spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းယခင်ဥက္ကဌဖြစ်ခဲ့စဉ် ကျေးရွာပိုင်အင်းရောင်းချမှု အုပ်ချုပ်ရေးမှူး ပြန်ဖြစ်ချိန်ဖြေရှင်းနေရ

    ယခင်ဥက္ကဌဖြစ်ခဲ့စဉ် ကျေးရွာပိုင်အင်းရောင်းချမှု အုပ်ချုပ်ရေးမှူး ပြန်ဖြစ်ချိန်ဖြေရှင်းနေရ

    -

    မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ဝက်တဲကျေးရွာရှိ ကျေးရွာပိုင်အင်းကို လက်ရှိအုပ်ချုပ်ရေးမှူးတစ်ဖြစ်လဲ ဦးရွှေဝင်းက ယခင်ကျေးရွာဥက္ကဌဟောင်းရာထူးရှိခဲ့စဉ် အိမ်မြေအကွက်ဖော်ရောင်းချခြင်း ပြဿနာနှင့်ပတ်သက်ပြီး မြို့နယ်အထောက်အကူပြုအဖွဲ့မှ ယနေ့တွင် လာရောက်ဖြေရှင်းခဲ့ကြောင်း သိရသည်။

    မြို့နယ်အထောက်ကူပြုကော်မတီဝင်နှင့် မြို့နယ်စီမံကိန်းကော်မတီဝင် မြို့နယ်စီမံကိန်းမှူးတို့မှ ယနေ့တွင် ယင်းကိစ္စနှင့်ပတ်သက်ပြီး ပြေလည်အောင်လာရောက်ညှိနိုင်ဖြေရှင်းခြင်းဖြစ်သည်ဟု မြို့နယ်စီမံကိန်းမှူး ဦးလှရွှေက ပြောသည်။

    “ဒီကိစ္စကို ပြေလည်အောင်ပေါ့နော် အများဆန္ဒကို တောင်းဖို့ ကျနော်တို့က လုပ်နေတဲ့အချိန်မှာပဲ တဖက်ကအဖွဲ့က ထပြန်သွားတယ်။ ကျနော်တို့ကတော့ ပြေလည်အောင်တော့ ရှင်းပြတာပဲ” ဟု ဦးလှရွှေက ပြောသည်။

    ယင်းအင်းမြေကွက်ဝယ်ထားသူများက ၄င်းမြေကွက်ကို မြေကွက်အဖြစ်ဆက်လက်ရှိစေချင်သကဲ့သို့ ကျေးရွာပိုင်အင်းကို အင်းအဖြစ် ပြန်လည်အကောင်အထည်ဖော်လိုသူများရှိနေသဖြင့် အဆိုပါပြဿနာဖြေရှင်းခဲ့မှုတွင် မည်သည့်ဆုံးဖြတ်ချက်မှ မဆုံးဖြတ်နိုင်ခဲ့ပါ။

    မြို့နယ်အထွေထွေအုပ်ချုပ်ရေးခွင့်ပြုချက်ဖြင့် ယင်းအင်းမြေကွက်များရောင်းချခဲ့ခြင်းမဟုတ်ဘဲ ကျေးရွာတွင်း အချင်းချင်းညီညွတ်ပါက ထိုသို့ဆောင်ရွက်နိုင်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရွှေဝင်းက ပြောသည်။

    မွန်ပြည်နယ် မုဒုံမြို့နယ် ဝက်တဲကျေးရွာနှင့် ကော့ခလွယ်ကျေးရွာကြားရှိ ကျေးရွာပိုင်အင်း (အနောက်ဖက်အင်း) ကို အိမ်ရာမြေအဖြစ် အကွက်ဖော်ရောင်းချထားခြင်းကို တားမြစ်ပေးရန်နှင့် မူလအင်းအတိုင်းပြန်လည်တူးဖော်ပေးရန် ၂၀၁၄ ခုနှစ် ဧပြီလတွင် ဦးဟလယ်နှင့် အခြားရွာသား ၃၅ ဦးတို့မှ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မြေစာရင်း၊ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာမြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီထံသို့ တင်ပြခဲ့သည်ဟု နိုင်သောင်းမြိုင်က ဆိုသည်။

    “ကျနော်တို့ကတော့ အရင်အင်းအတိုင်းပဲ ပြန်လိုချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီအင်းအခံရှိနေတော့ ကျေးရွာက ရေတွင်းတွေ ရေမခမ်းနိုင်ဘူး။ တကယ်လို့ အိမ်ခြံတွေအကုန်လုံးဖြစ်သွားရင် ဒီအင်းက ရေခမ်းသွားလိမ့်မယ်။ နောက်ဆက်တွဲအနေနဲ့ ရွာက ရေတွင်းတွေလည်း ရေမရှိတော့ဘူး။ ရေရှားသွားမယ်လေ။ နွေဘက်ရောက်ရင် မီးဘေးကာကွယ်ဖို့အတွက် ရေမရှိရင် တော်တော်လေး ခက်ခဲသွားမယ်” ဟု နိုင်သောင်းမြိုင်က ပြောသည်။

    ၄င်းတို့ တင်ပြတောင်းဆိုခြင်းနှင့်ပတ်သက်ပြီး မုဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးမှ ၄င်းတို့ကျေးရွာလူထုများကို ခေါ်ယူတွေ့ဆုံခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးမှလည်း ၂၀၁၀ ခုနှစ်နောက်ပိုင်း ၄င်းမှ မုဒုံမြို့နယ်သို့ ရောက်ရှိစဉ်ကတည်းကပင် ၄င်းနေရာကို ကျေးရွာအင်းအဖြစ်သာတည်ရှိနေသည်ဟု သိရှိထားကြောင်း၊ ဝက်တဲနှင့် ကော့ခလွယ်ရွာသားတို့အား ပြောပြခဲ့ကြောင်း အိမ်မြေအဖြစ် ရောင်းချခြင်ကို ကန့်ကွက်သည့် နိုင်အောင်မြင့်က ဆိုသည်။

    ၁၄ ဧကခန့်ကျယ်ဝန်းသည့် အဆိုပါအင်းတွင် ၃.၅ ဧကခန့်လောက်သာ မြေကွက်အဖြစ်ဖော်ဆောင် ရောင်းချခဲ့ရာ အိမ်မြေကွက် ၅၀ ကွက်တွင် မျက်နှာစာမြေကွက်တစ်ကွက်လျှင် သိန်း ၁၅- ၂၀၊ အတွင်းတစ်ကွက် ၅ သိန်းနှုန်းဖြင့် မြေကွက် ၃၀ ကွက်သာ ရောင်းထွက်ခဲ့ပြီး အဆိုပါအင်းအတွင်း မြေသားလမ်းဖို့ရန်အတွက် မြေကွက် ၁၃ ကွက်ကို အေဝမ်းကုမ္ပဏီသို့ ပေးအပ်ခဲ့ကြောင်း ယခင်ကျေးရွာဥက္ကဌဟောင်းနှင့် လက်ရှိကျေးရွာအုပ်ချုပ်ရေးမှူး ဦးရွှေဝင်းက ပြောသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,500SubscribersSubscribe
    spot_img

    Latest posts