မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / အံဒင် ကျောက်မီးသွေးစီမံကိန်း မြေနေရာသို့ YSS အဖွဲ့ သွားရောက်ကန့်ကွက်

အံဒင် ကျောက်မီးသွေးစီမံကိန်း မြေနေရာသို့ YSS အဖွဲ့ သွားရောက်ကန့်ကွက်

ရေးသားသူ: > >
အံဒင်ကျောက်မီးသွေးစီမံကိန်း မြေနေရာသို့ YSS အဖွဲ့ရောက်ရှိခဲ့စဉ်(ရေးတော်ဝင်)
အံဒင်ကျောက်မီးသွေးစီမံကိန်း မြေနေရာသို့ YSS အဖွဲ့ရောက်ရှိခဲ့စဉ်(ရေးတော်ဝင်)
အေမီအောင်အေမီအောင် – မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အံဒင်ကျေးရွာအနီး Toyo Thai ကုမ္ပဏီ၏ ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံ တည်ဆောက်မည့်စီမံကိန်းမြေနေရာသို့ သွားရောက်ကန့်ကွက်ခဲ့သည်ဟု ရေးမြို့နယ်၊ လူမှုအကျိုးဆောင်အဖွဲ့ (YSS) ဥက္ကဌ ဦးမြသန်းက လွတ်လပ်သော မွန်သတင်းအေဂျင်စီ (IMNA) သို့ပြောသည်။

ဇွန်လ (၁)ရက်နေ့တွင် ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့ (YSS)၊ ပြည့်ခိုင်ဖြိုးပါတီ၊ NLD ပါတီ၊ တက်ကြွလှုပ်ရှား လူမှုအဖွဲ့အစည်းများ၊ စုစုပေါင်း အင်အား (၁၃၀) ခန့် သွားရောက်ခဲ့သည်ဟု သူကပြောသည်။

ဦးမြသန်းက ” ဒေသခံတွေက မွန်လူမျိုးအများစုဖြစ်တယ်၊ ပညာပေးလက်ကမ်းစာစောင်ကို မွန်၊ ဗမာ နှစ်ဘာသာထုတ်တော့ ပိုပြီးထိရောက်တယ်၊ ဒေသခံတွေကလည်း ကျနော်တို့နဲ့ပူးပေါင်းလာတယ်” ဟုပြောသည်။

အလားတူ လက်ကမ်းစာစောင်များကို ရေးမြို့ပေါ်နှင့် နှီးနှူ၊ ဂူဟတော၊ ဒူးရား၊ အဘော်၊ အစင်၊ ဇီးဖြူသောင်၊ ဆိပ်ကလေး၊ ဓမင်းဆိပ်၊ အစင်ကျားတန်း၊ အံဒင်၊ နှီးကရုပ်၊ ငါးမျှားစခန်း၊ သင်္ကန်ကျွန်းစသောကျေးရွာများတွင်လည်း ဖြန့်ဝေခဲ့ပြီးဖြစ်သည်။

ထို့အပြင် အဖြူပေါ် အနီရောင်စာလုံးဖြင့် အရှေ့ဘက် No Coal၊ အနောက်ဘက် ကျောက်မီးသွေးပုံစံ အဝိုင်းမျဉ်းဖြတ်(လမ်းမဖြတ်ရ)သင်္ကေတဖြင့် ကျောက်မီးသွေးစက်ရုံ အလိုမရှိရေးသားထားသည့် တီရှပ်အင်္ကျီများဝတ်ဆင်၍ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။

EITI အဖွဲ့ဝင် ဒေသခံ မိစိုက်စွမ်းက ” ဒီစက်ရုံကို လက်မခံနိုင်ဘူး၊ ကျမတို့ ဒေသခံတွေ စုနေတယ်၊ ကိုယ့်အစီအစဉ်နဲ့ကိုယ် ဆက်ပြီးကန့်ကွက်သွားမယ်၊ လူတွေစုမိသွားရင် တစ်ခြားအဖွဲ့တွေနဲ့ပူးပေါင်းလှုပ်ရှားသွားမယ်” ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNAသို့ ပြောသည်။

ယင်းစီမံကိန်းလျာထားသည့် မြေနေရာအနီးတဝိုက်တွင် တစ်လလျှင်တစ်ကြိမ် နိုင်ငံခြားပညာရှင်များလာရောက်၍ ပင်လယ်ရေမျက်နှာပြင်နှင့် ရေနက်တိုင်းတာစမ်းသပ်မှုများ ပြုလုပ်နေသည်ဟု သူမက ပြောသည်။

အဆိုပါ ဒေါ်လာသန်း ၂၇၀ဝ ရင်းနှီးမြှပ်နှံမည့် ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံသည် ဒေသခံများနှင့် ရေးတစ်မြို့နယ်လုံးရှိ ပြည်သူများအပေါ် ဆိုးကျိုးများစွာ ကျရောက်လာမည်ဖြစ်သောကြောင့် စီမံကိန်းရပ်တန့်သည်အထိ အဆင့်ဆင့်လုပ်ဆောင်သွားမည်ဟု ဦးမြသန်းက ဆက်ပြောသည်။

အလားတူ ပြီးခဲ့သည့်မေလ ၂၅ ရက်နေ့တွင်လည်း မလေးရှားနိုင်ငံရောက် ဖာလိန်တောင် (ဒူယား၊ ဂူဟတော၊ နှီုးနှူ၊ သာဂရံ၊ အံဒင်) ကျေးရွာကိုယ်စားလှယ် ၆၀ ဦးတို့ကလည်း ယင်းစီမံကိန်းကို အပြင်းအထန် ကန့်ကွက်သည့် သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ယင်းစီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုများကို TOYO Thai ကုမ္ပဏီမန်နေဂျာ ဒေါ်နီနီစံသို့ ဖုန်းဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မပြုပေ။

BOT စနစ်ဖြင့် အနှစ် ၃၀ လည်ပတ်မည့် ယင်းကျောက်မီးသွေးလျှပ်စစ်စက်ရုံတည်ဆောက်ရန် စီမံကိန်းကာလ ၄၈ လ သတ်မှတ်လျှာထားပြီး ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် စက်ရုံတစ်ခုလုံးစတင်လည်ပတ်နိုင်မည်ဟုလည်း ဒေသခံများအားအသိပေးဖြန့်ဝေခဲ့သော TOYO Thai ၏ စီမံကိန်းအကျဉ်းချုပ်စာရွက်၌ ဖေါ်ပြထားသည်။

About မွန်သတင်းအေဂျင်စီ

Check Also

ရေရှည်တည်တန့် ခိုင်မြဲသည့် ကုလသမဂ္ဂ၏ ဖွံ့ ဖြိုးရေးပန်းတိုင်များသတင်းရေးသားရန် မြန်မာသတင်းထောက်များအတွက်အမြင်

မြန်မာနိုင်ငံပြန်ကြာရေးဝန်ကြီးဌာနနှင့် အာရှ-ဥရောပ ဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် နိုဝင်ဘာလ (၁၈) ရက်နှင့် (၁၉) ရက် (၁၁) ကြိမ်မြောက် အာရှ-ဥရောပသတင်းထောက်များအစည်းအဝေးတွင် ကုလသမဂ္ဂမှ ချမှတ်ထားသည့် ရေရှည်တည်တန့် …

Leave a Reply

%d bloggers like this: