မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / အယ်ဒီတာ့အာဘော် / မွန်အမျိုးသားတော်လှန်ရေး၊ အမျိုးသားအသိစိတ်ဓာတ်နှင့် တိုင်းရင်းသားတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်

မွန်အမျိုးသားတော်လှန်ရေး၊ အမျိုးသားအသိစိတ်ဓာတ်နှင့် တိုင်းရင်းသားတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်

ရေးသားသူ:

အတိတ်က သမိုင်းကို ပြန်ကြည့်မည်ဆိုပါက မွန်လူမျိုးတို့သည် ကြီးကျယ်သောသမိုင်းကြောင်း ပိုင်ဆိုင်သည့်လူမျိုး၊ အရှေ့တောင်အာရှတွင် ဗုဒ္ဓသာသနာတော်နှင့် လူသားတို့၏ ယဉ်ကျေးမှု (Civilization) များကို ဖြန့် ကျက်ပေးခဲ့သည့် လူမျိုးတစ်ရပ်ဖြင့် အထင်အရှားတွေ့ရှိခဲ့ရပေမည်။

သို့ရာတွင် ၁၇၅၇ ခုနှစ် မွန်တို့၏ ဟံသာဝတီ (ပဲခူး) နေပြည်တော်ကို ဗမာပဒေသရာဇ်ဦးအောင်ဇေယျမှ ‘ကျူပင်ခုတ် ကျူငုတ်မကျန်စေရ’ ဆိုသည့် မျိုးပြုန်းသတ်ဖြတ်ရေး မဟာဗျူဟာဖြင့် အသုံးပြုတိုက်ခိုက်သွားသည့်အခါ ထိုင်းနိုင်ငံသို့ မွန်လူမျိုးအများစု ထွက်ပြေးခိုလှုံကြရပြီး ယနေ့ မြန်မာနိ်ုင်ငံတွင် ကျန်ရှိနေသည့် မွန်လူမျိုးများမှာ ကျွန်သဘောက်သာသာ နေထိုင်နေရသည့်အခြေအနေတွင်ပင် ရှိနေပေသည်။

ကမ္ဘာ့ နိုင်ငံရေးပညာရှင်များ၏ နိုင်ငံရေးဒဿန တစ်ခုတွင် ‘ဖိနှိပ်မှု ရှိသည့်အခါတိုင်း တော်လှန်မှုတစ်ခုပေါ်ပေါက်မည်’ Whenever there is an oppression, there will be a resistance ဟုဆိုထားပေသည်။ ထို့ကြောင့် ၁၉၄၈ ခုနှစ်က စတင်ခဲ့သော မွန်နှင့်ကရင် အမျိုးသားလွတ်မြောက်ရေးသည် ယခင် ဖဆပလအစိုးရ၏ ဖိနှိပ်မှုကြောင့် ပေါက်ကွဲလာသည့် တော်လှန်ရေးနိဒါန်းအစ ဖြစ်သည်။

နိုင်ပန်းသာ ဦးဆောင်ခဲ့သည့် မွန်လူငယ်တစ်ဖွဲ့က ဒေသတွင်းရှိ အစိုးရကာကွယ်ရေး လက်နက်များကို ကောဇာသက္ကရာဇ် ၁၃၁၀ ခုနှစ် ဝါခေါင်လပြည့်နေ့တွင် လုယူကာ မွန်တော်လှန်ရေးကို စတင်ခဲ့သည်။ မွန်တို့သည် အခြားသောတိုင်းရင်းသားကဲ့သို့ အင်္ဂလိပ်ကိုလိုနီလက်ထက်မှ ထူထောင်ထားသည့် ‘ချင်းတပ်’၊ ‘ကချင်တပ်’၊ ‘ကရင်တပ်’ ကဲ့သို့ မရှိသောကြောင့် မွန်ကျေးရွာအတွင်းရှိ ပြည်သူ့ စစ်ကာကွယ်ရေးများ၏ သေနတ်များကိုသာ လုယူပြီး တော်လှန်ရေး စတင်ခဲ့ကြသည်။

တဖက်တွင်လည်း မွန်နှင့်ကရင်တော်လှန်ရေး စတင်ခြင်းသည် ဗိုလ်ချူပ်အောင်ဆန်းနှင့် တောင်တန်းဒေသ တိုင်းရင်းသားခေါင်းဆောင်များတို့ ချူပ်ဆိုထားသည့် ‘ပင်လုံညီလာခံ’ နှင့် ဆက်စပ်နေပေသည်။ ၁၉၄၇ ခုနှစ် ပင်လုံစာချူပ်အရ ပြည်မနှင့် တောင်တန်းဒေသတို့ လွတ်လပ်ရေးအတူတကွ ရရှိရန်၊ စစ်မှန်သော ပြည်ထောင်စု ထူထောင်ရန်၊ တောင်တန်းဒေသ ပြည်နယ်များ၏ ကိုယ်ပိုင်အုပ်ချူပ်ရေးထူထောင်ရန် စသည့်ကိစ္စများ သဘောတူညီမှု ရရှိခဲ့သော်လည်း ဗမာလူမျိုးများနှင့် အတူနေထိုင်ကြသည့် ပြည်မဒေသအတွင်းရှိ မွန်၊ ကရင်၊ ရခိုင်တိုင်းရင်းသားတို့ပြည်နယ်ရရှိရေးမှာ မရေမရာ ဖြစ်နေသည်။

ထို့ကြောင့် ၁၉၄၇ ခုနှစ် တိုင်းပြုပြည်ပြုလွတ်တော် ရွေးကောက်ပွဲအပြီးတွင် မွန်တိုုင်းရင်းသား ခေါင်းဆောင်များက မွန်အမျိုးသားများနှင့် သက်ဆိုင်သည့် အခြေခံအမျိုးသားအခွင့်ရေးဖြစ်သည့် စာပေ၊ ယဉ်ကျေးမှု ထိန်းသိမ်းရေး၊ မွန်ပရိယတ္တိ၊ မွန်ပညာရေး၊ အခြေခံဒီမိုကရေစီအခွင့်အရေး များကို အချက် (၇) ချက်ဖြင့် တောင်းဆိုခဲ့ပေသည်။ သို့ သော် ဖဆပလအစိုးရမှ အရေးတယူဆောင်ရွက် ပေးခြင်းမရှိ၊ ‘မွန်နှင့်ဗမာအတူတူပါပဲ၊ အထူးအခွင့်ရေး တောင်းစရာမလိုပါ’ ဆိုသည့် စကားဖြင့်သာ တုံ့ ပြန်ခဲ့သည့်အပြင် မွန်ခေါင်းဆောင်နှင့် မွန်လူမျိုးများကို လူနည်းစုဆိုပြီး အရေးတယူ မဆက်ဆံခဲ့ပေ။ ထို့နောက် ဖဆပလမှ ၁၉၄၇ ရွေးကောက်ပွဲတွင် မဲကလိမ်ကကျစ်ကျခဲ့ပြီး မွန်လူမျိုးရေးရာအဖွဲ့ချုပ်မှ နိုင်စံသူ အပါအဝင် မွန်ခေါင်းဆောင်များကို ခြုံခိုသတ်ဖြတ်မှု၊ မွန်ကျေးရွာများကို မီးရှို့ဖျက်ဆီးလာသည့်လုပ်ရပ်များကြောင့် မွန်လူငယ်များ မလွဲမရှောင်သာ မွန်တော်လှန်ရေးကို စတင်ခဲ့ရသည်။

ယခုအခါ လက်နက်ကိုင်မွန်တော်လှန်ရေးခရီးကာလ ၆၇ နှစ်ရှိခဲ့ပြီ။ တိုုင်းရင်းသားတို့၏ တော်လှန်ရေးကား နှစ်ပေါင်း ၇၀ နီးပါး ရှင်သန်လျက်ရှိနေပေသည်။ တဖက်တွင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းနှင့်အတူ ခေတ်ပြိုင်ပေါ်ပေါက်ခဲ့သော ဗမာပြည်ကွန်မြူနစ်ပါတီ၏ လူတန်းစားတော်လှန်ရေးကား ၁၉၈၉ တွင် အခြားကမ္ဘာ့ကွန်မြူနစ်အသိုင်းအဝိုုင်းနှင့် နိဂုံးချူပ်သွားပါပြီ။ အဘယ့်ကြောင့်နည်း။ တော်လှန်ရေးတစ်ရပ် ရေရှည်တည်တံ့ရေးသည် သဘောတရား မှန်ကန်မှုနှင့် လူထုထောက်ခံမှုပင် ဖြစ်ပေသည်။

သက်ဆိုင်ရာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အစည်းအသီးသီးတွင် မိမိတို့၏ အသက်သွေးချွေး၊ ပစ္စည်းဥစ္စာသားမယားများ အစတေးခံပြီး ဆက်လက်ပါဝင်နေသည်။
တိုင်းရင်းသားလူမျိုးတိုင်းသည် ဖိနှိပ်မှုမှလွတ်မြောက်လိုပြီး မိမိတို့ ကံကြမ္မာ မိမိတို့ဖန်တီးလိုသည့်အတွက် ယနေ့ထိတိုင် တော်လှန်ရေးဆက်လက်ရှင်သန်နေဆဲ ဖြစ်သည် ။

ထို့ကြောင့် ဖိနှိပ်သူများနှင့် ဖိနှိပ်ခံသူများအကြား နှစ်ပေါင်း ၇၀ နီးပါး ကြာမြင့်ခဲ့သည့် ကမ္ဘာ့အရှည်ကြာဆုံး ပဋိပက္ခကို ဖြေရှင်းရပါမည်။ ဖိနှိပ်သူများအနေဖြင့် ဆက်ဖိနှိပ်နေပါက ပဋိပက္ခများ ထပ်မံကြာရှည်နေဦးမည်ဆိုသည့် အသိတရား ရသင့်ပေသည်။ မြန်မာနိုင်ငံတွင် ဖိနှိပ်မှုမရှိသည့် လူ့ အဖွဲ့အစည်း၊ ငြိမ်းချမ်းသည့် လူ့ အသိုုင်းအဝိုင်း ဖြစ်ပေါ်လာရန် စွမ်းစွမ်းတမံဆောင်ရွက်သင့်ကြောင်း ၆၇ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့တွင် တင်ပြလိုက်ရပေသည်။

About မွန်သတင်းအေဂျင်စီ

Check Also

ဒေသခံတံတားအမည်ပြောင်းလဲခြင်းသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုထိခိုက်စေနိုင်

မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ဘီလူးကျွန်း-ချောင်းဆုံမြို့သို့ ဆက်သွယ်သည့် ချောင်းဆုံ(သံလွင်တံတား)အား “ဗိုလ်ချုပ်အောင်ဆန်း” တံတားဟု အမည်နာမသစ် ပြောင်းလဲရန် ကြိုးပမ်းနေကြသည်။ Related

Leave a Reply

%d bloggers like this: