မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / မွန်အမျိုးသားကျောင်း ဆရာ/မများ လစာမတိုးနိုင်သေး

မွန်အမျိုးသားကျောင်း ဆရာ/မများ လစာမတိုးနိုင်သေး

ရေးသားသူ: > မွန်အမျိုးသားပညာရေးကျောင်းဆရာ/မများအား အခြေခံလစာတစ်လလျှင် ငွေကျပ် ၂ သောင်းရရှိခဲ့ရာမှ လစာတိုးမြှင့်ရန် မွန်အမျိုးသားပညာရေးကော်မတီက ညှိနှိုင်းနေသော်လည်း ဆုံးဖြတ်ချက် မချမှတ်နိုင်သေးကြောင်း သိရသည်။

မွန်အမျိုးသားပညာရေး ကော်မတီအဖွဲ့ဝင် နိုင်အိုင်းကွန်းက “လစာတိုးဖို့ကို ကျနော်တို့အနေနဲ့ တိုးပေး ချင်ပေမယ့် ဘက်ဂျက်ကမလုံလောက်ဘူး ဖြစ်နေတယ်၊ ပြီးခဲ့တဲ့ သုံးလေးရက်က ကျနော်တို့ ပညာရေးကော်မတီ အစည်းအဝေးမှာလည်း အဆုံးအဖြတ်မပေးနိုင်သေးဘူး” ဟု ပြောသည်။

မွန်အမျိုးသားပညာရေးကော်မတီက ထောက်ပံ့ပေးလျက်ရှိသော အဆိုပါ ဆရာ/မများလစာသည် နှစ်သောင်းကျပ်သာဖြစ်ပြီး လာမည့် စက်တင်ဘာလတွင် ငွေကျပ်ငါးသောင်းအထိ တိုးမြှင့်ပေးနိုင်ရန် ကြိုးပမ်းနေသည်ဟု သူက ဆက်ပြောသည်။

ထို့အပြင် မွန်အမျိုးသားပညာရေးကော်မတီအဖွဲ့ဝင် ဆရာတော်များကလည်း ပြည်ပနိုင်ငံသို့ ကြွရောက်တရားတော်ဟောကြားပြီး ရရှိသောအလှူငွေများကို ပညာရေးရန်ပုံငွေထဲသို့ လှူဒါန်းခဲ့ကြသည်။

အလားတူ ပြီးခဲ့သည့် သြဂုတ်လ ၂၂ ရက်နေ့က သြစတေးလျှနိုင်ငံသို့ ရောက်ရှိနေသော မွန်အမျိုး သားများက မွန်ပညာရေးထောက်ပံ့ကြေးရံပုံငွေအတွက် ငွေကျပ်သိန်း ၃၀ လှူဒါန်းခဲ့သည်ဟု ဆရာ/မများက ဆိုသည်။
ရေးမြို့နယ်မှ မွန်ကျောင်းမူလတန်းပြ ဆရာမတစ်ဦးက “ဆရာမတို့ တစ်လကို ကျေးရွာက ဆန်နှစ်တင်းနဲ့ ပညာရေးဌာနက လစာနှစ်သောင်းရတယ်၊ အခု ဆန်စပါးတွေဈေးကြီးလာတော့ ဆန်အထောက်အပံ့ မရတော့ပါဘူး၊ ဒီလစာနှစ်သောင်းထဲနဲ့ဆို ဘယ်လိုမှလည်း ရပ်တည်လို့မရဘူး” ဟု ပြောသည်။

မွန်အမျိုးသားမူလတန်းကျောင်းများကို ၁၉၇၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ရာ မွန်စာပေကို အတန်းတင်ပညာရေး စနစ်ဖြင့် အဓိကထားသင်ကြားပေးခဲ့ပြီးနောက် ၁၉၈၄-၈၅ ခုနှစ်တွင် ဗဟိုပညာရေးအဖွဲ့ငယ်ကို ဆက်လက်ဖွဲ့ စည်းနိုင်ခဲ့သည်။

မွန်အမျိုးသားပညာရေးဌာန လက်အောက်တွင် မွန်အမျိုးသားကျောင်း ၁၅၆ အနက် အထက်တန်း ကျောင်း ၃ ကျောင်းရှိပြီး ကျောင်းဆရာ/မ စုစုပေါင်း ၈၀ဝ ကျော် ရှိသည်။
၁၉၉၃ ခုနှစ်တွင် မွန်ပညာရေးပညာရေးကော်မတီကို ဖွဲ့စည်းနိုင်ခဲ့ပြီး လက်ရှိမွန်အမျိုးသားကျောင်းတွင် ကျောင်းသားဦးရေတစ်သောင်းခွဲခန့်၊ အစိုးရကျောင်းတွင် တွဲဖက်ပညာသင်ကြားသည့်ကျောင်း၌ ကျောင်းသားဦးရေ နှစ်သောင်းကျော်ရှိသည်ဟု မွန်အမျိုးသားပညာရေးဌာနစာရင်းတွင် တွေ့ရှိသည်။

About မွန်သတင်းအေဂျင်စီ

Check Also

မွန်ကျောင်းဆရာများ ညီလာခံကျင်းပ

မွန်အမျိုးသားပညာရေးကော်မတီ MNEC-Mon National Education Committee မှ ဦးစီး၍ မွန်အမျိုးသားပညာရေး ကျောင်းဆရာများ ညီလာခံ Teacher Conference တရပ်ကို နိုဝင်ဘာလ ၁၉ …

Leave a Reply

%d bloggers like this: