မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ဆောင်းပါး / ထိန်းသိမ်းကြစို့ ယဉ်ကျေးမှုအမွေ ပုဂံမြေ

ထိန်းသိမ်းကြစို့ ယဉ်ကျေးမှုအမွေ ပုဂံမြေ

ရေးသားသူ:

This slideshow requires JavaScript.

နိုင်မောင်တိုး

“အပ္ပမာဒေါ အမတ ပဒံ

ပမာဒေါ ပစ္စုနော ပဒံ

အပမတ္တာန မိယန္တိ

ယေပမတ္တာ ယထာမတာ။”

အဓိပ္ပါယ်ကား – “ကုသိုလ်ကောင်းမှုမမေ့မလျော့ခြင်းသည် သေခြင်းကင်းရာ နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ဖြစ်၏၊ ကောင်းမှုကုသိုလ်၌မေ့လျော့ခြင်းသည် ပူပန်ဆင်းရဲအဖန်တလဲလဲသေရခြင်း၏ အကြောင်းဖြစ်၏။ ကုသိုလ်ကောင်းမှု၌ မမေ့ မလျော့သောသူတို့သည် မသေရာနိဗ္ဗာန်သို့ ရောက်ကြမည်ဖြစ်၍ မသေသောသူများဖြစ်ကြသည်။

ကုသိုလ်ကောင်းမှု၌ မေ့လျော့သောသူတို့သည် အသက်ရှင်လျက်ရှိကြသော်လည်း အဖန်တလဲလဲသေကြရအုံးမည် ဖြစ်သဖြင့် သေသောသူနှင့်တူကုန်၏။”

ပုဂံမြို့ ငှက်ပစ်တောင်၊ ရှင်အရဟံအုတ်ကျောင်းမှ ရှင်အရဟံမထေရ်မြတ်၏ ပုဂံနေပြည်တော်တွင် ဟောကြားသည့် တရားဦးမြတ်ဒေသနာတော်ကို မှတ်တမ်းကျောက်စာတွင်ဖေါ်ပြထားခြင်းဖြစ်ပါသည်။

ကျွန်တော်သည်ပုဂံယဉ်ကျေးမှုနယ်မြေသို့ အကြိမ်ကြိမ်သွားလိုပါသည်။ သို့သော်အခြေအနေအကြောင်း အရပ်ရပ် ကြောင့်မရောက်ဖြစ်ခဲ့ပါ။

ပုဂံယဉ်ကျေးမှုဒေသသို့ ၁၉၇၅ ခုနှစ် ငလျင်ကြီးမလှုပ်ခင်က တစ်ကြိမ်ရောက်ခဲ့ဖူးပါသည်။ ထိုအ ကြိမ်မှစ၍ ကျွန်တော့်၏မျက်စိတွင် ပုဂံဘုရားပုထိုးမြင်ကွင်းများကို အမြဲသစေလိုမြင်နေမိပါသည်။ ထိုစဉ်က ဘုရားပုထိုးများ သည် မူလနဂိုအနေအထားအတိုင်းရှိခဲ့ကြပါသည်။ ခြုံနွယ်ပိတ်ပေါင်း အနည်းငယ် လွမ်းခြုံသည်မှလွဲ၍ ပုဂံယဉ်ကျေးမှု အလှကိုရှုမဝခဲ့ပါ။ မည်သည့်နေရာကြည့်ကြည့် မည်သည့်ရှုထောင့်မှကြည့်ကြည့် ယဉ်ကျေးမှုသဘာဝအလှအပမှာ လှပမြဲ ပင်ဖြစ်ပါသည်။

ပုဂံယဉ်ကျေးမှုအလှကို ရှုမဝဖြစ်ခဲ့ရသော ချဉ်ခြင်းသနေသော ကျွန်တော်သည် အဝေးမြေခြားမှ ပြန်လာသော ငယ်သူချင်းတစ်ယောက်နှင့်အတူ နှစ်ယောက်သား ၂၀၁၄ မတ်လ စတုတ္ထပတ်တွင် သွားရောက်ခဲ့ကြပါသည်။ အညာနွေပူ ပြင်းမှု ဒဏ်ကိုစတင်ခံစားရပါတော့သည်။ခြုံနွယ်ပိတ်ပေါင်းအနည်းငယ်ရှင်းပြီး ကတ္တရာလမ်းများကောင်းပါသည်။ နန်းမြင့် ဆောင်နှင့် အဓိကမြို့အဝင်တရပါတံခါးအနီး ဟောတယ်ကြီးများမှာ ယဉ်ကျေးမှုအမွေအနှစ်ကို အရုပ်ဆိုးအကျည်းတန်စေ ပါသည်။ စေတီများကိုလည်း ရှေးမှုမပျက် ကြံ့ခိုင်မှုအတွက် ထိန်းသိမ်းသည်မှာကောင်းပါသည်။ သို့သော်ပြုပြင်ထားခဲ့သော နောက်ပေါက်ဒါယကာတို့၏ ကမ္ဗည်းကျောက်စာမှာ ပို၍ထင်ရှားလာသည်ကို သတိပြုမိပါသည်။

ပုဂံယဉ်ကျေးမှုနယ်မြေသို့ ကျွန်တော်ဦးစွာသွားရောက်ဖူးမျှော်လိုသောစေတီပုထိုးများမှာ အနော်ရထာမင်းကြီး၏ ရွှေစည်းခုံစေတီ၊ ကျန်စစ်သားမင်းကြီး၏ အာနန္ဒဂူဘုရား၊ မြင်းကပါရွာမှ မနူဟာဘုရားနှင့် နန်းဘုရား၊ ၎င်းင်းအနီးမှ ရာဇကုမာရ်၏ ဂူပြောက်ကြီးဘုရား၊ မြစေတီနှင့် ပါဠိ၊ ပျူ၊ မွန်၊ ဗမာ လေးဘာသာကျောက်စာနှင့် ငှက်ပစ်တောင်ရှိ ရှင်အဟံ၏ အုတ်ကျောင်းတို့ဖြစ်ပါသည်။ အဘယ်ကြောင့်နည်း။ ဤရွှေစည်းခုံစေတီနှင့် အာနန္ဒဂူဘုရား၊ မနူဟာဘုရား၊ နန်းဘုရား၊ ဂူပြောက်ကြီး၊ မြစေတီ၊ ရှင်အရဟံအုတ်ကျောင်းနှင့်သိမ်တော်ကြီးတို့သည် ပုဂံပြည်ကြီးဗုဒ္ဓဘာသာသာသနာ ရောင်ဝါထွန်းစ ကပင်တည်ထားခဲ့သော သာသနာအမွေအနှစ် သာသနိက အဆောက်အဦးများဖြစ်သောကြောင့်တည်း။ ဧရာဝတီမြစ်ကမ်းနံ ဘေးရှိ ဗူး ဘုရားသည် ပျူလူမျိုးတို့အစအဦး ပုဂံတွင်တည်ထားသောစေတီဖြစ်သော်လည်း နှစ်စောသည်မှ လွှဲ၍ဗုဒ္ဓသာသနိ က အနုလက်ရာများမရှိခဲ့ပါ။ ထိုကြောင့်လည်း ကျွန်တော်တို့နှစ်ဦးသည် ရွှေစည်းခုံစေတီနှင့်နီးသော တည်းခိုခန်းတွင် တည်းကြပါသည်။

ကျွန်တော်တို့ရောက်သောနေ့ နေ့လည်စာစားပြီးချိန်ဖြစ်၍ တစ်ညနေလုံးအာနန္ဒာဂူဘုရားသို့ သွားရောက်ဖူးမျှော် လေ့လာကြပါသည်။ အတွင်းဂန္ဓကုဋိတိုက်ရပ်တော်မူလေးဆူမှာ အလွန်သပ္ပါယ်ပါသည်။ ရပ်တော်မူလေးဆူမှာည်းလက်ဟန် အနေအထားတစ်ဆူနှင့်တစ်ဆူမတူပါ။ ဂူဘုရား အတွင်းသို့ဝင်စမှပင် ခြေတော်မှ မျက်နှာတော်ထိ အလင်းရောင်မှာ တဖြည်း ဖြည်းလင်းသွားပါသည်။ လျှပ်စစ်မီးမရှိလျင်ပင် သဘာဝအလင်းပေါက်မှ အလင်းဝင်ရောက်စေရန် ဗိသုကာလက်ရာမှာ အံ့မ ခန်းပင်ဖြစ်ပါသည်။ ခြေတော်ရင်းတွင် ရှင်အရဟံနှင့် ကျန်စစ်သားမင်းတို့၏ ကန်တော့နေပုံမှာ ၎င်းင်းတို့၏ မူရင်းရုပ်ရည် များပင်ဖြစ်ပါသည်။ အလွန်လက်ရာမြောက်လှပါသည်။ ဂူအဝင်ဝတဖက်တချက်တွင် နတ်သားအင်္ဂတေရုပ်မှာလည်း ကနွဲ့က ရကနေဟန်၊ ခါးဝတ်ပုဆိုး၏ ဘီးလူးပန်းဆွဲအင်္ဂတေလက်ရာမှာ အလွန်လက်ရာမြောက်ပါသည်။ အာနန္ဒာဂူဘုရား၏အ တွင်းပတ်လမ်းတွင် ဗုဒ္ဓမြတ်စွာဘုရား၏ဖြစ်စဉ်တော် အင်္ဂတေရုပ်များမှာလည်း အလွန်လက်ရာမြောက်ပါသည်။ ဖွါးတော်မူ ခန်းလက်ရာမှာ ကြည်ညိုဖွယ်ရာအကောင်းဆုံးပင်ဖြစ်ပါသည်။ သို့သော်ထိန်းသိမ်းမှုအားနည်းခြင်းကြောင့်လား။ ကျွန်တော် တို့လူမျိုး၏ ယဉ်ကျေးမှုအမွေအနှစ်ထိန်းရန်စိတ်ဓါတ်အားနည်းမှုကြောင်းလားမသိပါ။ တချို့ပြကွက်လက်ရာများမရှိ ဟောင်း လောင်းဖြစ်နေခြင်း၊ ဗုဒ္ဓဆင်းတုဦးခေါင်းတော်မရှိ ပြတ်နေသည်ကိုတွေ့ရခြင်းကြောင့် အလွန်စိတ်မကောင်းဖြစ်မိပါသည်။ ယဉ်ကျေးမှု အမွေထိမ်းသိမ်းရန်စိတ်ဓါတ်များစွာ လိုအပ်နေပါသည်။

အာနန္ဒာဂူဘုရားအတွင်းပတ်လမ်းများကို တဝလေ့လာဖူးမျှော်ပြီးနောက် အပြင်ထွက်ခဲ့ပါသည်။ အာနန္ဒာဘုရားကို အပြင်ဘက်တွင်မည်သည့်ထောင့်မှ ကြည့်ကြည့်ရှုမငြီးဘွယ် အနုအလှများနှင့်ပြည့်နှက်လျက်ရှိပါသည်။ ဂူဘုရား၏စုလစ်မွမ်း ချွန်များမှာအလွန်လှပ အချိုးကျလှပါသည်။ ကျွန်တော်သည် အာနန္ဒာဘုရားအားအဝေးကြည့် အနီးကြည့်ထောင့်စုံအောင် ကြည့်ရှု့လေ့လာပြီး အနီးကပ်အောက်ခြေခါးပန်းတွင် ရောင်စုံစဉ့်ကွက်နှင့် စဉ့်ကွက်အောက်ခြေတွင် ရှေးမွန်ကျောက်စာဖြင့် ကမ္ဗည်း ရေးထိုးထားသည်ကိုလေ့လာခဲ့ပါသည်။ ထိုရောင်စုံစဉ့်ကွက်များသည် မြတ်စွာဘုရားအား မာရ်စစ်သည်အမျိုးမျိုးက အနှောက်အယှက်ပေးနေသည့်ပုံများကို ပတ်ပတ်လည်တွင်ဖေါ်ပြနေပါသည်။ တစ်ချို့စဉ့်ကွက်တစ်ကွက်စ နှစ်ကွက်စ ပျောက် ဆုံးလပ်နေသည်ကိုလည်းတွေ့ရပါသည်။ အရုပ်တစ်ချို့ကျိုးပဲ့နေသည်ကိုလည်း တွေ့ရပါသည်။ အောက်ခြေတွင် ပုဂံခေတ် မွန်ကျောက်စာများဖတ်၍ ရသည်လည်းရှိသကဲ့သို့ မရသည်လည်းရှိသည်။ အဓိပ္ပါယ်သိသည်ရှိသလို မသိသည်လည်းရှိပါ သည်။ တစ်ကွက်မှာ – “မာရ်=မာန်နတ်၊ ဗလ်=စီးသည်၊ ယန်=ယာဉ်၊ က’အ်=ကျား၊” အဓိပ္ပါယ်မှာ “မာရ်နတ်ကျားယာဉ်စီးသည်” ဟု အဓိပ္ပါယ်ရပါသည်။ ထိုကြောင့်လည်း အမြင့်မှာသဗ္ဗညု၊ ထုမှာဓမ္မာရံ၊ အနုမှာ အာနန္ဒာဟု အာနန္ဒာဂူဘုရား၏ အနု လက်ရာတို့စံထားခြင်းဖြစ်ပါသည်။ ဇာတ်ကြီး (၁၀)ဘွဲ့နှင့် ငါးရာငါးဆယ်စဉ့်ကွက်များသည် အထက်ပစ္စယံတွင်ရှိသဖြင့် တက်ခွင့်မရပါ။

ထိုရောက်သည့်နေ့တစ်ညနေလုံး အာနန္ဒာဂူဘုရားတစ်ဆူတည်းနှင့်ပင် အချိန်ယူလိုက်ပါသည်။ ညနေနေဝင်ချိန်ဖြစ် ၍ တန့်ကြည်တောင်ထဲနေဝင်သည်ကိုကြည့်ရန် ရွှေဆံတော်ဘုရားသို့သွားလိုက်ပါသည်။ ကျွန်တော်သည် ပင်လယ်သမုဒ္ဒရာ ကမ်းစပ်တွင်နေသော မွန်ပြည်နယ်သားဖြစ်၍ သမုဒ္ဒရာထဲသို့နေလုံးကြီးကျသွားသည့် မြင်ကွင်းမှာကျွန်တော့်အတွက် မထူး ဆန်းမြင်နေကျမြင်ကွင်း ပင်ဖြစ်သည်။ နေကျသည်ကို မမြင်ဘူးသောနိုင်ငံခြားသား၊ ပင်လယ်မမြင်ဘူးသောနိုင်ငံခြားသားများ ဘုရားပေါ်တွင် တိုးခွေ့လျက်ရှိပါသည်။ ကျွန်တော်သည်လည်း အပေါ်မြင်ကွင်းမှမြင်ရသော နေဝင်ရီသရော ပုဂံအလှမြင် ကွင်းကိုသာ အားပါးတရ ရှုစားဓါတ်ပုံရိုက်နေလိုက်ပါတော့သည်။

ကျွန်တော်တို့ ရေမိုးချိုးအမြန်ညနေစာစားပြီး မှောင်ရီပျိုးစညနေတွင် ရွှေစည်းခုံစေတီသို့ နှစ်ယောက်သား လမ်းလျောက်သွားပါသည်။ ရွှေစည်းခုံအဝင်စောင်းတန်းတလျှောက်နှင့် ရင်ပြင်ပေါ်တွင် လူစည်ကားလျက်ရှိပါသည်။ ဘုရား ဖူးအာရုံပြုပြီး ကြည့်လိုသော လေးဘက်လေးတန်မှ ထီးတော်စိန်ဖူးတော်ကိုမြင်ရသော အရပ်လေးမျက်နှာရေခွက် လေးနေရာ ကို လိုက်ရှာပါတော့သည်။ အဓိပ္ပါယ်မှာ ရွှေစည်းခုံစေတီထီးတော်နှင့် စိန်ဖူးတော်ကပ်လှုတင်စဉ် တည့်တည့်မတ်မတ်ရှိစေရန် အတွက် စေတီအောက်ခြေ လေးဘက်လေးတန်မှ ရေကွက်ကိုကြည့်ပြီး ရေလေးကွက်စလုံး စေတီ၏ထီးတော်စိန်ဖူးတော်၏ အရိပ်ကိုမြင်လျှင်တည့်မတ်ကြောင်း၊ ပုဂံခေတ်ဦး၏ ဗိသုကာရေချိန်ပညာပင်ဖြစ်သည်။ သို့သော် ကျွန်တော်လိုက်ရှာ မေးမြန်း သော်လည်း တစ်နေရာသာကျန်ရှိတော့ကြောင်း ဝင်ကြည့်ခဲ့ရာ စိန်ဖူးတော်ကိုထိုရေခွက်တွင်အရိပ်အထင်းသား မြင်နေရ သည်မှာ အံ့ဘွယ်ဗိသုကာပညာပင်ဖြစ်တော့သည်။ ကျွန်တော်သည် ရောက်လေရာဘုရားစေတီများတွင် မနုဿီဟ ရုပ်ပုံ သဏ္ဍာန်ကိုလေ့လာတတ်ပါသည်။ အာနန္ဒာဂူဘုရားရှိ မနုဿီဟပုံနှင့် ရွှေစည်းခုံဘုရား မနုဿီဟပုံသဏ္ဍာန်မှာ အတူ တူပင်ဖြစ်သည်။ စေတီကိုအထပ်ထပ်ဖူးမျှော်လေ့လာပြီး ဘုရားဝင်းပိတ်မည့်ည (၁၀)နာရီမထီးမှီ အဆောင်သို့ပြန်ခဲ့ပါသည်။

“တစ်ပါးသောချစ်သူနှင့် ကွဲကွာ၍ မျက်ရည်ရှိသောသူတို့ကို အကျိုးစီးပွါးဆောင်ခြင်းဖြင့် မေတ္တာစိတ်တည်းဟူသော လက်ဖြင့် အရှင်ဂြီ တြိဘုဝနာဒိတျ ဓမ္မရာဇာမင်းသည်သုတ်ပစ်လတ္တံ။ စိတ်နှလုံးမသာယာသူ၏အညစ်အကြေးတည်းဟူသော နှပ်ကို အကျိုးစီးပွားဆောင်ခြင်းဖြင့်သနားခြင်းတည်းဟူသောရေဖြင့် ဆေးကြောလတ္တံ။ အရှင်ဂြီတြိဘုဝနာဒိတျ ဓမ္မရာဇာမင်း သည် လကျာ်လက်ဖြင့်ထမင်း၊ မုန့်ကိုလူအပေါင်းတို့အားပေးလတ္တံ။ လက်ဝဲလက်ဖြင့်အဝတ်ပုဆိုး၊ ပစ္စည်းတို့ကိုလူအပေါင်း တို့အားပေးလတ္တံ။ ခပ်သိမ်းသောလူအပေါင်းတို့ကိုလည်း အမိ၏ရင်ဝယ်သားကဲ့သို့ အရှင်ဂြီ တြိဘုဝနာဒိတျ ဓမ္မရာဇာမင်း သည်ယဉ်ကျေးအောင်ပြုလတ္တံ…” စသည့်စသည့် စာပေရသမြောက်လှသောကျန်စစ်သားမင်း၏ အတ္ထုပ္ပတ္တိ မူရင်းမွန် ဘာသာကျောက်စာနှစ်တိုင်ကိုလည်းဖတ်လိုပါသည်။

“….ဂေါတမဖုရားသခင် ပရိနိဗ္ဗာန်စံလွန်သည့်နှစ်မှ ၂၀၉၄ နှစ်လွန်လပ်ပြီးသော မြတ်သောမင်းတရားကြီး သီရိ ပရမမဟာဓမ္မရာဇ အမည်ရှိသော နေမင်း၏ကျက်သရေကဲ့သို့…”

“…ကေတုမတီ၊ ဟံသာဝတီ၊ သရေခေတ္တရာ၊ အရိမဒ္ဒနပူရ၊ အဝ၊ မိုးမိတ်၊ သီပေါ၊ ပတ္တမြားတွင်း၊ မိိုုးကောင်း၊ မိုးညှင်း၊ ကလေးမြို့တို့ကို အစိုးရတော်မူသောမင်းဧကရာဇ်… အရိမဒ္ဒနပူရပြည်နယ် စွယ်တော်ဓါတ်ကိန်းအောင်းရာ ရွှေ စည်းခုံဒါရကာတော်လည်းဖြစ်ထသော သီရိပရမမဟာဓမ္မရာဇာဓိရာဇ အသျှင်ဘဝရှင်မင်းတရားကြီးသည် ထုပိကါမှမြေတိုင် အောင်ရွှေအပြည့်ထည့်တော်မူ သဖြင့် အလွန်အရောင်အဝါတောက်ပတော်မူ၏။ ကြေးခွက်နှစ်ထောင့်တစ်ရာသွန်းသော ခေါင်းလောင်းကို မြတ်စွာဖုရားစွယ်တော်ဓါတ်ရွှေစည်းခုံဘုရားကို ပူဇော်တော်မူ၏။…သက္ကရာဇ်၉၁၉ခု၊ နယုန်လပြည့်လွန် တစ်ဆယ့်တစ်ရက် တနင်္ဂနွေနေ့…အရပ်ဆယ်မျက်နှာကိုအောင်မြင်တော်မူသော အသျှင်ဘဝရှင်မင်းတရားကြီးသွန်းတော် မူသောခေါင်းလောင်းတော်။ ။”ဘုရင့်နောင်မင်းတရားကြီး၏မူရင်းမွန်ဘာသာ ခေါင်းလောင်းစာကိုလည်းဖက်လိုသည်။

ထို့ကြောင့်နောက်မနက်အစောကြီးပင် နံနက်ပိုင်း၏ရွှေစည်းခုံစေတီတော်၏ ထူးကဲသည့်မြင်ကွင်းကိုဖူးမျှော်လို သဖြင့်သွား၍ အထပ်ထပ်အခါခါလေ့လာဖူးမျှော်ခဲ့ပါသည်။ သို့သော်ကျန်စစ်သားမင်း၏ အတ္ထုပ္ပတ္တိမွန်ကျောက်စာနှင့် ဘုရင့် နောင်မင်းတရားကြီး၏ အရပ်ဆယ်မျက်နှာအောင်မြင်ခြင်းအထိမ်းအမှတ် မွန်ခေါင်းလောင်းစာကိုဖတ်ရှုခွင့်ရရန် အဆင့်ဆင့် တင်ပြချက်များလုပ်ရ၍ မနက်၁၀နာရီတိုင်ထိအောင် မစောင့်နိုင်သဖြင့် မဖတ်ခဲ့ရပဲ မြင်းကပါရွာသို့ပြေးခဲ့ရပါတော့သည်။

မြင်းကပါရွာရှိ မနူဟာဘုရားသည် အပြင်ဘက်မှကြည့်သော် ယခင်ကအတိုင်းပင် သိပ်ပြောင်းလဲထူးခြားမှုမရှိလှပါ။ ဂူဘုရား၏မျက်နှာဝရှိ ကျောက်သပိတ်ပေါ်တက်ပြီးငွေလှူလိုက်ကြပါသည်။ ဂန္ဓကုဋိတိုက်တွင်းရုပ်ပွါးတော်မူ ရွှေသင်္ဃန်းကပ် လှူမှုများလာခြင်းကြောင့်ထူးခြားလာပါသည်။ မနူဟာမင်းသည် သူ၏မနောမယလက်စွပ်ကို မြင်းကပါသူဌေးအားရောင်းချပြီး ဤဂူဘုရားကိုတည်သည်ဟုဆိုပါသည်။ မနူဟာမင်း၏အကျဉ်းစံဘဝကိုဖေါ်ညွှန်းပြီး စိတ်အကျဉ်းကြပ်ခံစားမှုကို ရုပ်ပွါးတော် အားမွမ်းကြပ်သည့်အလား အဓိပ္ပါယ်အပြည့်နှင့်တည်ထားခဲ့ပါသည်။ “နိဗ္ဗာန်မရောက်မှီစပ်ကြားသံသရာတွင်ကျင်လည်ရသမျှ ကာလပတ်လုံးသူတစ်ပါး၏ ကျွန်မဖြစ်ရပါလို၏” ဟုမွန်ဘာသာဆုတောင်းစာဖြင့် ကမ္ဗည်းရေးထိုးထားသည့် မွန်ဘာသာသ မိုင်းတွင်ဆိုထားသော်လည်း ယခုထိုဆုတောင်းစာကိုရှာမတွေ့ပါ။ ဘုရားဝင်းပရဝုဏ်ရှိ မနူဟာမင်းနှင့်မိဖုရား နင်္ဂလာဒေဝီ တို့၏ရုပ်ထုပုံ နံရံတွင် ၎င်းင်းတို့၏ နာမည်ကိုမွန်ဘာသာဖြင့်ရေးထားသည်ကိုသာ တွေ့ရပါသည်။ ထိုရုပ်ထုများသည် ဆေးရေး နံရံပန်းချီကိုကြည့်ပြီး နောက်မှပြုလုပ်သည်ဟုယူဆရပါသည်။

မနူဟာဘုရားမှ နန်းဘုရားသို့အသွားကုန်းပေါ်တလျှောက် ထနောင်းပင်အရိပ်အောက်တွင် နံရံဆေးရေးပုံတူများကို အဝတ်ပေါ်တွင်ရေးဆွဲနေသူများ၊ ယွန်းထည်များကို တပိုင်တနိုင်လုပ်နေသူများကိုတွေ့ရပါသည်။ ၎င်းင်းတို့နှင့်စကားစမြည် ပြောဆိုကြည့်ရာ ၎င်းင်းတို့သည် မြင်းကပါရွာသားဖြစ်ကြပါသည်။ ဘိုးစဉ်ဘောင်ဆက်များသည် မနူဟာမင်းကြီးနှင့် ပါလာ သောအနွယ်များဖြစ်ကြောင်း၊ ၎င်းင်းတို့သည်သထုံမှ မွန်အဆက်များဖြစ်ကြောင်းကို ပြန်ပြောပြနေကြပါသည်။ မွန်စကားကို မတတ်တော့ကြောင်း မနူဟာဘုရားနှင့်တကွ မြင်းကပါရွာသာသနိက အဆောက်အအုံးများကိုတတ်နိုင်သမျှ ထိန်းသိမ်းကြ ကြောင်း၊ မည်သည့်အသက်မွေးဝမ်းကြောင်းကို လုပ်သနည်းဟုမေးမြန်းကြည့်ရာ ယွန်းထည်နှင့်နံရံဆေးရေးပန်းချီ ပုံတူများကို ဘိုးစဉ်ဘောင်ဆက် ရိုးရာလုပ်ငန်းအဖြစ်ဆက်လက်လုပ်ကိုင်ကာ အသက်မွေးနေကြကြောင်း၊ ပုဂံတဝိုက်နံရံဆေးရေးပန်းချီ ပုံတူဆွဲသောပုဂ္ဂိုဟ်များသည် မြင်းကပါရွာမှ များကြောင်းဂုဏ်ယူဝင့်ကြွားစွာဖြေကြပါသည်။

နန်းဘုရားသည် မနူဟာမင်း၏နန်းတော်နေရာဟုလည်း ဆိုကြသည်။ တချို့ကလည်း ၎င်းင်း၏သားတော် တည်သော ဘုရားဟုဆိုပါသည်။ နန်းဘုရား၏ပြင်ပ အခြေအနေသည်လည်းကောင်း အတွင်းပိုင်းအခြေအနေသည်လည်းကောင်း အလွန် ဆိုးရွားစွာပျက်စီးနေပါသည်။ ပုဂံငလျင်ကြီးပြီးကတည်းက ပျက်စီးမှုများလာသည်။ အတွင်းပိုင်းတွင် မပြိုကျစေရန် သစ်သား တိုင်ဖြင့်ထောက်ကန်ထားပါသည်။ သို့သော် နန်းဘုရား၏အတွင်းအပြင် အင်္ဂတေအနုလက်ရာများမှာ အလွန်လက်ရာ မြောက်ပါသည်။ အပြင်ဘက်တွင် ပြူတင်းပေါက်ကိုရန်ထားသော အင်္ဂတေ ကနုတ်ပန်းများ ဟင်္သာရုပ်အင်္ဂတေရုပ်ကြွဖြင့် ခါးပန်းပတ်ပတ်လည်မှာ ရှုမငြီးဘွယ်ပင်ဖြစ်သည်။ အတွင်းပိုင်းတိုင်လေးဘက်လေးတန်တွင် လေးမျက်နှာဗြဟ္မာအင်္ဂတေရုပ် ကြွများ၊ ပတ်လည်တွင်ဘီးလူးပန်းဆွဲ အင်္ဂတေရုပ်များမှာအလွန်လှပပါသည်။ အတွင်းနံရံပတ်ပတ်တွင်လည်း ပုဂံခေတ်ဦးဗုဒ္ဓ ဝင်များရေးဆွဲထားသည်မှာ လက်ရာမြောက်ကြောင်းခံစားခဲ့ရပါသည်။

ထိုမှဆက်၍ ကျန်စစ်သား၏သားတော်တစ်ပါးဖြစ်သော်လည်း ထီးနန်းဆက်ခံမထိုက်သော ရာဇကုမာရ်မင်းသား၏ မြင်းကပါဂူပြောက်ကြီးဘုရားသို့ရောက်ခဲ့ပါသည်။ ရာဇာကုမာရ်မင်းသားသည် ဖခင်ကျန်စစ်သားမင်း၏ ကျေးဇူးတရားကို အလွန်သိသောသားဖြစ်၍ ဖခင်မဆုံးမှီ ရွှေအတိပြီးသော ဆင်းတုကိုဖခင်အားရည်စူးပြီး လှူဒါန်းခဲ့ကြောင်းကို မြစေတီ ကျောက်စာလေးဘာသာတွင် ဆိုထားပါသည်။

ထိုဂူဘုရားကိုလည်းတည်ထားပါသည်။ အံ့သြဘွယ်ဂူဘုရားမှာ အတွင်းအပြင် အဆင်တန်ဆာတို့ကိုလည်း နေရာလပ်ဟူ၍ူမရှိနိုင်အောင် အပြောက်အပြိန်းအခြယ်အလှယ်တို့ဖြင့် သေသပ်ပြတ်သားစွာ အင်္ဂတေအဖေါင်းအကြွတို့ဖြင့်တန်ဆာဆင်ထားရုံမျှမက ဂူတွင်းတွင်လည်း ပန်းချီဆေးရေးရုပ်တို့ကို စုတ်ချက်ရဲဝံ့စွာဆွဲ၍ သရုပ်ဖေါ်ထားပြီး အောက်ခြေတွင်ပုဂံခေတ်ဦးမွန်စာဖြင့် အကြောင်းအရာကိုဖေါ်ပြထားပါသည်။ ထိုမြင်းကပါဂူပြောက်ကြီး အကြောင်းကို ရှေးဟောင်း သုတေသနဦးစီးဌါန လက်ထောက်ညွှန်ကြားရေးမှုး (အငြိမ်းစား) ဦးကျော်ငြိမ်းက ၁၉၉၂ခုနှစ် ပုံနှိပ်ထုတ်ဝေခဲ့ရာ အမျိုးသားစာပေဆုပင်ရရှိခဲ့ပါသည်။ သို့သော်ဆုလက်ခံမယူမှီအချိန်တွင် ဦးကျော်ငြိမ်းကွယ်လွန်ခဲ့ပါ သည်။ ထိုမှမြစေတီကိုဖူးမျှော်ရင်း ရာဇကုမာရ်မင်းသား၏ ပါဠိ၊ ပျူ၊ မွန်၊ ဗမာ (၄)ဘာသာ ကျောက်စာတိုင်မူရင်းကိုဝင် ရောက်လေ့လာခဲ့ပါသည်။ “သီရိ။ ဖုရားအားရှိခိုးပါ၏။ သီရိ- ဗုဒ္ဓဘုရားသခင်သာသနာတော် တစ်ထောင့်ခြောက်ရာနှစ်ဆယ့် ရှစ်နှစ်လွန်လေပြီးရကား ဤအရိမန္ဒပြည်၌ ဂြီတြိဘုဝနာဒိတျ ဓမ္မရာဇာမင်း…”ထိုမြစေတီကျောက်စာသည် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး နှစ်ပေါင်း ၁၆၂၈ နှစ်အကြားကျန်စစ်သား၏ နန်းတက် သက္ကရာဇ်ကိုစတင်သိရှိခဲ့ပါသည်။ ထိုခေတ်ပုဂံပြည်၏ အုပ်ချုပ်ပုံစနစ်တစွန်းတစကို သိရသည်။ သာသနာပိုင်တို့၏အမည်ကိုသိရသည်။ ထိုခေတ်၏ဘာသာစကားတစ်ခုနှင့် တစ်ခု နှိုင်းယှဉ်လေ့လာနိုင်ပါသည်။ မြန်မာစာပီပြင်လာမှုအစကို ထိုကျောက်စာမှပင်စတင် တွေ့ရှိရသည့်အကျိုးပင်ဖြစ်ပါသည်။

ထိုမှဧရာဝတိမြစ်ကမ်းနဖူးရှိလောကနန္ဒာစွယ်တော်ဘုရားသို့ သွားရောက်ကြပါသည်။ အညာပုဂံမြေ၏နွေလအပူ ဒဏ်ကိုလှလှကြီးခံစားရပါတော့သည်။ ထိုမျှမက ဘုရားဖူးတို့နေရိပ်ခိုရင်းလောကနန္ဒာစွယ်တော် ဘုရားတံတိုင်း အရိပ်ရသည့် နေရာမှ ဧရာဝတီမြစ်ကို မျက်စိတဆုံးလှမ်းမျှော်ကြည့်ရင်း စိတ်အစဉ်မှာလည်းဤသို့ ခံစားမိပါသည်။ ပုဂံငလျင်ကြီးမလှုပ်ခင် လွန်ခဲ့သောနှစ်ပေါင်း (၃၀)ကျော်ကဤနေရာမှပင် မိမိမြင်ခဲ့သော မြစ်မင်းဧရာဝတီနှင့် ယခုမြင်နေရသောညှိုးလှသည့် ဧရာဝတီမြစ်ကျဉ်းဘဝတို့မှာ ကွာခြားခြင်းမကကွာခြားလှပါသည်။ ယခင်ဧရာဝတီမြစ်မင်းသည် အကျယ်ကြီးပင်ဖြစ်ပြီး သောင်ထွန်းနေသည်ကို မတွေ့ခဲ့ရပါ။ ဤလောကနန္ဒဘုရားခြေရင်းမှာပင် ကျွန်းသစ်ဖေါင်များအစီအရီနှင့် စည်ကားလှသည်။ ယခုဘာသစ်ဖေါင်မှ မတွေ့ရ။ ယခင်ကဧရာဝတီသင်္ဘောကြီး စက်လှေကြီးငယ်တို့ဥဒဟိုစုံဆန်သွားလာသည်ကို မြင်ခဲ့ရသည်။ ယခုတော့ ပဲ့ချိတ် လှေငယ်လေးမှလွှဲ၍တိတ်ဆိတ်နေတော့သည်။မွန်ပြည်နယ်သား စာရေးသူမှာ မျက်စိတဆုံးပင်လယ်ပြင်ကို မြင်နေကျဖြစ်သဖြင့် ယခုသဲသောင်ထွန်းပြီး မြစ်ရေကျဉ်းလာသောဧရာဝတီကို ခြေကျင်လျောက်၍ မြစ်ကျဉ်းကိုဖြတ် နိုင်သည်ဟု စိတ်တွင်ထင်မှတ်လာသည်။ ဤအတိုင်းဆက်သွားပါက ဧရာဝတီမြစ်ကြီးအားကိုးနေရသော မြစ်တဖက်တချက် နေပြည်သူများသာမက မွန်သမိုင်းအရ ပုသိမ်မဏ္ဍလ(၃၂)မြို့ ဧရာဝတီမြစ်ဝကျွန်းပေါ်သားများလည်း ဒုက္ခလှလှခံရတော့ မည်။ ဧရာဝတီကိုမှီခိုနေကြသော ဒေသခံပြည်သူသာမက မြန်မာပြည်သားအားလုံးကယ်မှ ဖြစ်ကြမည်ပါ။ ဧရာဝတီကိုကယ် (Save the Irrawaddy ) ကြပါစို့။

နောက်တစ်နေ့မနက်ပိုင်းတွင် ပုဂံနယ်မြေယဉ်ကျေးမှုပြတိုက်သို့ ရောက်ရှိခဲ့သည်။ ပြတိုက်ကို လုံခြုံရေးစနစ် အပြည့်ယူထားသည်မှာကောင်းမွန်ပါသည်။ ယခုကျမှပဲ မကြည့်ခဲ့ မဖတ်ခဲ့ရသော ရွှေစည်းခုံရှိကျန်စစ်သား၏ အတ္ထုပ္ပတ္တိမွန် ကျောက်စာမိတ္တူပွါးကို တဝဖတ်ရှူလေ့လာခဲ့ရပါတော့သည်။ ဤပြတိုက်ရောက်တော့မှပင် အရှေ့တောင်အာရှတွင် ကမ္ဗည်းကျောက်စာအများဆုံးနိုင်ငံမှာ မြန်မာနိုင်ငံဖြစ်ကြောင်း မျက်မြင်ရသဖြင့် ဂုဏ်ယူဝင့်ကြွားပီတိဖြစ်ခဲ့ရပါသည်။ ထိုမှဧရာဝတီ မြစ်ကမ်းနဖူးဘေးတွင်ရှိသော ဖူးဘုရားသို့ရောက်ကြပါသည်။ မနေ့ကလောကနန္ဒာစွယ်တော်စေတီတွင် ဧရာဝတီမြစ်၏ သဲသောင်ထွန်း ပြီးရေးစီးငြင်သာသည့် ရေးစီးကြောင်းသေးသေးကို မြင်ခဲံရပြန်သဖြင့် ဧရာဝတီကိုမသေဆုံးစေချင်သော ဆန္ဒ ဖြစ်ပေါ်လာပြန်တော့သည်။ နေပြင်းလာသည်ဖြစ်သဖြင့် တောရိပ်တောင်ရိပ်ခိုနိုင်ရန် ငှက်ပစ်တောင်ဘက်သို့သွားခဲ့ပါသည်။

ပထမဦးဆုံးသွားဖူးလိုသော ရှင်အရဟံ၏ အုတ်ကျောင်းသို့ရောက်ခဲ့သည်။ အုတ်ကျောင်းကို ၁၉၉၉ ခုပုဂံယဉ်ကျေး မှုဘက်စုံပြုပြင်စဉ်က ပြုပြင်ခဲ့သည်ဟုဆိုသော်လည်း ယခုအခါအဝင်အမိုးတန်းမှာ ကျိုးကျလာသဖြင့် သစ်သားတိုင်နှင့်ထူမ ထားရခြင်။ တံစက်မြိတ်အမိုးဘက်မှာလည်း ပြိုကျလာမည့်လက္ခဏါကိုမြင်ရသဖြင့် စိတ်မချမ်းသာနိုင်ခဲ့ပါ။ သို့သော်ရှင် အရဟံ၏ရုပ်ထုနှင့် စာတိုက်သေတ္တာကိုဖူးတွေ့ရသောအခါ အမောပြေလာသည်။ ဤရုပ်ထုနှင့်စာတိုက်သေတ္တာကြီးသည် (၁၇)ရာစုလက်ရာဟုခန့်မှန်းသော်လည်း မူလအနန္ဒဘုရားခြေရင်းမှဝတ်ပြုနေသည် (၁၁)ရာစုအစ ရှင်အရဟံ၏ပုံနှင့် တူလှ ပါသဖြင့်လည်း ဘဝင်ကျစရာပင်ဖြစ်သည်။ ဤသို့ရှင်အရဟံအုတ်တိုက်မှ လှည့်လည်ရင်းဖတ်ခဲ့ရသော မွန်သမိုင်းအစဉ်ကို ပြန်သတိရလာပါသည်။

သထုံပြည့်ရှင် မနူဟာမင်းသည် ပရိယတ္တိ ပဋိပတ္တိသံဃာတော်များထက် ဂန္ဘီရ မန္တာန် အင်းအိုင် လက်ဖွဲ့တို့တွင် စွမ်းသော သံဃာတော်များကိုအားကိုးလာသည်။ ထို့ကြောင့်လည်း ပရိယတ္တိ ပဋိပတ္တိကျွမ်းကျင်သော အကျင့်သီလမွန်မြတ် သော သံဃာတော်ထဲတွင် မဟာထေရ် သီလဗုဒ္ဓိ၏ တပည့်ရင်းဓမ္မဒဿီ (နောင်ပုဂံတွင် ရှင်အရဟံ) သည် သထုံတွင် သာသနာပြုခွင့်နည်းပါးသဖြင့် သုဝဏ္ဏဘူမိသထုံပြည်၏အရှေ့ဘက် ဒွါရဝတီမွန်နိုင်ငံဘက်သို့ တပည့်ရဟန်းများနှင့် (၁၀)ဝါ ကြာအောင်သာသနာပြုခဲ့ပါသည်။ သို့သော်ထိုအချိန်က ဒွါရတီမွန်နိုင်ငံတော်ကြီးသည် ခမာလူမျိုးတို့၏လက်ထဲသို့ကျရောက် သွားပြီးဗြဟ္မဏဝါဒ လွှမ်းမိုးနေသဖြင့် ထေရဝါဒဗုဒ္ဓသာကျယ်ကျယ်ပြန့်ပြန့်သာသနာပြုခွင့် မရသဖြင့် သထုံပြည်သို့ပြန်လာ ပါသည်။ သထုံတွင်လည်း မနူဟာမင်းသည် မန္တာန် အင်းအိုင်ဆရာတော်များကို ဦးထိပ်ထားပြီး နန်းတော်သို့ဝင်ထွက်ခွင့်ရသ ဖြင့် သထုံတွင်သာသနာပြုရန်အားမရှိသဖြင့် မိမိ၏ဆရာရင်းမဟာထေရ်သီလဗုဒ္ဓိ၏ တိုက်တွန်းချက်အရ အထက်အညာပုဂံ ဒေသသို့ တပည့်များနှင့်တကွ သာသနာပြုထွက်ကြပါသည်။

ထိုအချိန်တွင် ပုဂံပြည်၏သာသနာမှာအရည်းကြီးသာသနာအားကောင်း လျက်ရှိသည်။ အရည်းဆရာကြီးသုံးကျိပ် နှင့် အရည်းရဟန်းခြောက်သောင်းတို့မှာ နည်းသည့်အင်အားမဟုတ်ပါ။ အရည်းရဟန်းများကိုကြည့်သောအခါ မုတ်ဆိတ်မွေး လက်လေးသစ် မဲညစ်သည့်သင်္ဃန်း၊ သန်မာထွားကြိုင်းပြီး ဆင်စီး မြင်းစီး လေးပစ် လှံထိုး ရေငုတ် မီးလှုံ တုံးခုံ ဇယ်တောက် သော အတတ်ပညာတို့ဖြင့် အိမ်ထောင်ပြုသည်နှင့် မွေ့လျော်သည်ကိုတွေ့ရသည်။ အဆိုးဆုံးမှာ အရည်းကြီးများအား ပန်းဦး စေလွှတ်သည့် ဓလေ့သည်စက်ရှုပ်ရွံရှာဖွယ် အကောင်းဆုံးသော အရည်ကြီးတို့၏ သာသနာပင်ဖြစ်သည်။ ပုဂံပြည်တွင် အနော်ရထာမင်းကြီး မင်းပြုနေသောအခါ တိုင်းပြည်အုပ်ချုပ်မင်းလုပ်ရသည်ထက် ဤအရည်းကြီးသာသနာအတွက် ရင်လေး နေရသည်မှာ အမောပင်ဖြစ်နေသည့်အချိန်ကာလပင်ဖြစ်သည်။ ထိုအချိန်တွင် ပုဂံပြည်မှ မုဆိုးတစ်ယောက်တောလည်ရင်း ဓမ္မဒဿီမွန်ဆရာတော်၏ ပရိက္ခရာရှစ်ပါး ဒုဂုတ်တစ်ထည်ဖြင့် ငြိမ်ချက်သားနှင့်တရားအားထုတ်သည်ကို မြင်ရသောအခါ ထူးဆန်းသော လူသားဖြစ်သည်ကိုသိသဖြင့် အနော်ရထာမင်းထံအကြောင်းစုံ လျှောက်ထား၏။ အနော်ရထာမင်းလည်း နန်းတော်သို့ပင့်ဖိတ်စေပြီး မိမိမမြင်ဘူးခဲ့သော ပုဂ္ဂိုဟ်မှာအရည်ကြီးများနှင့်ကွာခြားလွန်းပြီး အိန္ဒြေသိက္ခာသမာဓိကို မြင်ရ သောအခါ စိတ်တွင်အလွန်ကြည်ညိုမိသွားသည်။ သို့သော်နှုတ်အားဖြင့် “အသင်လူသား သင့်လျော်သောနေရာတွင် ထိုင်ပါ” ဟုအမိန့်ပေးလိုက်သည်။ ဓမ္မဒဿီမွန်ရဟန်းလည်း မိမိနှင့်သင့်လျှော်သော အနော်ရထာမင်းကြီး၏ပုလ’င်ပေါ်တွင် အိန္ဒြေ သိက္ခာနှင့်တက်ထိုင်လျက်သားရှိသောအခါ အနော်ရထာမင်းမှာ ထူးဆန်းမှုစိတ်ဓါတ်ခံစားရသည်ထက် ကြောက်အားပိုကာ ထိုင်လျက်သားဦးချမိပါတော့သည်။ အနော်ရထာမင်းကန်တော့ပြီး ဓမ္မဒဿီမွန်မဟာထေရ်အား “အသင်ပုဂ္ဂိုဟ်သည် အဘယ် အမျိုးအနွယ်ဖြစ်သည်။ ဘယ်ကလာသည်။ ဘယ်ပဋိပတ်ကိုလိုက်စားသည်… စသည်စသည်အမေးအဖြေများကို မေးမြန်း ဖြေကြားပြီး ဓမ္မဒဿီမွန်မဟာထေရ်၏ ပထမဦးဆုံးအနော်ရထာမင်းကြီးအား ဟောကြားသည့်အထက်စာစုအစပါ တရား တော်ကို မြွက်ကြားခဲ့ပါသည်။

ကျွန်တော်သည်လည်း ရှင်အရဟံအုတ်တိုက်ရှိ အထက်ဖေါ်ပြပါတရားစာပိုဒ်ကို ဖတ်ကြားရင်း အကြိမ်ကြိမ် သာဓုခေါ်ခဲ့ပါတော့သည်။ ပုဂံယဉ်ကျေးမှုအမွေအနှစ်ကိုလေ့လာရင်း ပြည်ထောင်စုမြန်မာနိုင်ငံကို ချစ်သော ပြည်ထောင်စုစိတ်ဓါတ်ဖြစ်ပေါ်လာသည်မှာ အမှန်ပင်ဖြစ်တော့သည်။ ဘုရားလည်းဖူးရင်း ယဉ်ကျေးမှုအမွေအနှစ်လည်း လေ့လာရင်းပုဂံယဉ်ကျေးမှုနယ်မြေသို့ သွားရောက်ခါ လေ့လာသင့်ကြောင်းတိုက်တွန်းလိုက်ရပါသည်။

About မွန်သတင်းအေဂျင်စီ

Check Also

အစိုးရနှင့် NCA အကျပ်အတည်း

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA ကို သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်က စတင်ဖော်ဆောင်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်၊အောက်တိုဘာ ၁၅ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင် …

Leave a Reply

%d bloggers like this: