မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / ပုဒ်မ ၄၃၆ ပြင်ဆင်ရေး NLD နှင့်လက်တွဲမည်ဟု MNP ပါတီဆုံးဖြတ်

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး NLD နှင့်လက်တွဲမည်ဟု MNP ပါတီဆုံးဖြတ်

ရေးသားသူ: >
ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုပိုစတာ(Copy)
ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုပိုစတာ(Copy)
မင်းလုံး – မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ မွန်အမျိုးသားပါတီ MNP ရုံးချူပ်၌ ဇွန်လ ၄ ရက်နေ့တွင် ကျင်းပခဲ့သော ဗဟိုအလုပ်အမှုဆောင်အရေးပေါ်အစည်းအဝေးဆုံးဖြတ်အရ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအား ထောက်ခံလိုက်ပြီး NLD ပါတီ၏ကမ်းလှမ်းချက်များကို လက်တွဲဆောင်ရွက်သွားမည်ဟု MNP ပါတီတွဲဖက်အတွင်းရေးမှူး(၁) ဒေါတ်တာမင်းကြည်ဝင်းက IMNA သို့ ပြောသည်။

သူက “ ကျနော်တို့အနေနဲ့က ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်မယ်ဆိုရင် ဘယ်အပိုင်း၊ ဘယ်အခန်းကနေပဲပြင်ပြင် ကျနော်တို့ပါတီကထောက်ခံသွားမှာပဲ၊ ဒီပုဒ်မ ၄၃၆ ကိုပြင်ဖို့အတွက် လက်မှတ်ရေးထိုးပွဲတွေလုပ်ဖို့ NLD ဘက်က ကမ်းလှမ်းထားတယ်၊ လက်မှတ်ရေးထိုးပွဲလုပ်ဖို့အတွက် ကျနော်တို့ပါတီနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်” ဟု ပြောသည်။

ထို့အပြင် ပုဒ်မ ၄၃၆ တစ်ခုတည်းသာပြင်ဆင်ရန်အတွက်သာမဟုတ်ပဲ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြီးခဲ့သည့်မွန်အမျိုးသားကွန်ဖရင့်တွင် ပါတီ၏ရပ်တည်ချက်ကို တင်ပြခဲ့ပြီးဖြစ်ကြောင်း၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လူထုဟောပြောပွဲ များ၊ လက်မှတ်ရေးထိုးပွဲများပြုလုပ်ရန် NLD မှကမ်းလှမ်းချက်များကို မကြာမီ လက်တွဲအကောင်အထည်ဖော် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေါက်တာမင်းကြည်ဝင်းက ဆက်ပြောသည်။

သို့ရာတွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ(AMDP)ပါတီအနေဖြင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုလက်ရှိအခြေအနေများကို စောင့်ကြည့်နေသည့်အနေအထားဖြစ်ကြောင်း၊ ၎င်းတို့ပါတီအနေဖြင့် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြည့်အဝလက်ခံထားခြင်းမရှိကြောင်း၊ ပြင်ဆင်သင့်သည် ပုဒ်မများကိုလည်း တဖြည်းဖြည်းချင်းပြင်ဆင်သွားမည်ဖြစ်ကြောင်း AMDP ပါတီအထွေထွေအတွင်းရေးမှူး (မွန်ပြည်နယ်-စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး) ဒေါက်တာမင်းနွယ်စိုး ကပြောသည်။

သူက ” ၂၀ဝ၈ ဖွဲ့စည်းပုံမှာ ပြင်သင့်တဲ့ပုဒ်မတွေကိုပြင်ဖို့ ကျနော်တို့လွှတ်တော်ကိုတင်ထားပြီးပါပြီ၊ ပုဒ်မ ၄၃၆ ကိုကြည့်မယ်ဆိုရင် ပြင်ဖို့တော့တော်တော်ခက်နေမယ်၊ သို့သော်လည်း ၄၃၆ ကိုပြင်လို့ရမှလည်း တခြားဟာတွေကိုတော့ ပြင်လို့လွယ်သွားမယ်၊ ပြင်တော့ပြင်ရမှာပဲ၊ ကျနော်တို့ကတော့ အေးအေးချမ်းချမ်းနဲ့ အသွင်ကူးပြောင်းတာကိုပဲ လိုချင်တယ်” ဟု ပြောသည်။

ပုဒ်မ ၄၃၆ ၏ ပြဋ္ဌာန်းချက်များအရ အခြေခံဥပဒေပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်နိုင်မည် ဖြစ်သည်။

အဆိုပါပုဒ်မ ၄၃၆ အားပြင်ဆင်ရေးအတွက် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပြင်ဆင်ရေးလက်မှတ် ရေးထိုးပွဲများပြုလုပ်ခြင်း၊ လူထုပြောပြေပွဲများပြုလုပ်ခြင်းများကို NLD ပါတီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းဦးဆောင်၍ တိုင်းဒေသကြီးများနှင့် ပြည်နယ်အသီး၌လည်းကောင်း၊ အမြို့မြို့အရပ်ရပ်များ၌လည်းကောင်း ပါဝင်လှုပ်ရှားလျက်ရှိသည်။

About မွန်သတင်းအေဂျင်စီ

Check Also

မွန်ကျောင်းဆရာများ ညီလာခံကျင်းပ

မွန်အမျိုးသားပညာရေးကော်မတီ MNEC-Mon National Education Committee မှ ဦးစီး၍ မွန်အမျိုးသားပညာရေး ကျောင်းဆရာများ ညီလာခံ Teacher Conference တရပ်ကို နိုဝင်ဘာလ ၁၉ …

Leave a Reply

%d bloggers like this: