မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ဆောင်းပါး / သုဝဏ္ဏဘူမိ ဂဝံကျောက်ယဉ်ကျေးမှု

သုဝဏ္ဏဘူမိ ဂဝံကျောက်ယဉ်ကျေးမှု

ရေးသားသူ:
ဂဝံကျောက်ယဉ်ကျေးမှု(Facebook)
ဂဝံကျောက်ယဉ်ကျေးမှု(Facebook)

ဂဝံကျောက်ကို စေတီဘုရားနှင့်ဘာသာရေးအဆောက်အအုံများတွင် များစွာအသုံးပြုခဲ့ကြသည်ကို ဇုက်သုတ်နှင့် မြန်မာနိုင်ငံအောက်ပိုင်းတွင် အများအပြားတွေ့ရသကဲ့သို့ ထိုင်းနိုင်ငံရှိ ပွန်တက်၊ ဖရပထုံ၊ ရတ်ချ်ပူရီ၊ ပရချန်ပူရီနှင့် လော့ဗ်ပူရီစသည့်နေရာများတွင် အများအားဖြင့် တွေ့ရသည်။ ပွန်တက်တွင် ယိုးဒယားရှိရှေးအကျဆုံးကျောက်တိုင်ကြီးများ၊ ရုပ်ထုများ၏ခါးနေရာကို ကောက်ကြောင်း ဖော်ထားသည့် ဂဝံကျောက်တုံးများ၊ အဆောက်အအုံအုတ်မြစ်မှ အဝိုင်းပုံနှင့်စတုရန်းပုံ ဂဝံကျောက်တုံးများနှင့် အောက်ခြေစင်္ကြံမြင့်များ၏ မျက်နှာပြင်တွင် ဂဝံကျောက်များဖြင့် သေသပ်လှပသောပန်းတည်ခုံများကို တွေ့ရသည်။

ဂဝံကျောက်ဖြင့်ပြုလုပ်ထားသော ဓမ္မလှည်းဘီးကြီး၊ စေတီငယ်သုံးဆူ၊ ပလ္လင်နှင့်ပန်းအိုးများကို ဖရပထုံတွင် တွေ့ရသည်။ ရတ်ချ်ပူရီအနီးရှိ ၀တ်မဟာတတ်ဘုရားကျောင်းနှင့် ကျောင်းတံတိုင်းနရံများ၊ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို ဂဝံကျောက်ဖြင့်ထုဆစ်ထားသည်ကိုတွေ့ရသည်။ လော့ပူရီရှိ ဖရပရန်ဆန်ယွတ်တွင် မြင့်မိုရ်ပိတ်နှင့် အထွတ်ပြသာဒ်များကို ဂဝံကျောက်သားများဖြင့် လှပစွာပုံဖော်ထားပြီး အနီးတဝိုက်ရှိ ရထားလမ်းကြောနေရာများတွင်လည်း ဗိဿနိုးနတ်ရုပ်ထုဟု ထင်ရသည့် ပျက်စီးနေသောဂဝံကျောက်တုံးအချို့ကိုတွေ့ခဲ့ရသည်။ ပရချန်ပူရီအနီးနှင့် ၎င်းအရှေ့ဘက်နေရာအချို့တွင်လည်းတွေ့ရသည်။

ဗုဒ္ဓခေတ်နှင့် ဗုဒ္ဓမတိုင်မီအနုပညာလက်ရာများအတွက် မြန်မာနိုင်ငံနှင့် ယိုးဒယားရှိမွန်လူမျိုးများသည် အိန္ဒိယမှ အုတ်ဖုတ်သည့်အတတ်ပညာ မရရှိမီအချိန်တွင် ဂဝံကျောက်ကို မူလလက်ဦးအသုံးပြုခဲ့ကြပြီး ရာမညဒေသတွင် ဂဝံကျောက်ကို ရေမြောင်း၊ ရေတွင်း၊ ဆင်ခြေလျော၊ တလား၊ ပလ္လင်၊ ကျောက်ဆစ်လက်ရာများ၊ စင်္ကြံများ၊ မြို့ရိုးနှင့် စေတီပုထိုးတည်ရာတွင် အများဆုံးအသုံးပြုခဲ့ကြသည်။

ရန်ကုန်အနီးသံလျင်မှ ဂဝံကျောက်ဖြင့် ထုဆစ်ပူဇော်ထားသည့် ၁၇ပေ ၉လက်မအမြင့်ရှိ ထမလွန်ဗုဒ္ဓရုပ်ပွားတော်သည် အကြီးဆုံးဖြစ်သည်။ သို့သော် ထိုဘုရားရုပ်ထုကို ပလာစတာအချောကိုင်ပြီး ဆေးရောင်သုတ်လိုက်သည်မှာကြာပြီဖြစ်၏။ ထို့ကြောင့် ထိုဘုရား၏ ဂဝံကျောက်ဆစ်အနုပညာလက္ခဏာများ ပျောက်ဆုံးခဲ့ရသည်။ သုဝဏ္ဏဘူမိအရပ်ဟုသိကြသည့် ကေလာသတောင်ခြေတဝိုက်တွင် ဂဝံကျောက်စေတီနှင့် ဘုရားအများအပြား ဖူးတွေ့၍ရပါသေးသည်။

နီဂရီတိုများ ဗုဒ္ဓဘာသာပြောင်းပြီးနောက် တည်ထားသည်ဟုပြောကြသော ဇုက်သုတ်စေတီသည်အကြီးဆုံးဖြစ်ပြီး မွန်တို့က ထိုသူတို့ဆံပင်ဖြတ်လှူ ခဲ့ကြသည်ကို အစွဲပြ၍ မွန်တို့ကဇုက်သုတ်ကို ဇုက်သော်(ဂျိတ်စွတ်)ဟု ခေါ်သည်။ ဘုရားကို မွန်လူမျိုးများက ကျာ်ကလော်ဒက်(ကျိုက်ကလွတ်ဒတ်)ဟုခေါ်ပြီး သရဲများတည်ထားသောစေတီဟု အဓိပ္ပါယ်ရသည်။ ထိုအချိန်တွင် နီဂရီတိုများကို သရဲ/ရေသရဲ/လူသားစားသူများဟု သတ်မှတ်ထားကြသည်။ 26-2

ကမ္ဘောဒီယားတွင် ခမာလူမျိုးများ အန်ကောဝတ်ဘုရားကျောင်းတော်ကြီးကို အင်္ဂတေမပါဘဲ ကျောက်တုံးသက်သက်ဖြင့် တည်ဆောက်ထားသကဲ့သို့ ဇုက်သုတ်တွင် လေးပေပတ်လည်ရှိသော ဂဝံကျောက်တုံများဖြင့် အဆောက်အအုံဘောင်များ၊ အောက်ခံတိုင်များကို အင်္ဂတေမသုံးပဲ အနုပညာလက်ရာမြောက်စွာ တည်ဆောက်ထားသည်ကို တွေ့ရသည်။ နောက်ထပ်တွေ့ရသော ဂဝံကျောက်ဖြင့်တည်ထားသည့် ကြည်ညိုဖွယ်ရာရှေးဟောင်းစေတီတစ်ဆူမှာ ပင်လယ်ကမ်းစပ်တွင်ရှိသော ‘ဇုက္ကလိစေတီ’ဖြစ်ပြီး၊ ‘ဇုက္ကလိ’မှာမွန်ဘာသာအရ ‘ကြခတ်ဝါးကြိုး’ အဓိပ္ပာယ်ရသည်။

ထိုနေရာသည် သထုံပြည့်ရှင်နှင့်နဂါးမယ်တို့၏သားတော်များဖြစ်ကြသော သမလ၊ ဝိမလတို့ ဟံသာဝတီကိုရှာဖွေသောအသွားလမ်းခရီးတွင် တထောက်ခိုနားဖူကြောင်း၊ ဝါးဖောင်များဖွဲ့ပြီး ထိုနေရာ၌ကြခတ်ဝါးနဲ့ ကြိုးများကျစ်ခဲ့ကြောင်း အစဉ်အလာအရပြောကြ၏။ ဇုက္ကလိစေတီကို တည်ရာတွင် ဗုဒ္ဓဘုရား၏ဆံတော်၊ စွယ်တော်များ ဌာပနာခဲ့သည်ဟု ယုံကြည်ရသည်။ ရန်ကုန်မှရောက်ရှိလာသော ထူးဆန်းသောဇနီးမောင်နှံနှစ်ဦး ဦးဆောင်လာသောဘုရားအဖွဲ့သည် ‘ဇုက္ကလိစေတီ’ကို ဖူးတွေ့ပြီးနောက် စေတီကိုပြန်လည်မွမ်းမံရန် သဒ္ဓါတရားထက်သန်လွန်းပြီး၊ ရန်ကုန်သို့ပြန်၍ တန်းဖိုးကြီးစိန်ဖူးတော်နှင့်ထီးတော်ကို သွန်းလုပ်ပူဇော်ပြီး ၂၅/၃/၈၆ နေ့ရက်တွင်် ထီးတော်အသစ်တင်လှူပူဇော်ခဲ့သည်။

ကေလာသတောင်၏ အနောက်တောင်ဘက်စောင်းတွင်ရှိသောဝင်းကရွာတွင် အလွန်လက်ရာမြောက်လှသော ကုမာရစေတီဟုအမည်ရသည့် ဂဝံကျောက်စေတီ တစ်ဆူတည်ရှိသည်။ သထုံမြို့၌ ဂဝံကျောက်ဖြင့်တည်ထားသော သိကြားဘုရား၏အလယ်စင်္ကြံတွင်ဇာတ်တော်ကြီးဆယ်ဖွဲ့ပုံကို ဂဝံကျောက်များဖြင့်ထုဆစ်ထားကိုတွေ့ရသည်။ ထိုဘုရားအရှေ့ဘက်လမ်းတွင် ကလျာနီသိမ်နယ်နမိတ်ဂဝံကျောက်တိုင်များကိုအလျားလိုက်တွေ့ရပြီး ထိုဂဝံကျောက်တိုင်များကို ဇာတကဇာတ်နိပါတ်တော်များ ပုံဖော်ထားသည်ကိုတွေ့ရသည်။ ယင်းဂဝံကျောက်တိုင်များမှ ရုပ်ပုံများသည် ယိုးဒယားနိုင်ငံအရှေ့မြောက်ပိုင်းရှိရှေးဟောင်းမြို့ဖြစ်သော မောင်မှားဒွတ်မြို့ရှိသိမ်၏ နယ်နမိတ်ကျောက်တိုင်ရှိ ဂဝံကျောက်များဖြင့် ထုဆစ်ထားသောနိပါဒဇာတ်တော်ပုံများနှင့် လက်ရာချင်းဆင်တူနေသည်ကို အံ့သြစွာတွေ့ရသည်။

ယိုးဒယားအရှေ့မြောက်ပိုင်းရှိ မွန်တို့အခြေချခဲ့သော ‘ကနွတ်နခွန်း’အရပ်သည် အနုပညာတိုးတက်ထွန်းကားရာ နေရာဖြစ်ပြီး ထိုနေရာတွင် ဒွါရာဝတီခေတ်နှင့်ဆက်စပ်သော ရှေးဟောင်းမြို့တော်များရှိသည်။ ဒွါရဝတီခေတ်မှ ဗုဒ္ဓဆိုင်ရာရှေးဟောင်းမွန်လက်ရာအများစုကို ဥထုံ၊ ဖရပထုံ၊ နခွန်ချယာရီ၊ ကျောက်ဖုရားမြစ်၏မြစ်လက်တက်တစ်ခုဖြစ်သော လော့ဗ်ပူရီမြစ်ကမ်းရှိ လော့ဗ်ပူရီ၊ မဲကလောင်မြစ်ဝှမ်းရှိ ကုဗ္ဗအရပ်ဒေသ၊ ပန်သွန်းမြစ်ဝှမ်းလွင်ပြင်ရှိ ပရချင်ပူရီမှ ဆရိမဟိုစွတ်နှင့် နက်ခွန်စဝမ်၊ နခွန်နယွတ်၊ စရပူရီ စသည့် မြို့ငယ်များတွင်တွေ့ရသည်။

ယိုးဒယားမြောက်ပိုင်းသည် တောင်ပိုင်း၊အလယ်ပိုင်းတို့နှင့် ပထဝီဝင်မြေမျက်နှာသွင်ပြင် မတူညီသောကြောင့် မြောက်ပိုင်းမြို့များသည် တောင်ပိုင်း၊အလယ်ပိုင်းမြို့များနှင့် ပုံသသဏ္ဌာန်ချင်း ခြားနားနေသည်။ မြို့အရွယ်အစားသေးပြီး အများစုမှာ ဟရိဘုံချိုင်းခေတ်မှ ဖြစ်ကြ၏။

ဟရိဘုံချိုင်းမွန်နိုင်ငံတော်သည် အေဒီ ၁၂၉၂ တွင် ယိုးယားဘုရင်လက်အောက်သို့ကျရောက်ပြီး အေဒီ ၁၂၉၆ တွင် ချင်မိုင်းသည် ယိုးဒယား၏ ရာဇာဌာနီဖြစ်လာဖြစ်လာသည်။ သို့သော် ဟရိဘုံချိုင်းသည် နောက်ထပ် ရ၅ နှစ်တိုင်အောင် ဗုဒ္ဓယဉ်ကျေးမှုများစုဝေးရာနေရာအဖြစ် ကျန်ရှိနေသေးသည်။ ဟရိဘုံချိုင်းရှိ လန်ဖုန်းအရပ်တွင် မွန်ကျောက်စာ ဒါဇင်ဝက်ကျော်တွေ့ရှိခဲ့သည်။

(အင်္ဂလိပ်ဘာသာဖြင့် ဆရာကြီးဒေါက်တာနိုင်ပန်းလှရေးသည့် “Laterite culture in Suvannabhumi” မှ ဘာသာပြန်ထားပါသည်။- cane-bamboo အဓိပ္ပာယ်ရှင်းပြပေးသော ဆရာ Banyar Aung(Independent Mon News Agency)နှင့် အငြိမ်းစားပါမောက္ခဆရာမကြီးဒေါ်ခင်ဝင်းမြင့်(ရုက္ခဗေဒ) အားကျေးဇူးတင်လျှက်)

About မွန်သတင်းအေဂျင်စီ

Check Also

အခင်းအကျင်းအသစ်အတွက် အစပျိုးမှုတည့်မှန်ရေး

မွန်ပါတီများပေါင်းစည်းရေး ကြိုးပမ်းမှုဖြစ်မလာတော့တဲ့ အနေအထားမှာ နှစ်ပါတီပေါင်းစည်းရေး ကိုလိုလားတဲ့ နှစ်ဘက်ပါတီက နှုတ်ထွက်တဲ့ ပါတီဝင်အချို့တွေ၊ အမျိုးသားရေး စိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်တချို့တွေ၊ ကနဦး ဦးဆောင်ပြီးတော့ “ရာမညအင်အားစု” ဆိုတဲ့ …

Leave a Reply

%d bloggers like this: