spot_img
Thursday, March 28, 2024
More
    spot_img
    Homeမေးမြန်းချက်Miss Myanmar Universe 2014 2nd runnerup ဆုရ ရွှေစင်ကိုကို နှင့်ဆက်သွယ်မေးမြန်းချက်

    Miss Myanmar Universe 2014 2nd runnerup ဆုရ ရွှေစင်ကိုကို နှင့်ဆက်သွယ်မေးမြန်းချက်

    -

    အမေရိကန်ပြည်ထောင်စုမှာကျင်းပမယ့် ၂၀၁၄ ကမ္ဘာ့မယ်စင်္ကြာဝဠာပြိုင်ပွဲအတွက် မြန်မာအလှမယ်ရွေးချယ်ပွဲကို ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံမှာ ဇူလိုင်လ ၂၇ ရက်ကျင်းပခဲ့ရာ Miss Myanmar Universe ဆုကို မသျှားထွဋ်အိန္ဒြာ၊ 1st Runnerup ယွန်းမီမီကျော်၊ 2nd Runnerup ရွှေစင်ကိုကို တို့က ဆုအသီးသီး ရရှိခဲ့ပါတယ်။

    ပြိုင်ပွဲအတွေ့အကြုံနှင့်ပတ်သက်၍ မွန်ပြည်နယ်မှ မရွှေစင်ကိုကိုအား လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သတင်းထောက် ခတ္တာနန်း၏ ဆက်သွယ်မေးမြန်းချက် ဖြစ်ပါတယ်(အယ်ဒီတာ)။

    မေး။ ။ ညီမရဲ့ နာမည်လေး ပြောပြပေးပါ?
    ဖြေ။ ။ ရွှေစင်ကိုကို ပါ။

    မေး။ ။ ရွှေစင်ကိုကိုက ညီမရဲ့ နာမည်အရင်းပဲလား?
    ဖြေ။ ။ မဟုတ်ပါဘူး ရွှေစင်ကိုကို က Miss Myanmar Universe 2014 ဝင်ပြိုင်တော့ ပေးထားတဲ့နာမည်ပါ၊ ညီမနာမည်အရင်းက မနန်းရွှေစင်ဝင့်ပါ။
    မေး။ ။ ညီမရဲ့ ဇာတိက ?
    ဖြေ။ ။ အမှတ် ၁၈၊ အောင်မင်္ဂလာ (၁) လမ်း၊ သံဖြူဇရပ်မြို့နယ်၊ မွန်ပြည်နယ်ကပါ။

    မေး။ ။ ညီမရဲ့ မိဘနှစ်ပါ နာမည်တွေက?
    ဖြေ။ ။ အမေနာမည်က ဒေါ်နွေမာပါ ၊ အဖေက (ဦးဇော်ဝင်း)ပါ။

    မေး။ ။ မွေးချင်း ဘယ်နှစ်ယောက်ရှိလဲ?
    ဖြေ။ ။ ညီမ အစ်ကိုယ်နှစ်ယောက်ရှိတယ်၊ ညီမက အငယ်ဆုံးပါ။

    မေး။ ။ ပညာအရေအချင်းလည်း ပြောပြပါဦး?
    ဖြေ။ ။ မော်လမြိုင်တက္ကသိုလ်မှာ တတိယနှစ် Geography တက်နေပါတယ်။

    မေး။ ။ Miss Myanmar Universe 2014 မှာ 2nd Runner up အပေါ်မှာ ရွှေစင်ကိုကို အနေနဲ့ ဘယ်လိုခံစားရလဲ၊ ဒီအပေါ်မှာရော စိတ်ကျေနပ်မှုရှိရဲ့လား?
    ဖြေ။ ။ ကျေနပ်မှုရှိပါတယ်၊ ကိုယ်က မွန်ပြည်နယ်ကနေ ထွက်တယ်ဆိုတော့လေ၊ ညီမက မွန်ပြည်နယ်ကို ကိုယ်စားပြုချင်တာလည်းပါတယ်၊ ဆုတွေကိုတော့ မမှန်းခဲ့ဘူး ဒါပေမယ့် အကောင်းဆုံးဖြစ်အောင်ကိုတော့ လုပ်ခဲ့တယ်၊ ဒီပွဲကိုလည်း အကောင်းဆုံးပြီးစေချင်တယ်၊ အခုလို 2nd Runner up အထိ ပါသွားတော့ ညီမအရမ်းကို ဝမ်းသာပါတယ်၊ မွန်ပြည်နယ်ကို အထူးပြုပြီး ရသွားတဲ့အတွက် မွန်တိုင်းရင်သူ တစ်ယောက် အနေနဲ့ ပထမဆုံး ထွက်တယ်လို့ ထင်တာပေါ့နော်၊ ဒီအတွက် အရမ်းကို ဂုဏ်ယူမိတယ်၊ နောက်ပြီး မွန်ပြည်နယ်က လူတွေလည်း ညီမလိုပဲ လာပြိုင်ကြပါလို့ ပြောချင်တယ်။

    မေး။ ။ Miss Myanmar Universe 2014 ကို ဝင်ဖြစ်ခဲ့တဲ့ အကြောင်းအရင်းလေးကိုလည်း ပြောပြပေးပါဦး?
    ဖြေ။ ။ ဒီ Miss Universe ကို မနှစ်ကတည်က ဝင်ပြိုင်ဖို့ စဉ်းစားထားတယ်၊ ဒါပေမဲ့ မနှစ်ကတော့ ပြိုင်ပွဲအချိန်နဲ့ စာမေးပွဲအချိန်က တိုက်နေတော့ ဝင်မပြိုင်ဖြစ်ဘူး၊ ဒီနှစ်မှ ပြိုင်ဖြစ်တာပါ။

    မေး။ ။ ဒီလိုဆုတွေ ရဖို့အတွက် ပြိုင်ဘက်တွေကို ဘယ်လိုကြိုစား ပြိုင်ခဲ့ရလည်း?
    ဖြေ။ ။ ဒီအယောက် ၂၀ လုံးကို ညီမရဲ့ ပြိုင်ဘက်အနေနဲ့ ညီမမတွေးပါဘူး၊ Camp သွင်းတဲ့ အချိန်က ၂ လ လောက်ကြာတယ်၊ ဒီအယောက် ၂၀ လုံးကို ညီမရဲ့ အစ်မတွေလိုပဲ သဘောထားပြီးတော့ ပြိုင်ခဲ့တာ၊ သူတို့တွေလည်း ညီမကို အများကြီး ကူညီခဲ့တယ်၊ ညီမက အမြဲတမ်း ရီတတ်တယ်၊ မေးခွန်းမေးတဲ့အချိန်မှာလည်း ရီနေတော့ သူတို့တွေက အနောက်ကနေပြီး သတိပေးကြတယ်၊ မရယ်မိဖို့ပေါ့နော်၊ အဲဒါကြောင့် အယောက် ၂၀ လုံးကို ကိုယ့်ရဲ့ ညီအစ်မအရင်းတွေလိုပဲ သဘောထားပါတယ်။
    မေး။ ။ ဒီပြိုင်ပွဲမဝင်ခင်မှာ အခြားဘယ်လိုပွဲမျိုးတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ဖူးသေးလဲ?
    ဖြေ။ ။ ၂၀၁၂ မှာ ညီမ Miss Myanmar Universe 2012 ဝင်ပြိုင်ဖူးပါတယ်၊ အဲဒီတုန်းက ညီမက အသက် ၁၇ နှစ်ပဲ ရှိသေးတယ်၊ အဲဒီပွဲက Miss Myanmar ရဲ့ ပထမဆုံးပွဲလည်းဖြစ်တယ်၊ အဲဒီပွဲမှာတော့ ဆုမရခဲ့ဘူး၊ အသက်ကလည်း မပြည့်ဘူး၊ ဒါပေမဲ့ Finalist ထဲတော့ ဝင်သွားတယ်၊ ဒါပေမယ့်လည်း ညီမဆက် မပြိုင်ဖြစ်ခဲ့ပါဘူး။

    မေး။ ။ ညီမအနေနဲ့ ပြိုင်ပွဲကိုဝင်ပြိုင်တဲ့အခါမှာ ဘယ်လိုပံ့ပိုးမှုတွေရရှိခဲ့ပါသလဲ။
    ဖြေ။ ။ အဓိကကတော့ ညီမ အမေပေါ့နော်၊ အစတုန်းကတော့ ပြိုင်ပွဲပြီးရင် ညီမ မပြိုင်တော့ပါဘူး၊ ပြိုင်ပွဲ တစ်ပွဲပြိုင်ရင် ပိုက်ဆံအရမ်းကုန်ကျပါတယ်၊ ဒီပြိုင်ပွဲကလည်း စပွန်ဆာတွေ အများကြီးပေးပါတယ်၊ အများကြီးလည်း ကူညီခဲ့ပါတယ်၊ အဓိကတော့ ညီမ အမေပေါ့၊ ပိုက်ဆံကိစ္စက အစ သေးသေးမွှားမွှားကိစ္စတွေကိုလည်း ကူညီပေးခဲ့ပါတယ်။ Hello Model Organization ကလည်း ညီမတို့ အယောက် ၂၀ လုံးကို နိုင်ငံခြား ခရီစဉ်တွေလွှတ်ပေးပြီးတော့ နိုင်ငံခြား Trainer တွေနဲ့ အများကြီးသင်ယူစေခဲ့ပါတယ်။

    မေး။ ။ ညီမအနေနဲ့ရော ဝင်ပြိုင်တဲ့အခါမှာ ဘယ်လိုမျိုးအခတ်အခဲတွေကြုံခဲ့ရပါသလဲ?
    ဖြေ။ ။ ညီမအနေနဲ့ကတော့ အခက်အခဲတွေအများကြီးကြုံတွေ့ခဲ့ရပါတယ်၊ ဒါပေမယ့် ညီမက နယ်ကနေ သွားပြိုင်ရတာဆိုတော့ အားလုံးကညီမကို ကူညီပေးကြပါတယ်၊ ညီမက ဆွေမျိုးတွေရဲ့အိမ်မှာနေပြီး သွားပြိုင်ရတာဆိုတော့ အခတ်အခဲတွေ သိပ်မရှိပါဘူး။

    မေး။ ။ ရှေ့ဆက်ပြီး ညီမ ဘယ်လိုပြိုင်ပွဲတွေမှာ ဝင်ပြိုင်ဖို့ရှိသေးလဲရှင့်?
    ဖြေ။ ။ အခုဆိုရင် မြန်မာပြည်ရဲ့ Miss 2nd runner ရသွားပြီးဆိုတော့ ဒီ Organization နဲ့ပဲ လူမှုရေးအလုပ်တွေ ဆက်လုပ်သွားမယ်လို ဆုံးဖြတ်ထားပါတယ်။

    မေး။ ။ ညီမက ဒီမွန်ပြည်နယ်ထဲမှာ ပထမဆုံး Miss 2nd Universe တစ်ယောက်ဖြစ်ခဲ့တယ်ဆိုတော့ မွန်ပြည်နယ်က ပရိတ်သတ်တွေကို စကားလက်ဆောင်လေး ပြောပေးပါရှင့်?
    ဖြေ။ ။ ညီမတို့မွန်ပြည်နယ်ကလူတွေက အသားအရည်လှကြတာများတယ်၊ တချို့မွန်မလေးတွေဆိုရင် အရမ်းချောကြပါတယ်၊ ညီမသူငယ်ချင်းတွေလည်းရှိပါတယ်၊ ကမာဝက်၊ ပင က ညီမသူငယ်ချင်းမွန်မလေးတွေပါ၊ ပြောချင်တာက ရွာမှာတော့မနေနဲ့ပေါ့၊ ပြိုင်ပွဲတွေမှာ ဝင်ပြိုင်စေချင်ပါတယ်၊ ညီမကို အားပေးခဲ့တဲ့ မွန်ပြည်နယ်က ပရိတ်သတ်တွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,500SubscribersSubscribe
    spot_img

    Latest posts