မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / KNU တပ်မဟာ ၄ နှင့်အစိုးတပ် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွား

KNU တပ်မဟာ ၄ နှင့်အစိုးတပ် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွား

ရေးသားသူ: >
ရှေ့တန်းရောက် KNU တပ်ဖွဲ့ဝင်(FBR)
ရှေ့တန်းရောက် KNU တပ်ဖွဲ့ဝင်(FBR)
မင်းသုတ – တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အရှေ့ဘက် မိုးကဖော့နယ်စပ်အနီး၌ KNU နှင့် မြန်မာစစ်တပ်တို့ ဇွန်လ ၁၃-၁၄ ရက်နေ့များတွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ရာတွင် KNU ဘက်မှကျဆုံးမှုများရှိခဲ့သည်ဟု တပ်မဟာ ၄ အရာရှိတစ်ဦးက IMNA သို့ပြောသည်။

KNU တပ်မဟာ ၄ အရာရှိက “ကျနော်တို့ရှိတဲ့စခန်းနေရာကို ဝင်ရောက်ပစ်ခတ်တာပါ၊ အပစ်ရပ်စဲထားတော့ ဒီအထိမဖြစ်နိုင်ဘူးလို့ထင်တာပေါ့၊ ကျနော်တို့ ရဲဘော် ၂ ယောက်ကျသွားတယ်၊ သေနတ်နဲ့ ကျည်ဆံတွေ သိမ်းသွားတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်၊ နံနက် ၉ နာရီအချိန်ခန့်တွင် မြန်မာအစိုးရ၏ ရှေ့တန်း ခမရ ၅၈၂ စစ်ကြောင်းသည် မိုးကဖော့နယ်စပ်စခန်း၏တောင်ဘက်ရှိ KNU အမှတ် ၁၁ တပ်ရင်းမှ တပ်စိပ်တစ်စိပ်အား လာရောက်ပစ်ခတ်ခဲ့သည်ဟု အဆိုပါအရာရှိက ပြောသည်။

ထို့အပြင် ဇွန်လ ၁၃ ရက်နေ့တွင်လည်း ရှေ့တန်း ခမရ ၅၇၇ စစ်ကြောင်းသည် မိုးကဖော့စခန်းအနီး၌ KNU တပ်ဖွဲ့ဝင် ၃ ဦးနှင့် ၁၀ မိနစ်ခန့်တွေ့ဆုံတိုက်ပွဲဖြစ်ခဲ့ရာ KNU တပ်ဖွဲ့ဝင်အလောင်း ၁ လောင်း၊ M 16 သေနတ် ၁ လက်၊ ကျည်ဆံ ၁၁၀ တောင့်နှင့် ကျည်အိမ် ၂ ခုကို မြန်မာတပ်ဖွဲ့များသိမ်းဆည်းခဲ့သည်ကိုသိရှိရကြောင်း အမည်မဖေါ်လိုသော ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့အရာရှိတစ်ဦးက ဆိုသည်။

အဆိုပါဒေသအနီးစခန်းချနေသော မွန်ပြည်သစ်ပါတီ၊ မြိတ်ခရိုင်စည်းရုံးရေးဒေသခေါင်းဆောင် ဒုဗိုလ်မှူးကြီးဟံသာက “KNU တပ်ဖွဲ့နဲ့ အစိုးရတပ်တွေတိုက်ပွဲ ၂ ကြိမ်ဖြစ်တာသိရတယ်၊ အပစ်အခတ်ရပ်စဲထားတယ်ဆိုပြီး စိတ်ချလက်ချနေလို့တော့မရပါ၊ တော်လှန်ရေးသတိ ရှိဖို့လိုတယ်” ဟု IMNA သို့ပြောသည်။

အလားတူ ယမန်နှစ် ဇူလိုင်လတွင်လည် ထိုင်းမြန်မာနယ်စပ်အနီး မြိတ်ခရိုင်အခြေစိုက် မွန်ပြည်သစ်ပါတီစခန်းတစ်ခုအား အစိုးရစစ်တပ်ဝင်ရောက်ပစ်ခတ်ရာတွင် မွန်ပြည်သစ်တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးပြီး လက်နက်များသိမ်းဆည်းခဲ့သည်ဟု သတင်းမှတ်တမ်းများ၌ ဖေါ်ပြခဲ့ပြီး ဖြစ်သည်။

ထို့အတူ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် မြန်မာအစိုးရတို့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲမှုသဘောတူညီချက်ရေးထိုးခဲ့ပြီးဖြစ်သော်လည်း ရှမ်းပြည်နယ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး (RCSS) တပ်များနှင့် မြန်မာအစိုးရတပ်ဖွဲ့တို့ တိုက်ပွဲအကြိမ် ၁၀ဝ ကျော်ဖြစ်ပွားခဲ့သည်ဟု မီဒီယာများက ရေးသားဖေါ်ပြကြသည်။

About မွန်သတင်းအေဂျင်စီ

Check Also

တာဝန်ရပ်လိုက်သည့်ရေးမြို့နယ်ကျေးရွာအုပ်ချုပ်ရေးမှူး (၄) ဦးနေရာ အသစ်ပြန်ရွေးမည်

ပြီးခဲ့သည့် အောက်တိုဘာလကုန်တွင် တာဝန်မှရပ်စဲလိုက်သည့် ရေးမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး (၄) ဦး နေရာတွင် အုပ်ချုပ်ရေးမှူးအသစ်ကို တစ်လအတွင်း ပြန်လည်ရွေးချယ်သွားမည်ဟု ရေးမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးမှူးမှ သိရသည်။ …

Leave a Reply

%d bloggers like this: