spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်း မွန်ပြည်သစ်စခန်းများသို့ မူးယစ်ဆေးစွဲလူငယ်များအား လာရောက်အပ်နှံနေ

    မွန်ပြည်သစ်စခန်းများသို့ မူးယစ်ဆေးစွဲလူငယ်များအား လာရောက်အပ်နှံနေ

    -

    မူးယစ်ဆေးဝါးသယ်ဆောင်သူတစ်ဦးအား မွန်ပြည်သစ်က ဖမ်းဆီးရမိစဉ်(IMNA)
    မူးယစ်ဆေးဝါးသယ်ဆောင်သူတစ်ဦးအား မွန်ပြည်သစ်က ဖမ်းဆီးရမိစဉ်(IMNA)
    မွန်ပြည်သူလူထုအတွင်း မူးယစ်ဆေးဝါး သုံးစွဲနေကြသည့် လူငယ်များအား ထိန်းသိမ်းရန်နှင့် လိုအပ်သည့်ပြုစုစောင့်ရှောက်မှုများ ပြန်လည်ထူထောင်မှုများ ပြုလုပ်ရန် မွန်ပြည်သစ်ထိန်းချုပ် နယ်မြေများ ဖြစ်သည့် မော်လမြိုင်၊ ထားဝယ်၊ သထုံခရိုင် ဌာနချုပ်စခန်းများသို့ လာရောက်အပ်နှံမှုများ ရှိနေကြောင်း မွန်ပြည်သစ်ပါတီ ခေါင်းဆောင်များက ပြောသည်။

    “မိဘ တွေက သူတို့ သားသမီးတွေကို ထိန်းသိမ်း ပေးဖို့နဲ့ ပြုစု ပျိုးထောင် ပေးဖို့ ကျွှန်တော်တို့ စခန်းတွေမှာ လာအပ်တာ ရှိတယ်၊ ကျွှန်တော်တို့ ဖမ်းမိ တာတွေလည်း ရှိတယ်၊ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြုစု ပျိုးထောင် ပေးဖို့ ကျွှန်တော်တို့ ဆီမှာ လာအပ် ကြတယ်၊ အခုတောင် ကျွန်တော်တို့ ခရိုင် စခန်းမှာ အဲလိုမျိုး ထိန်းသိမ်း ထားရတဲ့ လူငယ်တွေ (၁၀) ယောက်ကျော် ရှိပါတယ်” ဟု မွန်ပြည်သစ် ပါတီ ထားဝယ် ခရိုင်ဥက္ကဋ္ဌ နိုင်အောင်မငေးက ပြောသည်။

    မွန်ပြည်သစ် ပါတီ၏ မူးယစ်ဆေးဝါး တားဆီး နှိမ်နှင်းရေးတွင် သုံးစွဲသည့် လူငယ်များကို စိတ်ပိုင်းဆိုင်ရာ ပြုစု ပျိုးထောင်မှု ပြုလုပ်ရန် သက်ညှာသည့် ပစ်ဒဏ် များဖြင့်သာ တစ်လတန်၊ နှစ်လတန်သည်အထိ ခေတ္တထိန်းသိမ်း ထားလေ့ ရှိပြီး နောက်ပိုင်းတွင် ခံဝန်ချုပ်ဖြင့်ပြန်လည်လွှတ်ပေးလျက် ရှိကြောင်း နိုင်အောင်မငေးက ဆက်ပြောသည်။

    ၂၀၁၄ ခုနှစ်အတောအတွင်း ခရိုင်အသီးသီးတို့၌ ထိုသို့ ပြုစုပျိုးထောင်ပြီး ပြန်လွှတ်ပေးခဲ့သည့် မွန်လူငယ်ပေါင်း (၂၀ဝ) ကျော် ရှိခဲ့ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ် ဒုရုံးအုပ် မင်းသူရဌေးက ပြောသည်။

    “တချို့ဆိုရင် မိဘတွေ ဆိုရင် သူတို့ သားသမီး တွေကို ပြုစု ပျိုးထောင်ဖို့ လိုအပ်တဲ့ ထောက်ပံ့မှု ငွေကြေး တွေက အစ ပေးတာမျိုး ရှိတယ်၊ မွန်လူမှု အသိုင်းအဝိုင်းမှာ ဒီအန္တရာယ် တော်တော်ကြီးကြီး မားမားကို ဖြစ်နေတယ်၊ သူတို့ အနေနဲ့ မထိန်းနိုင်တဲ့ အခြေအနေတွေမှာ ကျွှန်တော်တို့ စခန်းမှာ ပြန်လည် ပြုစု ပျိုးထောင် ပေးဖို့ လာအပ် ကြတယ်၊ တချို့ လူငယ် တွေကလည်း ကိုယ့်အသိ နဲ့ကိုယ် လာရောက် အပ်နှံတာမျိုးလည်း ရှိတယ်” ဟု မင်းသူရဌေးက ပြောသည်။

    လက်ရှိ အနေဖြင့် မွန်ပြည်သစ် ဌာနချုပ်ရှိ ထိန်းသိမ်းရေးအကျဉ်းစခန်း၌ ဘုရားသုံးဆူနှင့်ရေးချောင်းဖျားဒေသမှ လူငယ် (၂၀) ခန့် မူးယစ်မှုဖြင့် ထိန်းသိမ်း ထားရှိကြောင်း မင်းသူရ ဌေးက ဆက်ပြောသည်။

    ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ် များတွင် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေး လုပ်ငန်းစဉ် များကို ကြိုးပမ်း အကောင်အထည် ဖော်ခဲ့ရာ၌ ရောင်းဝယ် ဖောက်ကားမှု၊ လက်ဝယ် ပိုင်ဆိုင်မှု၊ တစ်ဆင့် ပြန်လည် ရောင်းချရန် အတွက် သိုလှောင်ထားရှိမှု စသည့် အမှုကြီးပေါင်း (၄၀) ကျော်ကို မွန်ပြည်သစ်ပါတီက ကိုင်တွယ်ခဲ့ကြောင်း နိုင်အောင်မငေးက ဆက်ပြောသည်။

    မွန်ပြည်နယ်တွင် လူငယ်များ အားလုံး၏ ၆၀ ရာခိုင်နှုန်းကျော် မူးယစ်ဆေး သုံးစွဲလျက် ရှိကာ အများအားဖြင့် စိတ်ကြွှ ဆေးနှင့် ဘိန်းစာရွက်တို့ကာ အဓိက အသုံးပြု နေကြကြောင်း မွန်လူငယ်ညီလာခံ၌ တင်သွင်းခဲ့သည့် “လူငယ်နှင့် မူးယစ်ဆေး” စာတမ်းအရ သိရှိ ရသည်။

    ထိုသို့ လူငယ်များ အတွင်း မူးယစ်ဆေး အသုံးပြုမှု များပြား လာနေသည်ကို ထိန်းချုပ် နိုင်ရန်နှင့် လိုအပ်သည့် ပြုစု ပျိုးထောင်မှု လုပ်ငန်းစဉ်ကို စနစ် တကျ လုပ်ဆောင် နိုင်ရန် အတွက် မော်လမြိုင် ခရိုင်နှင့် ထားဝယ် ခရိုင် တို့တွင် ပြန်လည် ထူထောင်ရေး စင်တာ နှစ်ခုဖွင့်ရန် မွန်ပြည်သစ်ပါတီမှ စီစဉ်နေကြောင်း သိရှိရသည်။

    မူးယစ်ဆေးဝါး ပြန်လည် ထူထောင်ရေး စင်တာ ဖွင့်လှစ်ရန်အတွက် နိုင်ငံတကာ အလှူရှင်များနှင့် ဆွေးနွေး ထားကာ လာမည့် ၂၀၁၅ နှစ်ဆန်း၍ အကောင်အထည် ဖော်နိုင်ရန် ဆောင်ရွက်နေကြောင်း မွန်ပြည်သစ်ပါတီ ပြည်ပရေးရာဌာနကြီးတာဝန်ခံ ဗဟိုအလုပ်အမှုဆောင်ဝင် နိုင်အေးမွန်က ပြောသည်။

    “EBO က တစ်နေရာ ပေးမယ်၊ အဲဒါကို မော်လမြိုင် ခရိုင်မှာ စင်တာဖွင့်ဖို့ပါ၊ UNDP က တစ်နေရာ ပေးဖို့ ဆွေးနွေး ထားတာကိုတော့ ထားဝယ် ခရိုင်မှာ စင်တာဖွင့်ထားဖို့ စီစဉ်ထားတယ်” ဟု နိုင်အေးမွန်က ပြောသည်။

    မွန်ပြည်သစ်ပါတီအနေဖြင့် မူးယစ်ဆေးဝါး တားဆီး ကာကွယ်ရေး ဆိုင်ရာ နည်းဥပဒေ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဧပြီလ၌ ကျင်းပသည့် ဗဟိုကော်မီတီ အစည်းအဝေးတွင် ရေးဆွဲ အတည်ပြုထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts