မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / အမြင်နှင့်သုံးသပ်ချက် / ၆ ပွင့်ဆိုင်က ကျိုးကြောင်းဆီလျော်မှု ရှိရဲ့လား

၆ ပွင့်ဆိုင်က ကျိုးကြောင်းဆီလျော်မှု ရှိရဲ့လား

ရေးသားသူ:
၆ ပွင့်ဆိုင် (Internet)
၆ ပွင့်ဆိုင် (Internet)
ဒီရက်ပိုင်းတွေအတွင်း လွှတ်တော်ကနေ အတည်ပြုခဲ့တဲ့ ခေါင်းဆောင် ၆ ဦးရဲ့ တွေ့ဆုံဆွေးနွေးရေးအကြောင်းကတော့ နိုင်ငံရေးကို စိတ်ပါဝင်စားသူတွေနဲ့ နိုင်ငံရေးအသိုင်းဝိုင်းတွေအကြား တော်တော်လေးကို လှုပ်လှုပ်ရှားရှား ဖြစ်စေတာတွေ့ရပါတယ်။ အဲဒီဆွေးနွေးမှုအဆိုအပေါ် ထောက်ခံကြတာတွေလည်း တွေ့ရသလို အဲဒီ ၆ ဦးရဲ့ ကိုယ်စားပြုမှုအနေထားအပေါ်မှာလည်း မေးခွန်းထုတ်တာတွေရှိနေတာတွေ့ရပါတယ်။

ဒီဆွေးနွေးမှုဆိုတဲ့အကြာင်းရာဖြစ်ပေါ်လာရတာကတော့ သမ္မတ ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ ပြည်တော်စုလွှတ်တော် နာယက သူရဦးရွှေမန်း ၊ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တဦးပါဝင်တဲ့ ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို အမြန်ဆုံးအကောင်ထည်ဖော်ဖို့ ပြည်ထောင်စု လွှတ်တော်မှာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းက အရေးကြီး အဆိုတင်သွင်း ခဲ့ရာကနေ စတင်ခဲ့တယ်လို့ ဆိုရမှာပါ။

လွှတ်တော်ကလည်း အဲဒီအဆိုအပေါ် ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါတယ်။ လေးပွင့်ဆိုင် ဆွေးနွေးရေး တောင်းဆိုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီကိစ္စအပေါ် ထောက်ခံတယ်လို့ ဆိုပါတယ်။အဲဒီနောက်မှာတော့ တိုင်းရင်းသား ကိုယ်စားလှယ်နေရာအတွက် လွှတ်တော်အတွင်းရောက်နေတဲ့ တိုင်းရင်းသားပါတီတွေထဲက တဦးကို ရွေးချယ်ရာမှာ ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က ရွေးချယ်ခံရပါတယ်။ တချိန်တည်းမှာပဲ သမ္မတဘက်က တာဝန်ရှိသူတွေကလည်း ဒီ ၆ ဦးတွေ့ဆုံမှုဟာ ကြောင်းကျိုးဆီလျော်မှုမရှိဘူး လက်တွေ့မကျဘူးလို့ ပြောဆိုသံတွေထွက်လာပါတယ်။

သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က လွတ်လပ်တဲ့ အာရှအသံRFA နဲ့ မေးမြန်းမှုမှာဖြေဆိုခဲ့တာကတော့ လက်ရှိလွှတ်တော်က လုပ်တဲ့ ၆ ပွင့်ဆိုင်က လက်တွေ့မကျတဲ့အကြောင်း၊ သမ္မတဘက်က လုပ်ခဲ့တဲ့ ၁၄ ဦးဆွေးနွေးပွဲမှာဆိုရင် အစုအဖွဲ့ ၅ ခုကို အခြေခံပြီး လုပ်ခဲ့တာဖြစ်တယ်၊ လွှတ်တော်ဆုံးဖြတ်တဲ့ ဆွေးနွေးရေးက လူပုဂ္ဂိုလ်ကို အခြေခံတဲ့အတွက် ဖြစ်နိုင်စရာမရှိသလို တိုင်းရင်းသား ကိုယ်စားပြုမှုနဲ့ ပတ်သက်လို့လည်း လက်တွေ့မကျဘူးလို့ ဆိုပါတယ်။ ဆိုတာကတော့ သမ္မတဘက်က ငြင်းဆန်မယ်ဆိုတဲ့ သဘောဖြစ်ပြီး လောလောဆယ်ဖြစ်နိုင်မှာ မဟုတ်ဘူးလို့ဆိုပါတယ်။ နိုဝင်ဘာလ ၂၉ ရက်နေ့မှာတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဘက်ကလည်း ငြင်းဆန်တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပါတယ်။
သမ္မတဘက်ကလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့က လုပ်ခဲ့တဲ့ အစု (၅) စုပါဝင်တဲ့ ၁၄ ဦးဆွေးနွေးပွဲမျိုးကို ထပ်မံပြုလုပ်ဖို့ ပြင်ဆင်နေချိန်မှာ လွှတ်တော်က ၆ ဦးဆွေးနွေးရေးဆိုတာကို အတည်ပြုပြီး သမ္မတဘက်က ငြင်းဆန်လာတဲ့ အနေထားတွေဖြစ်လာတဲ့အတွက် စဉ်းစားစရာဖြစ်လာတာကတော့ အမှန်ပါပဲ။

၆ ပွင့်ဆိုင်ဆွေးနွေးပွဲဟာ ကြောင်းကျိုးဆီလျော်မှုရှိရဲ့လား

၆ ပွင့်ဆိုင်ဆွေးနွေးပွဲဟာ ကြောင်းကျိုးဆီလျော်မှုရှိရဲ့လားဆိုတာကို သုံးသပ်ကြည့်ပါဦးမယ်။ဘယ်လိုပဲပြောပြော ဖွဲ့စည်းပုံပြင်ဆင်ရေး ရှေ့တိုးမရဖြစ်နေချိန်နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ရှေ့မဆက်နိုင်ဖြစ်နေချိန်မှာ ခုလိုတွေ့ဆုံဆွေးနွေးရေးကို ရှေ့တန်းတင်လာတာကတော့ ကြိုဆိုစရာဖြစ်ပါတယ်။တိုင်းရင်းသား ကိုယ်စားလှယ် ပြသနာ
၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲခေါင်းစဉ်က ခေတ်စနစ်အချိန်ခါနှင့်ကိုက်ညီတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်ပေါက်လာရေးနှင့် မြန်မာနိုင်ငံအနာဂတ်အရေးလို့ ဆိုခဲ့ပါတယ်။ ပါဝင်ကြမယ့် သူတွေကို ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီခေါင်းဆောင်တစ်ဦး ဖြစ်တဲ့အတွက် သင့်တော်တယ်လို့ဆိုရမှာပါ။ ကျန်တဲ့ လွှတ်တော် ဥက္ကဌ နှစ်ဦးကလည်း ဥပဒေပြုရေးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက် ငြင်းဖွယ်မရှိပါဘူး။ ဒါပေမယ့် ပြသနာရှိနိုင်တာက တိုင်းရင်းသား ကိုယ်စားလှယ်ဆိုတဲ့ နေရာမှာပဲဖြစ်ပါတယ်။

လွှတ်တော်အတွင်း ဝင်ရောက်နေတဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေထဲက လွှတ်တော်အမတ်တယောက်ကို အားလုံးကိုယ်စားပြောပေးဖို့ ရွေးချယ်ခဲ့တာမှန်ပေမယ့် လွှတ်တော်အတွင်းက တိုင်းရင်းသား ကိုယ်စားလှယ်တွေက တိုင်းရင်းသားတွေကို တကယ်ကိုယ်စားပြုနိုင်ရဲ့လားဆိုတာဟာ တော်တော်မေးခွန်းထုတ်ရမှာပါ။မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆၀ ကျော်ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်နဲ့ တိုင်းရင်းသားအရေးက တိုက်ရိုက်ဆက်စပ်နေတာမို့လို့ တိုင်းရင်းသား ကိုယ်စားပြုဆိုတာ တော်တော်လေးကို တာသွားလှတဲ့ အနေထားပါ။ တိုင်းရင်းသား အင်အားစုတွေကို ကြည့်ရင် နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေလို့ ယျေဘူယျခွဲလို့ ရနိုင်ပါတယ်။ လွှတ်တော်အတွင်း ဝင်ရောက်နေတဲ့ တိုင်းရင်းသားပါတီတွေရဲ့ ကိုယ်စားပြုမှုအနေထားက အခုလက်ရှိနိုင်ငံရေးအခြေနေအရပြောရင် တိုင်းရင်းသားတွေအားလုံကို ကိုယ်စားပြုနိုင်မလားဆိုရင် မဖြစ်နိုင်သေးဘူးလို့လည်း ဆိုရမှာပါ။

တိုင်းရင်းသားပါတီတွေကိုပဲ ပြန်ကြည့်ရင်တောင် လွှတ်တော်တော်ထဲရှိနေတဲ့ပါတီတော်တော်များများဟာ ၂၀၁၀ ရွေးကောက်ပွဲကာလလောက်ကျမှ ပေါ်ပေါက်လာခဲ့ပါတီတွေပါ။၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ တိုင်းရင်းသားပါတီတော်တော်များများက လွှတ်တော်ထဲမှာ ရှိမနေပါဘူး။ အဲဒီလွှတ်တော်ထဲ ရှိမနေတဲ့အထဲမှာ တိုင်းရင်းသားတွေအပေါ် သြဇာကြီးတဲ့ ဦးခွန်ထွန်းဦးဥက္ကဌ အဖြစ်တာဝန်ယူနေတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်လို ပါတီတွေရှိနေသလို ၊ ဇိုမီးအမျိုးသားများ ကွန်ကရက်ပါတီ ၊ မွန်အမျိုးသားပါတီ(ယခင်မွန်ဒီမိုကရေစီပါတီ MDP-မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF) ၊ ချင်းဒီမိုကရေစီပါတီ စတဲ့ ပါတီတွေကလည်း ခေါင်းဆောင်တွေ အကျဉ်းထောင်က ပြန်လွတ်လာတဲ့ ၂၀၁၂ နောက်ပိုင်းမှ ပြန်လည် မှတ်ပုံတင်နိုင်တဲ့အနေထားမှာရှိနေတဲ့အတွက် ဖြစ်ပါတယ်။

ဆိုလိုတာက ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့တိုင်းရင်းသားကိုယ်စားလှယ်တွေအနေနဲ့ လူထုက ရွေးချယ်ထားတာဖြစ်ပေမယ့် အဲဒီကာလက နိုင်ငံရေးအခြေနေအရသာ ရွေးချယ်မှုဖြစ်ခဲ့တာပါ။ဒီလိုပြောလို့ ခွဲခြားပြီး တဘက်သတ်ပြောသလို ဖြစ်နေပေမယ့် တိုင်းရင်းသား လှုပ်ရှားမှုသမိုင်းကို ကြည့်မယ်ဆိုရင် ဒီလိုပြောတာ မဆန်းဘူးဆိုတာတွေ့နိုင်ပါတယ်။ ကိုယ်စားလှယ်ဒေါက်တာအေးမောင် အနေနဲ့ လွှတ်တော်အတွင်း တိုင်းရင်းသားပါတီတွေကို ကိ်ုယ်စားပြုပြီးပြောနိုင်ပေမယ့် လွှတ်တော်ပြင်ပက တိုင်းရင်းသား လက်နက်ကိုင်တွေကို လွှမ်းခြုံပါ့မလားဆိုတာကလည်း အများကြီးမေးခွန်းထုတ်စရာရှိပါတယ်။ နောက်တချက်ကတော့ ပြည်တွင်းငြိမ်းချမ်းရေးလိုကိစ္စတွေမှာ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ UPWC မှာ ပါဝင်နေသူ လွှတ်တော်ကိုယ်စားလှယ်တွေကလွဲလို့ ကျန်တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ဝင်ရောက်ဆောင်ရွက်မှု အားနည်းလွန်းတာကလည်း ထောက်ပြစရာ ဖြစ်နေပါတယ်။

တိုင်းရင်းသားနိုင်ငံရေးကို ကြည့်မယ်ဆိုရင် ကချင်ပြည်နယ်မှာဆိုရင် ပါတီတွေအားမကောင်းပဲ ကေအိုင်အိုရဲ့ သြဇာက ကြီးမားလွန်းလှသလို ကရင်ပြည်နယ်နဲ့ ကရင်တိုင်းရင်းသားတွေ နေထိုင်တဲ့ ကျန်တိုင်းဒေသကြီးတွေမှာဆိုရင်လည်း ကေအန်ယူရဲ့ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍက ကြီးလွန်းလှတာတွေ့ရပါတယ်။ အဲဒီလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ခုလို တိုင်းရင်းသား ကိုယ်စားလှယ်ကိစ္စကို သဘောတူမှာမဟုတ်သလို တိုင်းရင်းသားတပ်ပေါင်းစုဖြစ်တဲ့ UNFC က ဒုတိယ ဥက္ကဌ နိုင်ဟံသာ ဆိုရင် တိုင်းရင်းသား ကိုယ်စားလှယ်တယောက်က တိုင်းရင်းသားတွေကို ကိုယ်စားပြုမပြုဆိုတာတော်တော်လေးနက်တဲ့ ကိစ္စဖြစ်ပြီး ပေါ့ပေါ့တန်တန်လုပ်ဖို့ မသင့်ဘူး မှတ်ချက်ပြုတာတွေ့ရပါတယ်။

ဗမာ ၅ ကျပ် တိုင်းရင်းသား ၁ ကျပ်လား

နောက်တချက်က အရေတွက်အားဖြင့်လည်း တိုင်းရင်းသားတယောက်ဆိုတာတော်တော်ကို နည်းလှပါတယ်။ ပါသင့်တဲ့ ဒီမိုကရေစီခေါင်းဆောင်တွေ စစ်ဘက်အရပ်ဘက် ခေါင်းဆောင်တွေပါတယ်အတွက် မဆိုးလှပေမယ့်
တိုင်းရင်းသားက တစ်ဦးတစ်ယောက်တည်းဖြစ်နေပြီး ဖက်ဒရယ်အရ တန်းတူရေးအရ တွက်မယ်ဆိုရင် ဗမာ ၅ ကျပ် တိုင်းရင်းသား ၁ ကျပ်လိုဖြစ်နေတဲ့အတွက် တော်တော်မလျော်ကန်တဲ့ ကိစ္စပါ။ လွှတ်တော် ပြင်ပရောက် တိုင်းရင်းသားခေါင်းဆောင်ဖြစ်တဲ့ ဦးခွန်ထွန်းဦးဆိုရင်လည်း တွေ့ဆုံဆွေးနွေးမှုတွေက နိုင်ငံရေးပြဿနာ အဖြေရှာဖို့အတွက် ပွင့်ပွင့်လင်းလင်းဖြစ်ဖို့လိုသလို တန်းတူရည်တူဖြစ်ဖို့လိုတယ်လို့လည်း ထောက်ပြထားတာတွေ့ရပါတယ်။

ဒေါက်တာအေးမောင်အနေနဲ့ ရခိုင်တိုင်းရင်းသားတွေကို ကိုယ်စားပြုတာဖြစ်နိုင်ပေမယ့် တခြားလူဦးရေများတဲ့ကရင် ၊ ရှမ်းစတဲ့ လူမျိုးတွေရဲ့ ကိုယ်စားလှယ်အဖြစ် ဆွေးနွေးဖို့ဆိုတာကတော့ သူ့အတွက် ဖိအားတွေများလွန်းလှတဲ့ ကိစ္စလို့သာ ဆိုရမှာပါ။နောက်တချက်စဉ်းစားစရာက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နေတာတောင် တိုင်းရင်းသားကိစ္စအတွက် ဘာကြောင့် တိုင်းရင်းသားခေါင်းဆောင်တွေက သံသယဝင်နေကြသလဲ ဆိုတာပါပဲ၊ အဲဒီအချက်ကလည်း ဒေါ်အောင်ဆန်းစုကြည်အတွက် သတိထားစရာ ကိစ္စရပ်ဖြစ်ပြီး တိုင်းရင်းသားတွေအပေါ် သူမရဲ့ သြဇာ တြိက္ကမလျော့လာနေတယ်ဆိုတာ ပြသရာရောက်နေပါတယ်။

ဒီ ၆ ဦး ကိစ္စသာတကယ်ဖြစ်လာခဲ့ရင်လည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုင်းရင်းသားကိစ္စကို ထိထိရောက်ရောက် မဆွေးနွေးနိုင်ခဲ့ရင် (သို့မဟုတ်) လွှတ်တော်က တိုင်းရင်းသား ကိုယ်စားလှယ်အနေနဲ့ အားလုံးကို ခြုံငုံတဲ့ သဘောထားမျိုး မတင်ပြနိုင်ခဲ့ရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံရေးအရပါ ကျဆင်းလာမယ့်သဘောရှိနေတာလည်း သုံးသပ်မိပါတယ်၊ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ထောက်ခံထားတဲ့ ၆ ဦးကိစ္စမှာ တိုင်းရင်းသား တစ်ဦးသာပါနေတာ ၊ ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားတဲ့ ၄ ပွင့်ဆိုင်ကိစ္စမှာဆိုရင်လည်း တိုင်းရင်းသားတစ်ဦးတစ်ယောက်မှ မပါတာတွေကလည်း တိုင်းရင်းသားတွေနဲ့ သူမအကြားမှာ အက်ကြောင်းဖြစ်လာနိုင်တဲ့ ကိစ္စတွေပါပဲ။ အခု ၆ ပွင့်ဆိုင်မှာ သူမရဲ့ တိုင်းရင်းသားမဟာမိတ်ဖြစ်ခဲ့တဲ့ ဦးခွန်ထွန်းဦးတို့လို ပုဂ္ဂိုလ်တွေက ထောက်ပြနေတာဟာ စဉ်းစားစရာကိစ္စပဲ ဖြစ်ပါတယ်။

၂၁ ရာစု ပင်လုံညီလာခံကို သူမအနေနဲ့ ဦးဆောင်မယ်လို့ ကတိပေးထားခဲ့ပြီး လွှတ်တော်အတွင်း ဝင်ရောက်ပြီးခဲ့ချိန်မှစလို့ ကချင်အရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စရပ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပါဝင်ပြောဆိုမှုအားနည်းခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အနေထားကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အရင်က လူထုခေါင်းဆောင်ဆိုတဲ့ အခြေနေမှာရှိခဲ့ပေမယ့် တိုင်းရင်းသားတွေအဖို့ကတော့ ဒီမိုကရေစီခေါင်းဆောင်တစ်ဦးလောက်အနေထားသာ မြင်လာတဲ့ အခြေနေရောက်ရှိ နေတယ်လို့ ဆိုရမှာပါ။

စုဖွဲ့မှုပုံစံ

စုဖွဲ့မှုပုံစံအရလည်း လက်ရှိ ၆ ဦးဆွေးနွေးပွဲက တဦးချင်းကိုယ်စားပြုသူတွေဟာ အစိုးရ တပ်မတော်၊ လွှတ်တော်၊ ဒီမိုကရေစီ အင်အားစု ၊ တိုင်းရင်းသားဆိုပြီးတွက်လိုက်ရင်တော့ အစိုးရက ပြီးခဲ့တဲ့အောက်တိုဘာလကလုပ်ခဲ့တဲ့ အစိုးရ ၊ လွှတ်တော် ၊ တပ်မတော် ၊ နိုင်ငံရေးပါတီ ၊ တိုင်းရင်းသားဆိုတဲ့ ၁၄ ဦးပါ ဆွေးနွေးမှုနဲ့ စုဖွဲ့မှု မကွာတာ တွေ့ရပါတယ်။ ပြဿနာက အစိုးရရဲ့ ၁၄ ဦးဆွေးနွေးပွဲတုန်းက လူပုဂ္ဂိုလ်တဦးချင်းစီနဲ့ မဟုတ်ဘဲ အစုအဖွဲ့လိုက် အခြေခံပြီး လုပ်ခဲ့တာဖြစ်ပါတယ်။ တိုင်းရင်းသားဘက်က ၉၀ ရွေးကောက်ပွဲအနိုင်ရပါတီတွေနဲ့စုဖွဲ့ထားတဲ့ UNA အဖွဲ့ကိုယ်စား ဦးခွန်ထွန်းဦး တက်ရောက်ခဲ့တာတွေ့ရှိရသလို ၂၀၁၀ ရွေးကောက်ပွဲကာလတွေမှာဖွဲ့ခဲ့တဲ့ပါတီတွေကိုယ်စား ဦးစိုင်းအိုက်ပေါင်း တက်ရောက်ခဲ့ပါတယ်။

အဲဒီမှာ ဦးခွန်ထွန်းဦးတို့လို ဖက်ဒရယ်မူကို ခိုင်ခိုင်မာမာဆုပ်ကိုင်ထားတဲ့သူတွေ ပါဝင်နေတာကြောင့်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေအနေနဲ့ ဝေဖန်ပြောဆိုမှုတွေ မရှိခဲ့ပါဘူး။ ဒါကတော့ လက်ရှိ ၆ ပွင့်ဆိုင်ဆွေးနွေးမှုနဲ့ ကွာဟချက်ဖြစ်ပါတယ်။အစိုးရဆွေးနွေးပွဲတုန်းက ဆွေးနွေးချိန်သိပ်မရတဲ့အတွက် ဝေဖန်စရာတော့ ဖြစ်ခဲ့ပီး အဲဒီစုဖွဲ့မှုအတိုင်း အချို့မပါထိုက်သူတွေကို ဖြုတ်မယ် ပါသင့်ပါထိုက်သူတွေကိုထပ်ဖြည့်မယ်ဆိုရင်- မပါခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်ကိုယ်စားလှယ်တွေ ထပ်ဖြည့်တာ “ဥပမာ – UNFC တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစု (သို့မဟုတ်) NCCT က ကိုယ်စားလှယ်တွေကို တိုင်းရင်းသားအစုထဲမှာထည့်ခြင်း၊ UNFC နဲ့ NCCT ကိုယ်စားလှယ် မဟုတ်သူတွေကို ထပ်ထည့်ခြင်း” ကိုလုပ်ပြီး ဆွေးနွေးပွဲ ပုံစံတွေကို ပြောင်းလဲတာ ဒါမှမဟုတ် စုဖွဲ့မှုကို တစ်ဖွဲ့လျော့တာ (အစိုးရနဲ့ တပ်မတော်ပေါင်းပြီး အစိုးရအောက်မှာထား ) အစိုးရ ၊ လွှတ်တော် ၊ နိုင်ငံရေးပါတီ ၊ တိုင်းရင်းသားဆိုတဲ့ အနေထားမျိုးဖြစ်လာခဲ့ရင် လက်ရှိ ၆ ဦး ဆိုတဲ့ အနေထားထက်တောင် ပိုမိုထိရောက်ပြီး အလုပ်ဖြစ်နိုင်မယ့်ကိန်းပါ၊ ဆွေးနွေးချိန်ပိုပေးမယ်၊ အကြိုဆွေးနွေးမှုတွေလုပ်ပြီး ဆွေးနွေးပွဲအချိန်ပိုပေးတာမျိုး လုပ်ခဲ့တယ်ဆိုရင်ပေါ့၊
တွေ့ဆုံဆွေးနွေးရေးတောင်းဆိုမှုတွေကို ကြည့်ရင့်တော့ အရင်စစ်အစိုးရလက်ထက်တည်းက တိုင်းရင်းသား လက်နက်ကိုင်တောင်းဆိုမှုတွေကတော့ အမျှတဆုံးလို့ ဆိုရမှာပါ။ အုပ်စု ၃ စုပဲပါပါတယ်။ အစိုးရ ၊ ဒီမိုကရေစီအင်အားစု ၊ တိုင်းရင်းသား ဆိုတာပါ။

ခရက်ဒစ်လုတာလား

သမ္မတဘက်ကလည်း ပထမအကြိမ်ခေါင်းဆောင် ၁၄ ဦးတွေ့ဆုံပြီးကတည်းက အဲဒီလိုဆွေးနွေးပွဲတွေ မကြာမကြာလုပ်မယ်လို့ ကတိပြုထားခဲ့ပါတယ်။ အဲဒီအတွက်လည်း ပြင်ဆင်မှုတွေ လုပ်နေတာရှိနေချိန်မှာ တစ်ဘက်လွှတ်တော်ကနေ ခုလို အရေးကြီးအဆိုတင်တာဟာ သူဦးဆောင်လုပ်လို့ ဖြစ်တာ ငါဦးဆောင်လုပ်လို့ဖြစ်တာဆိုတဲ့ ခရက်ဒစ်ကို လုနေတာလားလို့ စဉ်းစားစရာ ဖြစ်လာပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲနီးလာတာကလည်း အချက်တချက်ပါပဲ။ နောက်တချက်က ဒီလိုကိစ္စတွေက အပစ်ခတ်ရပ်စဲမှုဆွေးနွေးတဲ့နေရာမှာလည်းရှိနေပြီး တိုင်းရင်းသားတွေနဲ့ ဆွေးနွေးပြီး သဘောတူညီချက်တွေကို လွှတ်တော်မှာ ပြန်တင်ဆွေးနွေးသင့်တယ်ဆိုတဲ့ အနေထားမျိုးကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီမှာ ဒုတိယ ဥက္ကဌ အဖြစ်တာဝန်ယူနေတဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်က ပြောဖူးတာကြောင့်ဖြစ်ပါတယ်။

ဆွေးနွေးမှုလိုအပ်ပေမယ့် ၆ ဦးနဲ့ဆီလျော်မှုမရှိပါ

အချုပ်အားဖြင့်ဆိုရင်တော့ မြန်မာ့နိုင်ငံရေးအခြေနေအရ ဖွဲ့စည်းပုံပြင်ဆင်ရေးတို့ ၊ ပြည်တွင်းငြိမ်းချမ်းရေးတို့လိုကိစ္စရပ်တွေ သောင်တင်ရေမကျဖြစ်လာချိန်မှာ တဘက်နဲ့ တဘက်ကစားယုံသက်သက်နဲ့ မြင်ကောင်းရုံသက်သက်မဟုတ်ဘဲ အမှန်တကယ် ဆွေးနွေးမယ့် ဆွေးနွေးပွဲတွေပေါ်ပေါက်လာဖို့လိုနေပါတယ်။ တချို့က တစ်ဦးတစ်ယောက်ချင်းတွေ့ဆုံမှုကနေ စရမယ်၊ အရေအတွက်နည်းလေပိုကောင်းလေဆိုပေမယ့် ကိုယ်စားပြုနိုင်သူအနေထားနဲ့ ၂၀၁၅ ဆိုတဲ့ အချိန်ကာလကလည်း ကပ်နေပြီမို့ အဲလိုကိစ္စရပ်တွေဟာ အခုမှစရင် မလွယ်တော့တာ အမှန်ပါပဲ။ ဒိုင်ယာလောခ့် သဘောတရားအရ တရားဝင်ဆန်လွန်း နေတာကလည်း ပြဿနာ တရပ်ပါပဲ။

စစ်မှန်တဲ့ ဆွေးနွေးပွဲတွေဖြစ်လာဖို့အတွက် ကိုယ်စားပြုသူတွေဟာ အမှန်တကယ်ကိုယ်စားပြုနိုင်သူတွေ ဖြစ်ရပါမယ်၊ ဒါမှသာ တိုင်းရင်းသား တန်းတူအရေးအတွက်ပါ အဖြေရလာမှာ ဖြစ်ပါတယ်။ လက်ရှိလွှတ်တော်က စီစဉ်နေတဲ့ ၆ ပွင့်ဆိုင် ဆွေးနွေးမှုကတော့ ခေါင်းစဉ်ကိုက ခေတ်စနစ်အချိန်ခါနှင့်ကိုက်ညီတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်ပေါက်လာရေးနှင့် မြန်မာနိုင်ငံအနာဂတ်အရေးလို့ ဆိုထားတာကြောင့် မြန်မာ့နိုင်ငံရေးမှာ ပြည်တွင်းငြိမ်းချမ်းရေး ၊ တိုင်းရင်းသားအရေး တို့ကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာရှိနေတဲ့အတွက် တိုင်းရင်းသားကဏ္ဍနည်းနေတဲ့ အဲဒီတွေ့ဆုံမှုတွေ ဖြစ်ပေါ်ခဲ့ရင်လည်း သိပ်တော့ ပြည့်စုံမှုမရှိဘူးလို့ ဆိုရမှာပါ။

About မွန်သတင်းအေဂျင်စီ

Check Also

စိတ်အခံပြောင်းနိုင်မှ အရိပ်သဏ္ဍာန်ကောင်း ရမည်

“မောင်ခိုင်မွန်” ရေးသော “၂၀၁၇” ကဗျာမှ အောက်ပါစာသားပါဒများကို ကြိုက်နှစ်သက်သည်။ “၂- ဖက်တီးမှ မြည်မယ်ဆိုယင်လည်း ဒီနေ့ပဲ တီးစေချင်ကြ အစာတောင်း ငှက်ကလေးတွေလို လက်ခုပ်သံကို ဆာလောင်” …

Leave a Reply

%d bloggers like this: