၊ ဤသည်အစိုးရနှင့်တပ်မတော်၏ဖိအားကြောင့် ပေါ်ပေါ်က်လာသည့် တောင်းဆိုမှုတခုဟု ဆိုနိုင်ပေသည်၊ ဤကဲ့သို FUA စစ်တိုင်းဖွဲ့စည်းရေးသည် ငြိမ်းချမ်းလုပ်ငန်းစဉ်ကို အဟန့်အတားဟု အထူးသဖြင့် တပ်မတော်က ရှုမြင်နိုင်သည်။

သို့သော် စစ်ဒေသဖွဲ့စည်းရေးသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မထိခိုက်စေနိုင်သာမက ငြိမ်းချမ်း ရေးဆွေးနွေးပွဲ၏အားကို ချိန်ခွင်လျာဖြစ်စေနိုင်သည်၊ ယခုဖြစ်နေသည့်တိုက်ပွဲကို ကြည့်ပါက တပ်မတော်မှ တိုင်းရင်းသားလက်နက်ကိုင်တပ်ကို စစ်ဆင်နေသည့်အတွက် တိုက်ပွဲဖြစ်နေရခြင်း ဖြစ်သည်ဟု ဆိုပါက မှားမည်မထင်ပေ။

ယခုတိုက်ပွဲဖြစ်နေသည့်ကိစ္စနှင့်စပ်လျှဉ်း၍ ဦးအောင်ကျော်ဇော်က “KIA က သူ့နယ်မြေကို သူ ကာကွယ်နေတာ KIA ကမြို့တွေကို ဝင်တိုက်လို့ ရဟတ်ယာဉ်တွေ၊ လေယဉ်ပျံတွေသုံးတယ် ဆိုရင် လက်ခံလို့ရသေးတယ်၊ သူ့နယ်မြေသူနေ တာပဲလေ၊ သူလည်း ငြိမ်းချမ်းရေး လိုချင်တာပဲ လေ၊ အရင် ၁၇ နှစ် လုပ်ပြီးပြီ ဘာမှ မထူးခြားဘူး၊ အပစ်ခတ်ရပ်စဲရေး လုပ်မလား၊ ထာဝရ ငြိမ်း ချမ်းရေးလုပ်မလားဆိုတော့ KIA က ထာဝရငြိမ်းချမ်းရေးလုပ်မယ် ထာဝရငြိမ်းချမ်းရေး လုပ်ရင် နိုင်ငံရေး စကားပြောရမယ်၊ အစိုးရဘက်က နိုင်ငံရေးစကားမပြောချင်ဘူး၊ ဒါက အဟန့်အတား ဖြစ်နေတယ်” ဟု ဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် တပ်မတော်၏ထိုးစစ်ဆင်မှုကို တွန်းလှန်ရန် မိမိတို့အကြားညီညွတ်မှု တည်ဆောက်ရေးသည် မရှိမဖြစ်လိုအပ်ပေသည်၊ ၁၉၈၀ ခု အလွန် မဒတ(ခေါ်) အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု NDF လက်အောက်တွင် တိုင်းရင်းသားတပ်များ ၏မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် တောင်းပိုင်းစစ်ကြောင်းတို့သည် စုစည်မှု အားကောင်းသည့်အပြင် လူထု၏ထောက်ခံမှု အားကိုးမှုလည်း အတော်အတန်ရခဲ့သည်။

သို့သော် နိုင်ငံရေး အခြေအနေကြောင့် မဒတ ခေတ်ကုန်သွားသော်လည်း ယခုနိုင်ငံရေးအနေအထားတွင် အခြေအနေ တောင်းဆိုမှုနှင့် အတိတ်ကသင်ခန်းစာကို ရယူပြီး UNFC ၏ဦးဆောင်မှုအောက်မှ FAU သည် လူထုအားကိုး နိင်သည့်အားအဖြစ်မှ ငြိမ်းချမ်းရေးသို့ တွန်းပို့သည့် “အား”

UNFC Meeting(UNFC)
UNFC Meeting(UNFC)
ဖြစ်နိုင်ပါစေသတည်း။

(မှတ်ချက်- အထက်ပါအမြင်ဆောင်းပါးသည် စာရေးသူ၏အမြင်ဖြစ်ပြီး IMNA ၏ အာဘော်မဟုတ်ပါကြောင်း-အယ်ဒီတာ)

About မွန်သတင်းအေဂျင်စီ

Check Also

စိတ်အခံပြောင်းနိုင်မှ အရိပ်သဏ္ဍာန်ကောင်း ရမည်

“မောင်ခိုင်မွန်” ရေးသော “၂၀၁၇” ကဗျာမှ အောက်ပါစာသားပါဒများကို ကြိုက်နှစ်သက်သည်။ “၂- ဖက်တီးမှ မြည်မယ်ဆိုယင်လည်း ဒီနေ့ပဲ တီးစေချင်ကြ အစာတောင်း ငှက်ကလေးတွေလို လက်ခုပ်သံကို ဆာလောင်” …

Leave a Reply

%d bloggers like this: