မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / အမြင်နှင့်သုံးသပ်ချက် / ဝါဒစွဲကြောင့် သင်းကွဲ၊ သင်းကွဲမှုကြောင့် လူမျိုးမွဲ

ဝါဒစွဲကြောင့် သင်းကွဲ၊ သင်းကွဲမှုကြောင့် လူမျိုးမွဲ

ရေးသားသူ:
ရှေ့တန်း(ဝဲမှယာ) ၁-အမည်မသိ- ၂-နိုင်ထင် ၃-နိုင်ပန်းသာ ၄-နိုင်ရဿ ၅-နိုင်တလမွန် ၆-အမည်မသိ
ရှေ့တန်း(ဝဲမှယာ) ၁-အမည်မသိ- ၂-နိုင်ထင် ၃-နိုင်ပန်းသာ ၄-နိုင်ရဿ
၅-နိုင်တလမွန် ၆-အမည်မသိ
နိုင်မောင်တိုး – ကျွန်တော်နှင့် ဆရာ နိုင်ငွေသိန်း ( အာစာဇနူ ) တို့သည် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ တောင်ပရွာတွင် ၁၃၇၅ ခု တပို့တွဲလဆန်း (၁၀)ရက် (၉.၂.၂၀၁၄) ရက်နေ့ညပိုင်း စာပေဟောပြောပွဲအတွက် ဘိတ်ကြားခြင်း ခံရပါသည်။ ကျွန်တော်တို့နှစ်ဦးအား မော်လမြိုင်မှ ကြိုလာပြီး ကလော့သော့ တောင်ပရွာဝင် ကတ္တရာလမ်းမကြီးမှ စ၍ကြိုဆိုနေကြသည်မှာ အလွန်ပြားပြားလှသော မွန်လူငယ်မောင်မယ်များနှင့် ဆိုင်ကယ်တန်းမှာလည်း အစီးရာကျော်ပင်ဖြစ်သည်။ တည်းခိုရမည့်တောင်ပရွာ ကျောင်းသစ်ကျောင်းအောက်ထပ် အဆောင်တစ်ခုတွင် ခေတ္တနားနေရပါသည်။ အချိန်စောသည်ဖြစ်၍ ဆရာတော်ကြီးများ၊ ရွာခံမိတ်ဆွေများနှင့် စကားစမြည်ပြောဆိုနေကြပါသည်။

ထိုအချိန်တွင်တည်းခိုရာကျောင်းဆောင်အဝင်ဝ အပြင်ဘက်မှ လူအုပ်များကိုတိုး၍ စောင်းငဲ့စောင်းငဲ့နှင့် လေဖြတ် ပြီး ခြေဆွဲနေသောပုံသဏ္ဍာန်မျိုးဖြင့်လူတစ်ယောက်ဝင်လာနေသည်။ ဆောင်းရာသီဖြစ်၍အအေးဒဏ်ရှိသဖြင့် ဝတ်ထားသော ဂျာကင်မှာ ရွဲ့စောင်းစွာဖြင့်ပင် အလျင်စလိုဝင်လာပြီး ကျွန်တော့်ကိုမြင်သောအခါ “ ဟေး မင်းမောင်တိုး၊ ဟေး မင်းမောင်တိုး …” ဟုအသံမပီကလာပီကလာဖြင့် ကျွန်တော့နာမည်ကိုခေါ်ပြီး ဝင်လာပါတော့သည်။ မတွေ့ရတာနှစ်ပေါင်းဆယ်စုနှစ် တခုမက ကြာသော်လည်း ကျွန်တော်အဝေးကပင် လူလုံးကို မြင်ကတည်းက ကလော့သော့ တောင်ပရွာသား တက္ကသိုလ် ပေါင်းစုံအသင်းတွင်လုပ်ဖေါ်ကိုင်ဖက်ဖြစ်ခဲ့သော မင်းစံထွန်းဖြစ်နိုင်သဖြင့် သေချာစေရန် မင်းစံထွန်းလားဟုဘေးမှ ပုဂ္ဂိုလ် များအား ကျွန်တော်မေးကြည့်တော့ဟုတ်ကြောင်း ပြောကြပါသည်။ ကျွန်တော်နှင့်မတွေ့ရသည်မှာ နှစ်ကာလကြာပြီဖြစ်၍ ကျွန်တော်နှင့်တွေ့လို၍ အိမ်မှအတင်းဇွတ် ထွက်ခဲ့ကြောင်း ကျန်းမာရေးအခြေအနေကြောင့် မိသားစုများကအိမ်အပြင် မထွက်စေလိုကြောင်းသိရှိရပါသည်။ ကျွန်တော်တို့နှစ်ဦး အားရဝမ်းသာစကားပြောဆိုကြပြီး ခဏကြာသော်ပွဲစီစဉ် ထားသော နေရာသို့ သူထွက်သွားပါသည်။

ကျွန်တော့်၏စိတ်အစဉ်တွင် ရွာစဉ်လမ်းတလျောက်ကြိုဆိုလာကြသော မွန်လူငယ်မောင်မယ်များနှင့် ရွာခံလူကြီးများ ကြောင့် ဝမ်းသာပီတိနှလုံးဂွမ်းဆီထိနေချိန်တွင် သူငယ်ချင်းမင်းစံထွန်း ဤအဖြစ်သို့ရောက်ရှိနေကြောင်း ခေါင်းတွင်ကျည် ဒဏ်ရာရသဖြင့် မှတ်ဥဏ်ပျက် ခန္ဓပျက်စီးသည့်ဒဏ်ကို ဘဝတစ်သက်တာခံနေရကြောင်းကို ဖြစ်စတွင် ကြားသိခဲ့ရသော် လည်း အခုလိုကိုယ်တွေ့မျက်မြင် မင်းစံထွန်းကိုမြင်လိုက်ရသောအခါ လမ်းတလျောက်ကြည်နူးမှုမှန်သမျှသည် အရည်ပျော် ကာ မျက်ရည်ကျမတတ်ဖေါ်မပြနိုင်သော ဝမ်းနည်းမှုမျိုးခံစားခဲ့ရပါသည်။ ကျွန်တော့်အလှည့် ကျွန်တော်စင်မြင့်ပေါ်တွင် ဟောပြောသောအခါ ကျွန်တော့်သူငယ်ချင်းက ရှေ့ဆုံးတန်းတွင်ထိုင်ခါတက်ရောက်နားထောင်ခဲ့ပါသည်။ ကျွန်တော်လည်း သူ၏အဖြစ်အပျက်ကိုအမျှင်စွဲပြီး မွန်လူမျိုးတို့၏သမိုင်းကြောင်း ခေတ်အဆက်ဆက်တွင်ဝါဒစွဲခေါင်းဆောင်ကွဲခြင်းနှင့်အတူ အရည်အချင်းညံ့ဖျင်းသောခေါင်းဆောင်များလက်ထက်တွင် မွန်လူမျိုးတို့ပြိုကွဲမွဲတေခဲ့ရသည့်သမိုင်းအထောက်အထားများနှင့် ဟောပြောခဲ့ပါသည်။
တောင်ပရွာကျွန်တော်၏ဟောပြောချက်သည် အချိန်အကြာဆုံးနှင့် ဈာန်အဝင်စားဆုံးဟောပြောခဲ့ သည့်ဟောပြောပွဲတစ်ပွဲ ဖြစ်ခဲ့သည်။ ကျွန်တော်၏နောက်တွင်ဟောပြောမည့် ဆရာနိုင်ငွေသိန်းကို ကျွန်တော်အချိန်အ များကြီးယူခဲ့သည့်အတွက်လည်း အားနားမိပါသည်။

ကျွန်တော်ထိုကဲ့သို့ဈာန်ဝင်စားအောင် ဟောပြောခဲ့ရသည်မှာ မဟောပြောခင် မင်းစံထွန်းကို တွေ့ခဲ့ ခံစားခဲ့ရသော အကြောင်းကြောင့်ဖြစ်ပါသည်။ မင်းစံထွန်းသည် တက္ကသိုလ်တွင်ကျွန်တော့ထက်အတန်းငယ် ဂျူနီယာကျပါသည်။ ကျွန်တော် ဘွဲ့ရ မာစတာတန်းတက်ပြီးအလုပ်ဝင်နေသော်လည်း တက္ကသိုလ်နှင့်မကင်းကွာရန်အတွက် ထိုခေတ်က ဖွင့်နေသည့် မိမိနှင့် ကိုက်ညီသည့် ဒီပလိုမာကိုတစ်ခုပြီးတစ်ခုတက်နေသောကြောင့် နောက်တက်လာသည့်တက္ကသိုလ်မွန်ကျောင်းသူကျောင်းသား များနှင့် သိကျွမ်းမှုများခဲ့ပါသည်။ မင်းစံထွန်းသည် မော်လမြိုင်ကောလိပ်တွင်တက်သော်လည်း တက္ကသိုလ်များလှုပ်ရှားမှုတွင် တက်ကြွပြီး တက္ကသိုလ်မွန်ကျောင်းသားပေါင်းစုံလှုပ်ရှားမှုတွင် တက်ကြွစွာပါဝင်လာသည်ကိုတွေ့ရပါသည်။ အထူးသဖြင့် ၁၉၇၁ ခုနှစ်တွင် တက္ကသိုလ်ကျောင်းသားဟောင်း ကျောင်းသားသစ်တို့ဦးဆောင်သော မွန်အမျိူးသားဝတ်စုံဖေါ်ထုတ်သည့် လှုပ်ရှားမှုတွင်ဦးဆောင်ပြီး မွန်အမျိုးသားဝတ်စုံဖေါ်ထုတ်သည့် လှုပ်ရှားမှုတွင် တက်ကြွစွာပါဝင်လှုပ်ရှားခဲ့ပါသည်။ ထိုအဖွဲ့ တွင် ကျွန်တော်ယနေ့တိုင်မေ့မရနိုင်သော ပုဂ္ဂိုဟ်များတွင်မင်းစံထွန်းနှင့်အတူ မင်းအောင်မြိုင်စိန် (အဖွဲ့၏တွဲဘက်အတွင်း ရေးမှူး (ကျဆုံ)၊ မင်းစံလှိုင် (စိုက်ပျိုးရေး၊ကွယ်လွန်) တို့လည်းပါဝင်ပါသည်။ နောက်ပိုင်းတွင် မင်းစံထွန်းသည် မျိုးချစ်စိတ် ထက်သန်၍ မွန်လူမျိုးတို့အကျိုးသယ်ပိုးဆောင်ရွက်ရန်အတွက် လွတ်မြောက် နယ်မြေသို့ရောက်ရှိသွားကာ အဆက်အသွယ် ပြတ်ခဲ့ပါသည်။

“၁၉၈၁ ခုနှစ် ဧပြီလရောက်သောအခါ နိုင်ရွှေကျင်ဦးဆောင်သောအဖွဲ့နှင့် နိုင်ဆိတ်နို့ ဦးဆောင်သောအဖွဲတို့ ဆက်လက်ညှိနှိုင်းရာတွင် သဘောချင်းမတိုက်ဆိုင်သောကြောင့် ဧပြီလ (၁၃) ရက်နေ့တွင် သမာဓိပုဂ္ဂိုဟ်၏ရှေ့မှောက်တွင် မိမိနှစ်သက်ရာလမ်းစဉ်ဖြင့် ဆောင်ရွက်ကြရန်လမ်းခွဲခဲ့ကြသည်။ နိုင်ရွှေကျင်ဦးဆောင်သောအဖွဲ့သည် ထိုင်းနယ်ခြားတစ်နေ ရာတွင်အခြေစိုက်ပြီး နိုင်ဆိတ်နို့ဦးဆောင်သောအဖွဲ့သည် မူရင်းဘုရားသုံးဆူဌါနချုပ်တွင်ပင်နေခဲ့သည်။ ၁၉၈၁ခုနှစ် ဇွန်လ ၁၅ရက်နေ့မှစ၍ မလိုလားအပ်သော မွန်အချင်းချင်းလက်နက်ကိုင်တိုက်ပွဲသည်စတင်လာ ပါတော့သည်။”( အတိတ်၏အရိပ်၊ ဏာ၁၅၉)

ထိုမွန်အချင်းချင်းလက်နက်ကိုင်တိုက်ပွဲကြောင့် ရလဒ်အဖြေမှာ နှစ်ဘက်သောမွန်အဖွဲ့မှ ရဲဘော်များသေဆုံးခြင်း ဒဏ်ရာရခြင်း နှင့် မွန်လူမျိုးပြည်သူများ ဒုက္ခရောက်ရသည့်ဆိုးကျိုးသာရတော့သည်။ မင်းစံထွန်းသည် ထိုအထဲတွင်ပါ ဝင်ခဲ့သောသားကောင်များထဲမှ တစ်ဦးသာဖြစ်သည်။ မင်းစံထွန်းတပ်စုမှူးအဖြစ် နိုင်ဆိတ်နို့ဘက်မှပါဝင်ခဲ့ပြီး နိုင်ရွှေကျင် ဘက်မှ မိမိတို့၏တက္ကသိုလ်လှုပ်ရှားမှုတွင်အတူတကွပါဝင်ခဲ့သော သူငယ်ချင်းတပ်စုမှုး၏တပ်သားက ချောင်းပစ်ခေတ်မှု ကြောင့်တစ်သက်သာ လူစဉ်မမှီသောဘဝသို့ရောက်ခဲ့ရသည်မှာ အလွန်ရင်နာလှပါသည်။

ကျွန်တော့အတွက်ထိုထက်ရင်နာရသောအချက် ရှိပါသေးသည်။ နိုင်ဆိတ်နို့ဘက်တွင်တက်တက်ကြွကြွပါဝင်လှုပ် ရှားနေသောပုဂ္ဂိုဟ်တစ်ဦးဖြစ်သည့် နိုင်တလမွန် (ငယ်မည် အနောင်၊ ကျောင်းအမည် မင်းသာရင် နောင်မင်းသက်မွန် )သည် ကျွန်တော်နှင့် ၁၉၆၄ ခုနှစ် မော်လမြိုင်ကောလိပ်တက်စကပင်သိကျွမ်းခဲ့သောသူငယ်ချင်းဖြစ်ပါသည်။ မော်လမြိုင်ကောလိပ် မွန်အသင်းတွင် လှုပ်ရှားနေသူလည်းဖြစ်ပါသည်။ ၁၉၆၅ ခုနှစ် စနစ်သစ်ပညာရေးပြောင်းလဲသောအခါ ကျွန်တော်တို့မေဂျာ ဘာသာတူညီခဲ့ကြပါသည်။ ကျောင်းပိတ်လျှင် ကျွန်တော့ရွာကော့ခမယ်သို့ ညအိပ်ညနေလာလည်တတ်ကြပါသည်။ ၁၉၆၆ ခုနှစ် ကျွန်တော်တို့ ရန်ကုန်တက္ကသိုလ်သို့ပြောင်းခဲ့ရပါသည်။ ကျွန်တော်နှင့် မင်းသက်မွန်သည် သင်ယူသည့်ဘာသာရပ်တူ ညီသဖြင့် ရန်ကုန်တက္ကသိုလ်မိန်းဆောင်ဖြစ်သော စစ်ကိုင်းဆောင်တွင် အတူတကွနေခဲ့ရသည်။ စားတော့လည်း တစ်စားပွဲ တည်းပင်ဖြစ်သည်။

၁၉၆၇ ခုနှစ် တက္ကသိုလ်များမွန်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီတွင် အတွင်းရေးမှူးအဖြစ် စီးပွားရေး တက္ကသိုလ်မှ မင်းဆွေရင် ( နာဲရဿ ) ဖြစ်လာသောအခါ ကျွန်တော်၊ မင်းသက်မွန်၊ မင်းဆွေရင်တို့မှာ ပေါင်းမိရက်သား ဖြစ်ပြီး အသင်းအတွက်အလွန်တက်ကြွသော လှုပ်ရှားသူများဖြစ်လာသည်။ အတွင်းရေးမှူး မင်းဆွေရင်သည် စီးပွါးရေး တက္ကသိုလ်မှဖြစ်သဖြင့် သမိုင်းကျောင်းဆောင်တွင်နေရပါသည်။ တက္ကသိုလ်မွန်ကျောင်းသားများပွဲတစ်ခုခုနီးလာသောအခါ မင်းဆွေရင်သည် သမိုင်းဆောင်သို့ပြန်ရန်အချိန်မရသဖြင့် ကျွန်တော်နှင့်အတူ စစ်ကိုင်းဆောင်တွင်နေပြီး အဆောင်တွင် အတူစားကြပါသည်။ ထိုခေတ်ကတက္ကသိုလ်ကျောင်းဆောင်သည် လွတ်လပ်ပါသည်။ တစ်ခန်းတစ်ယောက်နေခွင့်ရသည်။ မိတ်ဆွေလာလျှင်အိပ်ခွင့်ရသည်။ အဆောင်စားသောက်စားပွဲတွင်အတူစား၍ရသည်။ အသားဟင်းတစ်ခွက်မှလွဲပြီး ထမင်း၊ ဟင်းချို အကြော်တို့စရာတို့မှာ ကြိုက်သလိုယူစား၍ရသည်။ ကျွန်တော်တို့ (၃)ယောက် အသားဟင်း (၂)ခွက်နှင့် မဝလျှင် ကြက်ဥကျော်ခိုင်းလျှင်တလုံး ငွေတမတ်နှင့်ရသည်။ ထမင်းချက်များကြက်ဥတစ်လုံး ငွေတမတ်ဖြင့် ကျော်ရသည်မှာ လာဘ်တစ်ပါးပင်ဖြစ်သည်။ ကျွန်တော့်အခန်းသည် ဘုံအခန်းဖြစ်သည်။ ဘီဒိုသာ သော့ရှိသည်။ အခန်းသော့မခတ်။ ဝင်ချင် သလိုဝင် ထွက်ချင်သလိုထွက် စာသင်ချိန်တစ်ချိန်နှင့် တစ်ချိန်ကြားအားသဖြင့်ဝင်အိပ်သူ ရေဝင်ချိုးသူလည်းရှိသည်။ ရေအိုး ရေခွက် ဆပ်ပြာ ရေလဲ ခေါင်းလိမ်းဆီ မှန် ဘီးလည်း အဆင်သင့်ပါ။ ဘီဒိုပေါ်တွင် မွန်တူရိယာ လခြမ်း၊ ပတ္တလား၊ ဗုံ၊ အသင်းစာရွက်စာတန်းများထားရှိသဖြင့် ဝါသနာပါတူများဝင်တီးကြသည့် အခန်းဖြစ်ခဲ့သည်။ ထိုသို့အတူတကွနေလာကြ သည်မှာ သူ့အိတ်ကပ်ကပိုက်ဆံ ကိုယ့်ပိုက်ဆံအလား အသာအနာမရှိစားကြသည်။ တက္ကသိုလ်နောက်ဆုံးနှစ်သည် ကျွန်တော့်အတွက် အပျော်ဆုံးနှစ်ဖြစ်သည်။

ကျွန်တော်နှင့်မင်းသက်မွန် (နိုင်တလမန်) တို့ ၁၉၆၉ ခုနှစ်တွင် ဘွဲ့ရကြသည်။ ကျွန်တော်က ၁၉၆၈ ခုနှစ်တွင် အချိန်ပိုင်းကျူတာဝင်ငွေဖြင့် မာစတာတန်းဆက်တက်သည်။ သူကအလယ်တန်းဆရာအဖြစ်လှိုင်မြို့နယ်ကျောင်းတစ်ကျောင်း တွင် အလယ်တန်းပြဆရာဖြစ်နေသည်။ မင်းဆွေရင်မှာ စီးပွါးရေးနောက်ဆုံးနှစ်ဖြစ်သည်။ ထိုနှစ်အောင်ပြီးသောအခါ က၊ပ၊စ တွင်စရင်းကိုင်အရာရှိငယ်အဖြစ်တာဝန်ကိုယ်ဆီ ဝင်ငွေကိုယ်ဆီဖြစ်နေကြပါသည်။ ကျွန်တော့်ဝင်ငွေသည် အနည်းဆုံးဖြစ် သည်။ သို့သော်မခွဲခြားကြပါ။ သူတို့နှစ်ဦးသည် လှိုင်မြို့နယ် ဒါဗါဝန်ထမ်းအိမ်ယာမှ လူပျိုကြီးတစ်ဦး၏အခန်းတွင် စုပေါင်း နေကြသည်။ ကျွန်တော်ကအင်းစိန်အရှေ့ရွာမ လမ်းကြောင်းကတည့်နေသဖြင့် ရုံးဆင်းလျှင်တခါတရံ စနေတနင်္ဂနွေတွင် စုပေါင်းစားသောက်ဆွေးနွေးပြောဆိုကြပါသည်။ ၁၉၇၀ ခုနှစ်ကျွန်တော် မာစတာရေးဖြေအောင်ပြီး တက္ကသိုလ်တွင်ကျူတာ ဖြစ်နိုင်ချေနည်းသဖြင့် အလုပ်သင်အရာရှိဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌါန အတွင်းဝန်ရုံးဟောင်းတွင်အလုပ်ရပါသည်။ သို့သော်ကျွန်တော်တို့ (၃)ယောက်မှာ တစ်တွဲတွဲပင်ရှိကြသည်။ အခြေအနေကမထူးခြားသေးကြပါ။

ထူးသည်မှာ ဆွေးနွေးကြသောအကြောင်းအရာတွင် မွန်လူမျိုးတို့တိုးတက်ရာ တိုးတက်ကြောင်း၊ မွန်လူမျိုးတို့လွတ် မြောက်ရေးအတွက် လက်နက်ကိုင်ဆွဲသောလမ်းစဉ်မှတစ်ပါး အခြားမရှိဖြစ်လာပါသည်။ ထိုအချိန်တွင် မွန်ပြည်သစ်ပါတီမှ ဝင်လာသော နိုင်ပန်းသာနှင့် ဆက်သွယ်မိသောအခါ နဂိုရှိရင်းစွဲစိတ်ဓါတ်အပေါ်တွင် ပိုမိုပြင်းထန်လာပါတော့သည်။ မွန် ပြည်သစ်ပါတီတွင် တက္ကသိုလ်ဘွဲ့ရပညာတတ်နည်းပါးသဖြင့် ပညာရှင်များလိုအပ်နေကြောင်း ပါတီတွင်နောင်တွင် ပညာရှင် ပညာတတ်များနှင့်အစားထိုးသွားမည်ဖြစ်ကြောင်း လွတ်မြောက်နယ်မြေသို့သွားရန်သူတို့စီစဉ်ပါတော့သည်။ ကျွန်တော်မှာယုံ ကြည်မှုရှိသော်လည်း မစွန့်လွှတ်နိုင်သဖြင့် စကားနာထိုးပြောဆိုခါရအောင်စည်းရုံးသော်လည်း မရသည့်အဆုံး မွန်လူမျိုး အတွက်မြေပေါ်တွင် လုပ်ရသမျှဆောင်ရွက်ရန်ပြောဆိုခါ ကျွန်တော့်အားလက်လျော့သွားသည်။ သူတို့သည် ၁၉၇၁ ခုနှစ် သင်္ကြန်ရက်အတွင်း လွတ်မြောက်နယ်မြေသို့ထွက်ခွါသွားမည်ကိုတော့ ကျွန်တော်သိခဲ့ပါသည်။ ရက်အတိအကျတော့မသိပါ။ ၎င်းင်းတို့ထက် တက္ကသိုလ်တက်ရင်းရည်ရွယ်ချက်ရှိရှိနှင့် တက္ကသိုလ်အရံတပ်ရင်း တက်နေသောသူငယ်ချင်း မင်းရွှေလွင် (နောင်- နာဲလျးထဝ် ) တစ်ယောက် သင်္ကြန်မတိုင်ခင်ကလွတ်မြောက်နယ်မြေသို့ထွက်သွားလေပြီဟု သတင်းရရှိပြီးဖြစ်ပါ သည်။ အလွန်ပြင်းထန်သောစိတ်ဓါတ်ကြောင့် နိုင်ရွှေလွင်သည် ဘွဲ့ရသည်အထိမစောင့်တော့ပါ။ ချီးကျူးစရာပင်ဖြစ်သည်။

ထိုသို့စိတ်တူကိုယ်တူရှိခဲ့ကြသော ကျွန်တော်တို့၏အပေါင်းအသင်းနှစ်ယောက်ဖြစ်သည့် မင်းဆွေရင် ခေါ် နိုင်ရဿ
နှင့် မင်းသက်မွန် ခေါ် နိုင်တလမွန်တို့ ၁၉၇၁ ဧပြီလတွင် တော်လှန်ရေးနယ်မြေသို့ အတူတကွထွက်သွားကြသည်။ နောင် (၁၀)နှစ်ကြာသောအခါ ၁၉၈၁ ခု ဧပြီလတွင်ပင် မွန်ပြည်သစ်ပါတီနှစ်ပါတီဖြစ်သွားသည့်အခါ နိုင်ရွှေကျင်ဘက်တွင် နိုင်ရဿသည် တက်တက်ကြွကြွရှိသကဲ့သို့ နိုင်ဆိတ်နို့ဘက်မှလည်း နိုင်တလမွန်သည် နိုးနိုးကြားကြားရှိလာကြသော သတင်းကို ကြားရသောအခါ ကျွန်တော့်အတွက်ယူကြုံးမရ ပူဆွေးသောကရောက်ရပါသည်။ မိတ်ဆွေအရင်းခေါက်ခေါက်မှာ သတ်ဖြတ် တော့မည့်ရန်သူအလား အုပ်စုကွဲခြားသွားကြသည်မှာ အဘယ်ကြောင့်နည်း။ အကြောင်းရင်းကို ကျွန်တော်မေးရှာသော်လည်း ဃဂနဏအဖြေမရပါ။ ကျွန်တော်သည် မွန်ပြည်သစ်ပါတီ ၁၉၈၁ ဧပြီလ (၁၈) ရက်နေ့ မှစတင်ပြီးတဘက်နှင့် တစ်ဘက် စတင်ပစ်ခတ်ကြသည်မှာ အဘယ်ကြောင့်နည်း ပါတီဘာကြောင့်ကွဲရသည်။ ပါတီကွဲရှာပုံတော်ကို ရှာနေခဲ့ပါသည်။

ကျွန်တော်သည် သမိုင်းကိုစိတ်ဝင်စားပါသည်။ အထူးသဖြင့် မွန်သမိုင်းကိုပိုစိတ်ဝင်းစားပါသည်။ မွန်လူမျိူးများသည် မွန်သမိုင်းကို စိတ်ဝင်စားသင့်သည်။ ကိုယ့်သမိုင်းကိုကိုယ်သိမှ ပြုပြင်သင့်သည်များပြုပြင်ပြီး နောင်အနာဂတ်မွန်လူမျိုး အကျိုးကို ဖေါ်ဆောင်နိုင်ပါမည်။ မွန်လူမျိုးသည် ရှည်လျားခဲ့သော သမိုင်းစဉ်ရှိခဲ့သောလူမျိုးဖြစ်သည့်အလျောက် သမိုင်းကို အားကိုးကြပါသည်။ မွန်စကားပုံရှိပါသည်။ “ အလု ပတှေ်ဇြဟတ်၊ အလတ်ပတှေ်ဂြင်၊ မန်ပတှေ်ဝင် ” ပင်မဟုတ်တုံလော။ ပထမဟံသာဝတီမတိုင်ခင် သုဝဏ္ဏဘူမိမတိုင်ခင်က ခေတ်ကိုသိရန်လိုသလို မွန်နေပြည်တော်ဖျက်စီးခံရသည့် ၁၇၅၇ ခုမှ ကုန်းဘောင်ခေတ် ၁၈၈၅ခုနှစ်ထိ မွန်သမိုင်း၊ ကိုလိုနီခေတ် (၁၈၈၅-၁၉၄၈) မွန်သမိုင်း၊ မွန်တော်လှန်ရေးသမိုင်း (၁၉၄၈-၁၉၆၂) ထိကိုသိရန်လိုပါသည်။ ထိုကြောင့်စာရေးသူသည် ရသမျှမွန်သမိုင်းအပိုင်းအစစာအုပ်များကိုစုဆောင်းဖတ်ရှုပါသည်။ ခေတ်သစ်မွန်တော်လှန်ရေးသမိုင်းနှင့်ပတ်သက်ပြီး “မွန်လူမျိုးတို့၏နောက်ခံသမိုင်းကြောင်း” ပုံနှိပ်မူကိုမတွေ့သေးပါ။ မိတ္တူမူ
သာဖတ်ခဲ့ရသည်။ နိုင်ရွှေကျင်၏ “အတိတ်၏အရိပ်”၊ နိုင်ငွေသိမ်း၏ “နိုင်ငွေသိမ်း၏နိုင်ငံရေးဖြတ်သန်းမှုခရီးလမ်း”၊ နိုင်ပန်း သာ၏ “မွန်နိုင်ငံ ရေးလှုပ်ရှားမှု သမိုင်းအတွေ့အကြုံ”၊ နိုင်ဟန်သာ၏ “မွန်အမျိုးသားလွတ်မြောက်မှုတော်လှန်ရေး ဖြစ်စဉ် သမိုင်း”၊ နိုင်ဖေသိန်းဇြာ၏ “ဥက္ကဋ္ဌကြီးနှင့် တော်လှန်ရေးသမားတို့ကျောင်းသား” စသည့်စာအုပ်များထွက်ပေါ်လာသည်မှာ မွန်သမိုင်းပြုစုရေးသားရန်အတွက် အထောက်အကူများစွာပြုပါသည်။

ဤနေရာတွင် တင်ပြလိုသည်မှာ ကျွန်တော်တို့သည် အမျိုးသားရေးအတွက် သဘောထားကြီးရန်လိုသည်။ အထက် ဖေါ်ပြပါထုတ်ဝေခဲ့သော မွန်တော်လှန်ရေးသမိုင်းစာအုပ်များသည် စာရေးဆရာ စာရေးသူ၏တစ်ဦးတစ်ယောက်သော အမြင် ဖြင့်ရေးသားသည်ဖြစ်ကြောင်းမှန်ပါသည်။ ကိုယ့်ဘက်ကိုယ်ယက်သည်မှာ အနည်းနှင့်အများရှိကြပါသည်။ ကိုယ့်ဘက်ကိုယ် ယက်မည်စိုးသဖြင့်မထုတ်ဝေစေလိုလျှင် မိမိသဘောထားသေးသိမ်ရာကျပါသည်။ မည်သူမဆို မိမိဘက်ကလည်း မိမိအမြင် ဖြင့်ရေးသားထုတ်ဝေနိုင်ပါသည်။

ဒီမိုကရေစီခေတ်တွင်ပွင့်လင်းမြင်သာမှုရှိကြရန်လိုပါသည်။ စာရေးသူများမည်သို့ပင်ရေး စေကာမူ ယနေ့စာဖတ်သူများသည် နလပိန်းတုံးသူများမဟုတ်ကြပါ။ ဖတ်ရှု့ပြီးပါက ဟုတ်သည် မဟုတ်သည် မှန်သည်မှား သည်ကို စာဖတ်သူများဝေဖန်ပိုင်းခြားပါလိမ့်မည်။ ကိုယ့်ဘက်ကိုယ်ယက်ပြီး ကိုယ်ဘက်ကသာစေ တဘက်သားနာစေ၊ စေတနာဆိုးဖြင့်ရေးသားထုတ်ဝေလျှင် စာဖတ်သူများ တစ်ကြိမ်သာဖတ်မည်။ တခါသေဖူးပျဉ်ဘိုးနားလည် သွားမည်။ ထိုလူ သည်တစ်ကြိမ်သာထုတ်ဝေနိုင်တော့သည်။ စာဖတ်သူမွန်လူထုများအဆုံးအဖြတ် ပေးပါလိမ့်မည်။ သဘောထားကြီးစွာနှင့် ရေးသားထုတ်ဝေပါစေသား။ စောင့်ဖတ်ပြီးဝေဖန် ပိုင်းခြားပါလိမ့်မည်။

မွန်သမိုင်းစာအုပ်များအထွက်နည်းပါသည်။ အထွက်များမှ သမိုင်းဆိုင်ရာအချက်အလက်များကိုပိုမိုသိရှိပြီး သင်္ခန်း စာယူနိုင်ပါသည်။ ထိုမွန်တော်လှန်ရေးသမိုင်းစာအုပ်များကြောင့် မွန်ပြည်သစ်ပါတီကွဲခဲ့ရခြင်းအကြောင်းရင်း ထိုသို့ပါတီကွဲခဲ့ သဖြင့် ကျွန်တော်တို့ မိတ်ဆွေရင်းများစိတ်ဝမ်းကွဲခါ ကွဲခဲ့ရသည့်အကြောင်းရင်းကိုသိရှိခဲ့ရပါသည်။ဘာကြောင့် ၁၉၈၁ ခုနှစ် မွန်ပြည်သစ်ပါတီကွဲခဲ့ရသနည်း။ မွန်ပြည်သစ်ပါတီတွင်ဦးဆောင်ခဲ့သော ပုဂ္ဂိုဟ်များ၏ဝါဒစွဲကြောင့် ကွဲခဲ့ရခြင်းကို သင်္ခန်းစာ ယူနိုင်ပါသည်။

မွန်ပြည်သစ်ပါတီကွဲ တဘက်တွင်ဦးဆောင်သူမှာ နိုင်ရွှေကျင်ဖြစ်သည်။ သူသည် မွန်အမျိုးသားရေးစိတ်ဓါတ်အလွန် ထက်သန်သူဖြစ်သည်။ သို့သော်သူ့အား တာဝန်ပေးအပ်ချက်အရလည်းကောင်း တက်ခဲ့ရသောသင်တန်းများအရလည်း ကောင်း နီးစပ်မှုအများဆုံးအရလည်းကောင်း ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ထိတွေ့နီးစပ်သော သင်တန်းများတက်ခဲ့ရသည်က များသည်။ ဗမာပြည်ကွန်မြူနစ်ပါတီလက်ခံသောဝါဒမှာ ကွန်မြူနစ်ဝါဒ (Communalism) ပင်ဖြစ်သည်။ ကွန်မြူနစ်ဝါဒသည် ကားလ်မတ် (Karl Marx) (၁၈၁၈-၁၈၈၃)၏ရုပ်ဝါဒ (Materialism)နှင့်အရင်းကျမ်း (Capitalism) ကိုအခြေခံထားသောဝါဒ ဖြစ်သည်။ ကားလ်မတ်၏ မတ်(လ်)ဝါဒ(marxism)ကို နောက်လီနင်၏ရေးသားပို့ချချက်များဖြစ်ဖြည့်စွက်ထားသည်။ ကွန်မြူ နစ်ဝါဒသည် ဆိုဗီယက်ယူနီယံနိုင်ငံ၊ အရှေ့ဥရောပနိုင်ငံ၊ တရုတ်ပြည်ကြီးသို့ပြန့်နှံ့ခဲ့ပါသည်။ တရုတ်ပြည်တွင် မော်စီတုန်း စတင်ခဲ့ပါသည်။ ကွန်မြူနစ်ဝါဒ၏အခြေခံသောလူတန်းစားမှာ ပစ္စည်းမဲ့လူတန်းစား(Proletariate) ဖြစ်သောလယ်သမား၊ အလုပ်သမားဖြစ်သည့် တူနှင့်တံစင်ကိုအခြေခံပါသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုခေတ်တွင် ထိုကွန်မြူနစ်ဝါဒသည် အတော်ခေတ်စားခဲ့ဖူးပါသည်။ မည်သို့ဆိုစေ နိုင်ရွှေကျင်သည် ထိုအချိန်တွင် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် အကြောင်း ကြောင်းကြောင့် မွန်အမျိုးသားစိတ်ဓါတ်ခံပေါ်တွင် ကွန်မြူနစ်ဝါဒ၏အရောင်ဆိုးမှုမသိမသာရှိနိုင်ပါသည်။

တရုတ်ပြည်ကြီးတွင် တရုတ်နီခေါ် မော်စီတုံး၏ပစ္စည်းမဲ့တော်လှန်ရေး ပေါ်ပေါက်လာသောအခါ အရင်းရှင်စနစ်ဖြင့် အုပ်ချုပ်နေကြသော တရုတ်ဖြူခေါ် ချန်ကေရှိတ်တို့သည် ထွက်ပြေးကြရသည်။ တရုတ်ပြည်ယူနန်ပြည်နယ်မှ တရုတ်ဖြူများ သည် ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ ကျူးကျော်အခြေချနေထိုင်ခဲ့ကြပါသည်။ မြန်မာ့တပ်မတော်မှလည်း တရုတ်ဖြူတို့၏ကျူး ကျော်မှုစစ်ပွဲကိုအပြင်းအထန်တွန်းလှန်ခဲ့ပါသည်။ ၁၉၅၂ ခုတွင် ထိုအခါနယ်ကျွံပြီး မွန်ဒေသဘက်သို့ ရောက်လာပါသည်။ တရုတ်ဖြူတပ်များမွန်ဒေသခံ လက်နက်ကိုင်အဖွဲနှင့် ပူပေါင်းပြီးဆက်လက်လှုပ်ရှားရန်ဖြစ်ပါသည်။ ထိုတွင်နိုင်ဆိတ်နို့သည် လည်း မွန်လူမျိုးကိုအလွန်ချစ်သော မျိုးချစ်ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါသည်။ နိုင်ဆိတ်နို့သည် တရုတ်ဖြူတို့စိပ့်ဝင်သော မွန်ဒေသ တွင်ခေါင်းဆောင်တစ်ဦးဖြစ်ပါသည်။ ၎င်းင်းအနေနှင့်မွန်လူမျိုး မွန်ဒေသအကျိုးအတွက် တရုတ်ဖြူလက်နက်ကိုင်အဖွဲ့၊ ၎င်းင်းမှ တဆင့်တရုတ်ဖြူစီးပွါးရေးအဖွဲ့ကို လက်ခံလိုပါသည် နိုင်ရွှေကျင်တို့အဖွဲ့က တရုတ်ဖြူအဖွိဲ့ကိုလက်ခံရန် ဆန့်ကျင်သည်။ ထိုကြောင့်တရုတ်နီ၊ တရုတ်ဖြူ သဘောထားကြောင့်ခေါင်းဆောင်နှစ်ဦး သဘောထားကွဲပြားကြသည်။ ခေါင်းဆောင်နှစ်ဦး ဦးဆောင်သောတပ်များလည်းကွဲကြသည်။ နိုင်ရွှေကျင်ဦးဆောင်သောတပ်အခြေချသော ကြာအင်းဆိပ်ကြီးနယ် တောင် ပေါက်တဝိုက်ကိုမွန်နီ၊ နိုင်ဆိတ်နို့တို့ဦးဆောင်သောတပ်ဖွဲ့အခြေချသည့် ပငရွာတဝိုက်ကို မွန်ဖြူဟုခေါ်ဆိုသမုတ်ကြပါသည်။ အဖြူ၊ အနီဝါဒကြောင့် ခေါင်းဆောင်ကွဲခဲ့ကြသည်။ ခေါင်းဆောင်ကွဲခဲ့ခြင်းကြောင့် ပါတီကွဲခဲ့ကြသည်။ ပါတီကွဲခဲ့ခြင်းသည် ပြည်သူတွေအတိဒုက္ခရောက်ခဲ့ကြသည်။ ဤသင်္ခန်းစာကိုယူပြီး ကျွန်တော်တို့သည် တစ်ပါးဝါဒ (-ငျာ)ထက် ကျွန်တော်တို့ အမျိုးသားရေးဝါဒ (Nationalism)ကိုရှေ့တန်းတင်ကြမှသာလျှင် အနာဂတ်မွန်လူမျိုးများ ညီညွတ်တိုးတက်မည်ဖြစ်ပါသည်။

ယခုလည်း ၂၀၁၅ ခုနှစ်တွင်ရွေးကောက်ပွဲဝင်ကြတော့မည့်မွန်နှစ်ပါတီတို့သည် တစ်ပါတီဖြစ်အောင် မည်သို့မျှ ပေါင်းစည်း၍မရပါ။ ပုဂ္ဂိုလ်ရေးအစ်ဆင် (Personalism)ကြောင့်ဖြစ်မည်ဟုယူဆရပါသည်။ မွန်အမျိုးသားရေး (Nationalism) ကိုဦးထိပ်ထားလျှင် မပေါင်းနိုင်စရာအကြောင်းမရှိပါ။ သို့မဟုတ်ပဲ ဝါဒစွဲ ပုဂ္ဂိုလ်စွဲ ကြောင့် ပါတီသင်းကွဲမည်။ ပါတီသင်းကွဲ မှုကြောင့်မွန်လူထုအတွက်ဆက်ပြီး အခက်သံသရာ လည်ရအုန်းမည်မှာမလွှဲပါ။ ကျွန်တော်တို့မွန်ပြည်သူ မွန်လူမျိုးအချင်း ချင်းလည်း ရင်နာစရာအဖြစ်မျိုးနှင့်မကြုံဆုံလိုပါ။

About မွန်သတင်းအေဂျင်စီ

Check Also

သံလွင်ရဲ့ ညီညွှတ်မှုတေး

‘သံလွင်’ဟုဆိုလိုက်တာနဲ့မြွေလိမ်မြွေကောက်အသွင်သဏ္ဍာန်နဲ့တရုတ်နိုင်ငံမှမြစ်ဖျားခံစီးဆင်းလာသည့်မြစ်ဖြစ်သည်။ မြစ်အဆုံးရာမညနဲ့ သံလွင်သည်ခွဲခြားလို့မရနိုင်သောဆက်စပ်မှုပင်ဖြစ်သည်။ တရုတ်နိုင်ငံမှတဆင့်မြန်မာနိုင်ငံနယ်နိမိတ်များဖြစ်သောရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့ကိုဖြတ်သန်းစီးဆင်းကာ မုတ္တမပင်လယ်ကွေ့မှ ဘင်္ဂလားပင်လယ်အော်ထဲသို့စီးဝင်သည်။ နှစ်ပေါင်းများစွာသံလွင်ဟာ လူသားတို့၏ ဘဝများစွာအတွက်အသုံးတော်ခံရပ်တည်ပေးခဲ့သည်။ သံလွင်ဟာလူသားတို့အတွက် သဘာဝဖန်တီးပေးထားသော အနဂ္ဃရတနာတစ်ပါးပင်ဖြစ်သည်။ …

Leave a Reply

%d bloggers like this: