spot_img
Friday, April 19, 2024
More
    spot_img
    Homeသတင်းမွန်အမျိုးသားခေါင်းဆောင် နိုင်ထွန်းသိန်း အသက် ၉၈ တွင်ကွယ်လွန်

    မွန်အမျိုးသားခေါင်းဆောင် နိုင်ထွန်းသိန်း အသက် ၉၈ တွင်ကွယ်လွန်

    -

    မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF, မွန်ဒီမိုကရေစီပါတီ MDP ၏ ဥက္ကဌနှင့် မွန်အမျိုးသားပါတီ MNP ၏ ဂုဏ်ထူးဆောင်နာယက မွန်အမျိုးသားခေါင်းဆောင် နိုင်ထွန်းသိန်း အသက် ၉၈ နှစ်သည် ရန်ကုန်တိုင်း ဒေသကြီး၊ သုဝဏ္ဏမြို့နယ်၊ ဘော်စင်လမ်းသွယ် ၁၊ တိုက် ၁၆၊ အခန်း ၆ နေအိမ်၌ နိုဝင်ဘာလ ၇ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင်လူကြီးရောဂါဖြင့် ကွယ်လွန်ကြောင်း ကျန်ရစ်သူမိသားစုများထံမှ သိရသည်။

    နိုင်ထွန်းသိန်း၏ ကြွင်းကျန်ရုပ်ကလာပ်အား နိုဝင်ဘာလ ၉ ရက်(တနင်္ဂနွေ)နေ့ ညနေ ၅ နာရီ မိနစ် ၃၀ တွင် ရေဝေးအအေးတိုက်မှ ရေဝေးသုဿာန်သို့ ပို့ဆောင်မီးသဂြိုလ်မည်ဖြစ်ကြောင်း ကျန်ရစ်သူမိသားစု၏ ဖိတ်ကြားလွှာတွင် အသိပေးဖေါ်ပြထားသည်။

    မွန်အမျိုးသားပါတီ တွဲဖက်အတွင်းရေးမှူး(၁) ဒေါက်တာမင်းကြည်ဝင်းက “ဆရာကြီးနိုင်ထွန်းသိန်းကတော့ အိပ်ယာပေါ်မှာလဲနေတဲ့အထိ အမျိုးသားရေးအတွက်တာဝန်ကျေပွန်တဲ့ပုဂ္ဂိုလ်တစ်ပါးဖြစ်ပါတယ်၊ လူငယ်ဘဝကနေ အသက်ထွက်တဲ့အထိ သူ့ဘဝတစ်သက်တာမှာ နိုင်ငံရေးနဲ့ မွန်အမျိုးသားရေးလောကမှာပဲ ရိုးသားစွာနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ခေါင်းဆောင်တစ်ဦးပါ” ဟု ပြောသည်။

    ထို့အပြင် ဆရာကြီးနိုင်ထွန်းသိန်းသည် မွန်သမိုင်းနှင့်ပတ်သက်၍ မွန်၊ မြန်မာ ၂ ဘာသာဖြင့် စာတမ်းပြုစုခြင်း၊ ဆောင်းပါးများ ရေးသားထုတ်ဝေခဲ့သည့် သမိုင်း၊ စာပေပညာရှင်တစ်ဦးလည်းဖြစ်သည်ဟု ဆိုသည်။

    “ဆရာရဲ့ နိုင်ငံရေးလှုပ်ရှားတဲ့အပိုင်းမှာ ကျနော်နဲ့ဆက်စပ်မှုတော့မရှိခဲ့ပါ၊ ဒါပေမယ့် သမိုင်းနဲ့ပတ်သက်တဲ့နေရာမှာ ကျနော်အလုပ်နဲ့ ဆက်စပ်မှုရှိပါတယ်၊ သူဟာမွန်သမိုင်းစာပေတွေကို ပြုစုရေးသားခဲ့တဲ့အပြင် ရန်ကုန်မွန်ဓမ္မာရုံမှာဆိုရင်လည်း မွန်ကျောက်စာသင်တန်း တွေကို နှစ်အတန်ကြာပို့ချပေးခဲ့တယ်” ဟု မွန်သမိုင်းသုတေသနအဖွဲ့ ဥက္ကဌ နိုင်မောင်တိုးက ပြောသည်။

    နိုင်ထွန်းသိန်းသည် မွန်-မြန်မာအဘိဓါန်သဒ္ဒါနှိုင်းယှဉ်ချက်၊ မွန်အကြောင်းသိကောင်းစရာ (မြန်မာဘာသာ)၊ ဟံသာဝတီသမိုင်း(မွန်)၊ မွန်စကားပြေ(မွန်)နှင့် မဂ္ဂဇင်းများတွင် မွန်၊ မြန်မာဆောင်းပါးများစွာ ရေးသားပြုစုသူတစ်ဦးဖြစ်သည်။

                              <strong> နိုင်ထွန်းသိန်း၏ ကိုယ်ရေးအကျဉ်း</strong>
    

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ကတိုးကျေးရွာနေ နိုင်အောင်ဒွန်း၊ မိရွှေနှစ် တို့က ကောဇာသက္ကရာဇ် ၁၂၇၉ခုနှစ် နတ်တော်လဆုပ် ၂ ရက် (၁၉၁၇ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်)နေ့တွင် မွေးဖွားခဲ့သည်။

    မွေးချင်းများမှာ ကွယ်လွန်သူများဖြစ်ကြသည့် ဓါတုဗေဒမင်းကြီးဟောင်း နိုင်ချစ်သောင်း၊ နိုင်ချစ်မောင်၊ နိုင်ဖိုးကြွယ်၊ နိုင်ထွန်းရွှေ၊ မိသောင်းတင်(မိကရေင်)၏ညီမောင်၊ မိရွှေပွင့်(မိကောနေ်ဢာံဇှော်)၊ မိငွေပွင့်(မိကောနေ်ဢာံဍောတ်)တို့၏အစ်ကိုယ်ဖြစ်ပြီး လက်ရှိတွင်ညီဖြစ်သူ နိုင်အောင်စန်း ကျန်ရစ်နေသည်။

    ကတိုးကျေးရွာတွင် ၆ တန်းအထိ၄င်း၊ မော်လမြိုင်မြို့၊ အင်္ဂလိပ်မြန်မာအထက်တန်းကျောင်းတွင် ၁၀ တန်းကို သင်္ချာနှင့် အပိုသင်္ချာ ၂ ဘာသာဂုဏ်ထူးဖြင့်၄င်း၊ ၁၉၄၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ဓါတုဗေဒဘာသာရပ်ဖြင့်၄င်း အောင်မြင်ခဲ့ပြီ အမေရိကန်နိုင်ငံ ချီကာဂိုတက္ကသိုလ်သို့ ပညာတော်သင်ခွင့်ရရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မတက်ရောက်နိုင်ခဲ့ပေ။

    ဒုတိယကမ္ဘာစစ်အပြီး မွန်လူမှုအသင်းအဖွဲ့ဖြစ်သည့် “ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ်” တွင် အထွေထွေအတွင်းရေးမှူး တာဝန်ယူစဉ် ၁၉၄၇ မှစတင်၍ ကျိုက်ခမီခရိုင်(၈ မြို့နယ်) မွန်ပညာအုပ်အဖြစ် အစိုးရခန့်အပ်တာဝန်ပေးခဲ့သည်။

    မွန်ပညာအုပ်အဖြစ် ၂ နှစ်ခန့်တာဝန်ထမ်းဆောင်နေစဉ် ၁၉၄၈ ခုနှစ်လယ်ပိုင်းတွင် မွန်တော်လှန်ရေးစတင်ခဲ့ရာ မွန်ပြည်သူတပ်ဦး ဗဟိုကော်မတီဝင် နိုင်ငံခြားဆက်ဆံရေးတာဝန်ခံအဖြစ်တာဝန်ပေးအပ်ခဲ့ရပြီး မြဝတီနှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့များတွင် ၁၀ နှစ်ကြာလှုပ်ရှားခဲ့သည်။

    နိုင်ထွန်းသိန်းသည် ထင်ရှားသည့် မွန်နိုင်ငံရေးခေါင်းဆောင်များဖြစ်ကြသည့် နိုင်အောင်ထွန်း၊ နိုင်ရွှေကျင်၊ နိုင်နွန်လာ(နိုင်နလ္လာ)၊ နိုင်သိမ်းမောင်၊ နိုင်ချမ်းမွန်၊ နိုင်ဖိုးစိန်၊ နိုင်ငွေသိမ်း(လက်ရှိ MNP ဥက္ကဌ) တို့နှင့် မွန်ပြည်သူ့တပ်ဦးတွင် နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြသည်။

    နိုင်ရွှေကျင်မှအပ မွန်ပြည်သူ့တပ်ဦးခေါင်းဆောင်များ ဦးနုအစိုးရနှင့်သဘောတူညီချက်ရယူကာ ၁၉၅၈ ခုနှစ်တွင် လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ခဲ့ပြီးနောက် မော်လမြိုင်မြို့တွင် ပြန်လည်အခြေချခဲ့သည်။

    မွန်ပြည်သူ့တပ်ဦး(၁၉၄၈-၅၈)တွင် တာဝန်ထမ်းဆောင်နေစဉ် မိခင်ထွေးနှင့် လက်ထပ်ခဲ့သော်လည်း ဇနီးသည်အသက်အရွယ်ကြီးရင့်ပြီး ကွယ်လွန်သည်အထိ သားသမီးရတနာတစ်ဦးမျှ မထွန်းကားခဲ့ပေ။

    ဗိုလ်ချုပ်နေဝင်း စစ်အာဏာသိမ်းပြီးနောက် ၁၉၆၃ ခုနှစ်တွင် မွန်ခေါင်းဆောင်များဖမ်းဆီးခံရစဉ် မော်လမြိုင်ထောင် ၅ နှစ်(မော်လမြိုင်)၊ ၁၉၈၈ ခုနှစ် နဝတစစ်အာဏာထပ်သိမ်းပြီး ၁၉၉၂ ခုနှစ်တွင် MNDF ခေါင်းဆောင်များဖြစ်ကြသည့် နိုင်ငွေသိမ်း၊ နိုင်ခင်မောင်၊ ရုံးအဖွဲ့မှူး နိုင်ဗလတို့နှင့်အတူ ထောင်ဒဏ် ၂၁ နှစ်(မော်လမြိုင်) ချမှတ်ခံရသော်လည်း မွန်ပြည်သစ်ပါတီအပစ်ရပ်စဲဆွေးနွေးမှု တောင်းဆိုမှုကြောင့် ထောင်ဒဏ် ၃ နှစ်ကျခံခဲ့ရသည်။

    မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF ကို ၁၉၈၈ ခု၊ အောက်တိုဘာလ ၁၁ နေ့၌ဖွဲ့စည်းခဲ့ရာ ဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် သံဖြူဇရပ်မြို့နယ် အမှတ် ၂ မဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသည်။

    ၂၀၁၀ ခုနှစ်တွင် ပါတီမှတ်ပုံမတင် ရွေးကောက်ပွဲမဝင်သည့် MNDF သည် ၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲပြီးသည့်နောက် ဥက္ကဌအဖြစ်တာဝန်ယူပြီး မွန်ဒီမိုကရေစီပါတီ MDP အဖြစ်ပါတီမှတ်ပုံတင်ခွင့်တင်လျှောက်ရာ ဇူလိုင်လ ၁၀ရက်နေ့တွင် တရားဝင် ပါတီဖြစ်လာပြန်သည်။

    အသက်အရွယ်ကြီးရင့်၍ မှတ်ဉာဏ်ချို့ယွင်းလာသဖြင့် နောက်ပိုင်းတွင် မွန်ဒီမိုကရေစီပါတီ ဂုဏ်ထူးဆောင်နာယကနှင့် လက်ရှိ မွန်အမျိုးသားပါတီ MNP ဂုဏ်ထူးဆောင်နာယက အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

    ထို့အပြင် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ပြုကော်မတီCRPP နှင့် UNA ခေါ် ညီညွတ်သောတိုင်းရင်းသားလူမျိုးစုများ မဟာမိတ်အဖွဲ့ တွင်လည်း ပါဝင်လှုပ်ရှားခဲ့သည်။

    ရန်ကုန် မွန်စာပေယဉ်ကျေးမှုကော်မတီ၊ မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီ၊ မွန်ဓမ္မာရုံထိန်းသိမ်းရေးကော်မတီတို့တွင်လည်း ဂုဏ်ထူးဆောင်နာယကတစ်ပါး ဖြစ်သည်။

    ကိုးကားချက်များ
    ၁။ ကိုယ်တိုင်တွေ့ဆုံမေးမြန်းချက်များ။
    ၂။ နိုင်ထွန်းသိန်းကိုယ်ရေးအကျဉ်း။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts