spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းမွန်သစ်သားတံတား ပြင်ဆင်နေမှုရပ်တန့်ရန် ဒေသခံများ ဆန္ဒပြတောင်းဆို

    မွန်သစ်သားတံတား ပြင်ဆင်နေမှုရပ်တန့်ရန် ဒေသခံများ ဆန္ဒပြတောင်းဆို

    -

    ယမန်နှစ်က ရေတိုက်စားပြတ်ကျခဲ့သော မွန်သစ်သားတံတားပြင်ဆင်နေမှုများ သတ်မှတ်ကာလအတွင်း မပြီးဆုံးခဲ့သဖြင့် လက်ရှိပြင်ဆင်နေမှုများ လုံးဝရပ်တန့်ပေးရန် ဒေသခံမွန်လူမျိုးများက သြဂုတ်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် တံတားပေါ်၌ ဆန္ဒပြတောင်းဆိုခဲ့သည်။

    ဆန္ဒပြဦးဆောင်သူတစ်ဦးဖြစ်သည့် နိုင်အဏ ဆိုသူက“တံတားပြန်လည်ပြင်ဆင်ဖို့အလှူငွေတွေ အများကြီးလက်ခံ ရရှိခဲ့တယ်၊ အာဏာပိုင်တွေ ဦးစီးပြီးပြုပြင်မယ်လို့ဆိုလာတော့ အခုကျနော်တို့ ကျောင်းထိုင်ဆရာတော်သစ်က ရွာသားတွေကိုနှစ်သိမ့်ပြီး သဘောတူလိုက်ရတယ်၊ အာဏာပိုင်တွေအနေနဲ့ သူတို့ ပြောထားတဲ့ကတိအတိုင်း ဖြစ်မလာတော့လည်း ကျနော်တို့တံတား ကျနော်တို့ရွာကို ပြန်အပ်ပေးပါလို့ တောင်းဆိုလိုက်တာပါ” ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

    ထိုင်းဘာသာဖြင့်ရေးသားသော ပိုစတာများကိုင်စွဲ၍ ဝင်းကတံတားပေါ်တွင် ဒေသခံမွန် ၃၀ဝ ဦးခန့် “ကျွန်ုပ်တို့တံတား ကျွန်ုပ်တို့ပြန်ပေးပါ” “တံတားဆက်ပြင်မည့်စာချပ်သစ် အလိုမရှိ” စသည့်ကျွေးကြော်သံများဖြင့် နံနက် ၉ နာရီမှ ၁ နာရီကြာခန့် ဆန္ဒပြခဲ့ကြစဉ် ထိုင်းမီဒီယာများကလည်း သတင်းရယူနေကြသည်ကို တွေ့ရှိခဲ့ရသည်။

    “သတ်မှတ်တဲ့တစ်နှစ်ကာလက ဒီကနေ့ပြည့်သွားပြီ၊ အခုလက်ရှိ တွေ့နေရတဲ့အတိုင်း နည်းနည်းပါးပါးပဲ ပြီးသေးတယ်၊ တံတားပြင်တာ နောက်ထပ် ၁ လ ရက်တိုးပေးဖို့ အချိန်ထပ်တောင်းတာကို ရွာသားတွေ လက်မခံနိုင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အမြန်ပြီးရင် ပြီးရောဆိုပြီး ဖြစ်သလိုလုပ်သွားခဲ့မယ်ဆိုရင် တံတားထပ်ပြိုကျမယ့် အန္တရာယ်ကို ရွာသားတွေသိပ်ကိုစိုးရိမ်နေကြတယ်” ဟု နိုင်အဏက ဆက်ပြောသည်။

    တံတားပြင်ဆင်ရေး ကံထရိုက်အဖွဲ့ လက်ရှိအသုံးပြုနေသော ပျဉ်းကတိုးသစ်များမှာ အရွယ်မရောက်သေးသော သက်နုသစ်လုံးများဖြစ်နေသဖြင့် ရာသီဥတုဒဏ် ခံနိုင်လိမ့်မည်မထင်ကြောင်း သူကဆိုသည်။

    လက်ရှိကန်ချနပူရီခရိ်ုင်ဝန်အနေဖြင့် မွန်သစ်သားတံတားပြင်ဆင်မှု တစ်နှစ်အတွင်းအပြီးသတ်စေရန် လက်ခံရရှိထားသောအလှူငွေများထဲမှ ထိုင်းဘတ်ငွေ ၁၆ သန်းဖြင့် ဆောက်လုပ်ရေးကံထရိုက်တစ်ခုအား တာဝန်ပေးငှားရမ်းခဲ့သည်ဟု ယမန်နှစ်က မွန်ဒေသခံများကို အသိပေးပြောကြားခဲ့သည်ဟု ဆိုသည်။

    သို့ရာတွင် သစ်တားတံတားပြန်လည်ပြုပြင်ရေးကံထရိုက်တာ နိုင်စွမ်စိုက် စုဝပ်နုရမ်က “ကျနော်တို့နဲ့ ခရိုင်အာဏာပိုင်တွေ သဘောတူထားတဲ့အတိုင်း အလုပ်မှန်မှန် ဆက်လုပ်နေပါတယ်၊ ဒီနေ့မှာ သက်တမ်းပြည့်သွားတဲ့စာချုပ်ကိစ္စ ဘယ်လိုဆက်လက်အကောင်အထည်ဖေါ်ရမယ့်ဟာက ခရိုင်အာဏာပိုင်တွေနဲ့ပဲ သက်ဆိုင်ပါတယ်၊ ရွာသားတွေရဲ့ခံစားချက်တွေကိုလည်း ကျနော်တို့ သဘောပေါက်ပါတယ်” ဟု လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ IMNA သို့ ပြောသည်။

    အဆိုပါ ဆန္ဒပြသည့်နေရာသို့ ဝင်းကရွာတစ်ဖက်ကမ်းရှိ စံခလပူရီမြို့ပိုင်ရုံးမှ အရာရှိအချို့၊ ဌာနဆိုင်ရာများနှင့် ဒေသခံရဲများ လာရောက်ကြည့်ရှုခဲ့သော်လည်း ဆန္ဒပြပွဲသို့ တစ်စုံတစ်ယောက်မှ အနှောက်အယှက်ပြုခြင်း မတွေ့ရှိခဲ့ရပေ။

    ဝင်းကရွာသူ မိဟံသာက “တံတားပြန်ပြင်ဖို့ ဘတ်ငွေ ၁၆ သန်းအကုန်အကျခံပြီး ကံထရိုက်ပေးလိုက်တယ်၊ ကျမတို့ရွာသားလုပ်အားနဲ့ ပြင်မယ်ဆိုရင် ဘတ် ၅ သန်းတောင် ကုန်ကျမှာမဟုတ်ဘူး၊ ဆရာတော်ဥတ္တမ ဆောက်ခဲ့တာ လက်တွေ့ပဲလေ၊ ခုလောက်တောင် အချိန်ကြာမြင့်မှာ မဟုတ်ပါဘူး” ဟု ပြောသည်။

    မွန်သစ်သားတံတားပျက်စီးခဲ့သည့်အတွက် ဒေသခံ ကျောင်းသားကျောင်းသူများ၊ အလုပ်သမားများ တစ်ဖက်ကမ်းရှိ စံခလပူရီမြို့သို့ နေ့စဉ်ဖြတ်သန်းသွားလာရေး အခက်တွေ့နေကြရပြီး လာရောက်လည်ပတ်ကြည့်ရှုသော အပမ်းဖြေခရီးသွားဦးရေ ကျဆင်းခဲ့သည့်အတွက် ဒေသခံများ ဝင်ငွေထိခိုက်နေရသည်ဟု ဆိုသည်။

    စံခလပူရီမြို့နှင့် ဝင်းကရွာအား နယ်နိမိတ်ပိုင်းခြားထားသည့် အကျယ် ၄၄၀ မီတာခန့်ရှိ စံခလယ်ချောင်းကိုဖြတ်၍ အရှည် ၉၀ဝ မီတာနီးပါးရှိသည့် မွန်သစ်သားတံတားကို ပျံလွန်တော်မူခဲ့သည့် အထင်ကရ မွန်ဆရာတော်ဥတ္တမ ဦးဆောင်ဆောက်လုပ်ခဲ့ရာ သက်တမ်းအနှစ် ၃၀ ရှိခဲ့ပြီး ယမန်နှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် တံတားအလယ် ၇၀ မီတာခန့် ပြိုပြတ်ကျခဲ့ခြင်း ဖြစ်သည်။

    အဆိုပါ မွန်သစ်သားတံတားသည် ထိုင်းနိုင်ငံ၏အရှည်ဆုံး သစ်သားတံတားအဖြစ်ထင်ရှား၍ အိမ်ခြေ ၂ ထောင်ကျော်ရှိ ဝင်းကရွာကိုလည်း မွန်လူမျိုးများသာအဓိကနေထိုင်လျက်ရှိကြပြီး မွန်ယဉ်ကျေးမှုထွန်းကားရာ ကျေးရွာ(သို့မဟုတ်) မွန်ရွာဟု တင်စားခေါ်ဝေါ်နေကြသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts