မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / ၈ လေးလုံးနှစ်ပတ်လည်နေ့တွင် ကွယ်လွန်သူ နိုင်နလ္လာ၏အောက်မွေ့ဘွယ် အခမ်းအနားကျင်းပ

၈ လေးလုံးနှစ်ပတ်လည်နေ့တွင် ကွယ်လွန်သူ နိုင်နလ္လာ၏အောက်မွေ့ဘွယ် အခမ်းအနားကျင်းပ

ရေးသားသူ: >

လွန်ခဲ့သော ၂၅ နှစ်က ၈ လေးလုံးတစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားစင်မြင့်ပေါ် မိန့်ခွန်းပြောကြားစဉ် ရုတ်တရက်ကွယ်လွန်ခဲ့သူ မွန်ပြည်သစ်ပါတီ၊ ဥက္ကဌဟောင်း နိုင်နလ္လာ၏ အောက်မေ့ဘွယ် အခမ်းအနားတစ်ရပ်ကို

ဘုရားသုံးဆူနယ်စပ်၊ ထိုင်းနိုင်ငံ၊ စံခလပူရီမြို့နယ်၊ ဘုရားသုံးဆူကျေးရွာရှိ ဘုရားသုံးဆူဘုန်းတော်ကြီးကျောင်း၌ သြဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် ဟောပြောပွဲနှင့်အတူ ဆွမ်းကျွေးအမျှဝေအခမ်းအနားဖြင့် ကျင်းပခဲ့သည်။

ဘုရားသုံးဆူဘုန်းတော်ကြီးကျောင်း နိုင်နွန်လာအောက်မေ့ဘွယ်အခမ်းအနား(IMNA)
ဘုရားသုံးဆူဘုန်းတော်ကြီးကျောင်း နိုင်နွန်လာအောက်မေ့ဘွယ်အခမ်းအနား(IMNA)
ဘုရားသုံးဆူမြို့နယ်၊ မွန်စာပေနှင့်ယဉ်ကျေးမှုဥက္ကဌ နိုင်တင်မွန်က “ကျနော်ကိုယ်တိုင်မြင်တွေ့ခဲ့ရတာက ၁၉၈၈ သပိတ်အပြီး ဘုရားသုံးဆူဒေသကို ကျောင်းသားတော်တော်များ ရောက်လာကြတယ်၊ ကျောင်းသားတပ်မတော် ဖွဲ့စည်းနိုင်ဖို့နဲ့ ကျောင်းသားတွေရပ်တည်နိုင်ရေးအတွက် အဲဒီကာလမှာ ဆရာနိုင်နလ္လာက မွန်ပြည်သစ်ပါတီ ဒုဥက္ကဌတစ်ဦးအနေနဲ့ ပါတီရဲ့ကိုယ်စား အဘက်ဘက်က အကူအညီပေးခဲ့သူတစ်ယောက်ပါ၊ ” ဟု အောက်မေ့ဘွယ်အခမ်းအနားအစီအစဉ်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ဘုရားသုံးဆူအခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ၏ ဘိတ်ကြားချက်အရ ဘုရားသုံးဆူဒေသတွင်ကျင်းပသော ၈ လေးလုံးတစ်နှစ်ပြည့်အခမ်းအနား(၁၉၈၉ ခုနှစ်) စင်မြင့်ပေါ် သဘာပတိမိန့်ခွန်းပြောကြားရင်း နှလုံးရပ်ကာ နိုင်နွန်လာကွယ်လွန်ခဲ့သည်ကို မိမိကိုယ်တိုင်တွေ့ရှိခဲ့ရကြောင်း နိုင်တင်မွန်က ဆက်ပြောသည်။

ဘုရားသုံးဆူကျောင်းတိုက် ကျောင်းထိုင်ဆရာတော် အသျှင်ဟံသာရာဇာက “ ဆရာနိုင်နွန်လာ မိန့်ဆိုဘူးတဲ့ သြဝါဒတွေမှာ နိုင်ငံရေးလုပ်တယ်ဆိုရင် နိုင်ငံရေးရာကိစ္စတွေကို လေ့လာရမယ်၊ အမျိုးသားရေးလုပ်ငန်းတွေလုပ်တဲ့အခါမှာလည်း ညီညွတ်ရေးရှိမှသာ ရည်မှန်းချက်ပန်းတိုင်းကို ရောက်ရှိနိုင်မယ်” ဟု အောက်မေ့ဘွယ်ဆုတောင်းစဉ် ထည့်သွင်းမြွက်ကြားခဲ့သည်။

ထို့အပြင် နိုင်နလ္လာ၏ အဆိုအမိန့်များတွင် အများအကျိုးသယ်ပိုးတဲ့နေရာတွေမှာ ၁-စည်းဝိုင်းဘောင်အတွင်းက ဆောင်ရွက်ရပါမယ်၊ ၂-စည်းဝိုင်းဘောင်အတွင်းကပဲ ပြုပြင်မှုတွေဆောင်ရွက်ရပါမယ်၊ ၃-စည်းဝိုင်းဘောင်အတွင်းမှာပဲ အသေခံရဲရမယ်ဟု ဆရာတော်က ဆက်လက်မြွက်ကြားသည်။

နိုင်နွန်လာ (ခေါ်) နိုင်ဆိတ်နို့ ကွယ်လွန်သည့် ၁၉၈၉ ခုနှစ်တွင် အသက် ၇၂ နှစ်ရှိပြီး သားတစ်ဦး၊ သမီးတစ်ဦးနှင့် မြေး ၄ ဦးကျန်ရစ်သည်ဟု သိရသည်။

နိုင်နွန်လာသည် ဒုဥက္ကဌ၊ ၁၉၈၁-၈၇ မွန်ပြည်သစ်ပါတီ နှစ်ဖွဲ့ကွဲစဉ်ကာလ၌ ဝင်းကဒေသကို အခြေခံသောအဖွဲ့တွင် ဥက္ကဌအဖြစ် နိုင်ရွှေကျင် ဦးဆောင်ခဲ့စဉ် ဘုရားသုံးဆူဒေသကို အခြေခံသောအဖွဲ့တွင် ပါတီဥက္ကဌအဖြစ် နိုင်နွန်လာက ဦးဆောင်ခဲ့ပြီး ပါတီပြန်လည်ပေါင်းစည်းသောအခါ ၁၉၈၉ ပထမအကြိမ် မွန်ပြည်သစ်ပါတီညီလာခံ၌ ဒုဥက္ကဌအဖြစ် ရွေးချယ်ခံရသည်။

ဗိုလ်ချုပ်နေဝင်း စစ်အာဏာသိမ်းအပြီး ၁၉၆၃ နိုဝင်ဘာလတွင် မွန်ခေါင်းဆောင်များအား ဖမ်းဆီးထိန်းသိမ်းစဉ် နိုင်အောင်ထွန်း(ကွယ်လွန်)၊ နိုင်ထွန်းသိန်း(MNP-MDP-MNDF)၊ နိုင်ငွေသိမ်း (MNP-MDP-MNDF)၊ နိုင်ချမ်းမွန်(ကွယ်လွန်)၊ နိုင်သိမ်းမောင်(MDP-MNDF)၊ နိုင်ကွန်ဗလိုင် (ကွယ်လွန်)၊ နိုင်ကျောင်(ကွယ်လွန်)၊ နိုင်တင်အောင်(MNP-MDP-NMSP) တို့နှင့်အတူ မော်လမြိုင်ထောင်၌ နိုင်နွန်လာ ၁၀ နှစ်ကျော်အကျဉ်းကျခံရပြီး ၁၉၇၃ တွင် လွတ်မြောက်လာကာ မွန်ပြည်သစ်ပါတီသို့ ဝင်ရောက်ခဲ့ကြောင်း သူ၏အတ္တုပတ္တိ လက်ကမ်းစာစောင်တွင် ရေးသားဖေါ်ပြသည်။

အလားတူ နိုင်နွန်လာအောက်မေ့ဘွယ်အခမ်းအနားများကို သူ၏မွေးရပ်ဇာတိမြေ မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာတွင်လည်း ဒေသခံမွန်ယဉ်ကျေးမှုအဖွဲ့က အောက်မေ့ဘွယ်အခမ်းအနားနှင့် ဆွမ်းကျွေးပွဲတစ်ရပ် သြဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ကြောင်း နီးစပ်သူများထံမှသိရသည်။

About မွန်သတင်းအေဂျင်စီ

Check Also

မွန်ပြည်နယ်တွင် ကွမ်းသီးခြောက်တစ်ပိဿာ ကျပ် ၁၀ဝ၀ ကျော် ဈေးကျ

မွန်ပြည်နယ်အတွင်း ကွမ်းသီးအစိုပေါ်ချိန် နိုဝင်ဘာလတွင် ကွမ်းသီးခြောက် တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ ကျော်အထိ ဈေးကျသွားသည်ဟု ပြည်နယ်အတွင်းရှိ ကွမ်းသီးအရောင်းအဝယ်ပြုလုပ်နေသူတို့က ပြောသည်။ Related

Leave a Reply

%d bloggers like this: