မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / အမြင်နှင့်သုံးသပ်ချက် / တစ်ခုတည်းသော မွန်အမျိုးသားနိုင်ငံရေး အင်အားစုတစ်ရပ် တည်ဆောက်ရေး (၅)

တစ်ခုတည်းသော မွန်အမျိုးသားနိုင်ငံရေး အင်အားစုတစ်ရပ် တည်ဆောက်ရေး (၅)

ရေးသားသူ:

ခင်မောင်ရင်

(င) အမြော်အမြင်ရှိသော အမျိုးသားရေးလှုပ်ရှားမှုများ

ဤတွင် တစ်ပြည်ထောင်စနစ်အောက်မှပင် ဦးဆောင်မှုအနေအထားနှင့် ပြည်သူလူထု အဆင်သင့်ဖြစ်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေကပေးမထားသည့် အခွင့်အရေးများကို အရယူနိုင်ခဲ့ကြသည့် ဥပမာနှစ်ခုကို ထပ်မံတင်ပြလိုပါသည်။ ဂရိတ်ဗြိတိန်နှင့် အိုင်ယာလန် ဘုရင့်နိုင်ငံပြည်ထောင်စု (United Kingdom of Great Britain and Ireland) ဟု တိုက်ရိုက်ဘာသာပြန်ရမည့် ဗြိတိန်နိုင်ငံ မှ အနေအထားအဆင့်အတန်း (status) မတူသော လူမျိုးနှစ်မျိုး၏အခြေအနေကို နှိုင်းယှဉ်တင်ပြပါမည်။ ကျွန်တော်တို့အနေအထားနှင့် ထပ်တူညီသည်ဟု မဆိုလိုကြောင်း ကြိုတင်စကားကလ္လင်ခံပါသည်။

(၁) ဝေလအမျိုးသားလှုပ်ရှားမှု

ဝေလနယ်မှာ ၁၂၈၂ ခုနှစ်တွင်တစ်ကြိမ်၊ ၁၅၄၂ ခုနှစ်တွင်တစ်ကြိမ် အင်္ဂလိပ်လူမျိုးများကို စစ်ရှုံးပြီး ယခုထက်တိုင် ထိုအနေအထားအတိုင်း ရှိနေဆဲဖြစ်ပါသည်။ ၂၀ ရာစုအစပိုင်းတွင် ဗြိတိသျှ လေဘာပါတီ ရော၊ လစ်ဘရယ်ပါတီကပါ ဝေလတို့အတွက် ကိုယ်ပိုင်အုပ်ချုပ်ရေးရရှိရန် ကြိုးပမ်းခဲ့ကြသော်လည်း ဝေလအမျိုးသား အစိုးရဖွဲ့ရန်အတွက် ဝေလနိုင်ငံရေးပါတီပင် မရှိသဖြင့် အခက်ကြုံခဲ့ကြရသည်။

၁၉၂၅ ခုနှစ်တွင် ပလိတ်စိုင်မရူး ဟု ခေါ်သော ဝေလပါတီ (Plaid Cymru- the Party of Wales) ကို စတင်တည်ထောင်နိုင်ခဲ့ကြပြီး ၁၉၆၆ ခုနှစ်တွင် ဗြိတိသျှပါလီမန်ရှိ ဝေလအမတ်နေရာ ၄၀ အနက် ၁ နေရာစတင်အနိုင်ရခဲ့ပါသည်။ ယခုနောက်ဆုံး ၂၀၁၂ ခုနှစ်ရွေးကောက်ပွဲများတွင် ဥရောပပါလီမန်ရှိ ဝေလကိုယ်စားလှယ် ၄ နေရာအနက် ၁ နေရာ၊ ဗြိတိသျှပါလီမန်တွင် နေရာ ၄၀ အနက် ၃ နေရာ၊ ဝေလအမျိုးသားညီလာခံတွင် နေရာ ၆၀ အနက် ၁၁ နေရာနှင့် ဒေသဆိုင်ရာအာဏာပိုင်ကောင်စီဝင် ၁၂၆၄ နေရာအနက် ၂၀၆ နေရာတို့တွင် အနိုင်ရထားပါသည်။

၁၉၇၉ ခုနှစ်တွင် ဗြိတိသျှအစိုးရက ဝေလနယ်တွင် အမျိုးသားအချုပ်အချာအာဏာကို တိုးချဲ့ကျင့်သုံးနိုင်ရန် အမျိုးသားညီလာခံ (National Assembly for Wales) (လွှတ်တော်အဆင့်မဟုတ်) တစ်ရပ်ထူထောင်ရန် အတွက် လူထုဆန္ဒခံယူပွဲကျင်းပပေးခဲ့ပါသည်။ မဲပေးသူ ၁၇ ရာခိုင်နှုန်းရှိခဲ့ပြီး ၇ ရာခိုင်နှုန်းက သီးခြား အမျိုးသားညီလာခံလိုချင်ကြောင်း မဲပေးခဲ့ကြပြီး ၉၃ ရာခိုင်နှုန်းက ဗြိတိသျှပါလီမန် (Parliament of United Kingdom) နှင့်ခွဲခြားရန်မလိုဟု မဲပေးခဲ့ကြပါသည်။ ဗြိတိသျှလေဘာပါတီအစိုးရ၏ အားထုတ်မှုဖြင့် ၁၉၉၇ ခုနှစ် စက်တင်ဘာလတွင် ဒုတိယအကြိမ်ပြုလုပ်သည့် လူထုဆန္ဒခံယူပွဲတွင် ၅၀.၃ ရာခိုင်နှုန်းထောက်ခံမဲဖြင့် ပွတ်ကာသီကာ ဝေလအမျိုးသားညီလာခံကို အတည်ပြု တည်ထောင်နိုင်ခဲ့ကြပါသည်။ သို့သော် ပြဿနာမှာ ရွေးကောက်ပွဲများတွင် ဝေလပါတီမှာ ညီလာခံ ကိုယ်စားလှယ် နေရာ ၆၀ အနက် ၄ နေရာထက်ပို၍ အနိုင်မရနိုင်ခြင်းပင်ဖြစ်ပါသည်။ သို့နှင့် ဝက်စ်မင်စတာနန်းတော် ကပင် နေရာ ၆၀ အနက် နေရာ ၂၀ကို အချိုးကျကိုယ်စားပြုမှုစနစ်သို့ ပြောင်းပေးခဲ့ပါသည်။ အချိုးကျစနစ်မှရသည့် (၈) နေရာနှင့်ပေါင်းလျှင် ယခုလောလောဆယ်တွင် ဝေလပါတီမှ ညီလာခံကိုယ်စား လှယ် နေရာ ၆၀ အနက် ၁၁ နေရာ ရထားပါသည်။

သို့သော် အမျိုးသားရေးလှုပ်ရှားမှုနယ်ပယ်တွင် ဝေလပါတီ၏ အောင်မြင်မှုနှင့် ထိုစဉ်က အာဏာရ လေဘာပါတီအစိုးရ၏သဘောထားကြီးမှုမှာ ကျွန်တော်တို့အတွက် အားကျစရာကောင်းလှပါသည်။ ဥပမာအချို့ကို တင်ပြပါမည်။ ဝေလ ဘာသာစကားကို ရုံးသုံးဘာသာစကားအဖြစ်သတ်မှတ်နိုင်ခဲ့ကြပါသည်။ ပါလီမာန်တွင် စကားပြန်စနစ်ထား ရှိခြင်း (အမတ်က ဝေလဘာသာဖြင့် မေးပါက ပြည်နယ်ဝန်ကြီးချုပ်က ဝေလဘာသာဖြင့် ပြန်ဖြေရမည်။ သို့မဟုတ် တိုက်ရိုက်ဘာသာပြန်ပေးရမည်)၊ ဝေလနယ်တစ်ဝှမ်း အများပြည်သူဆိုင်ရာ ဆိုင်းဘုတ်အားလုံး အပေါ်တွင် စာလုံးအရွယ်ပိုကြီးသောဝေလဘာသာဖြင့်ရေးရပြီး အောက်တွင်မှ အရွယ်ငယ်သော အင်္ဂလိပ် ဘာသာဖြင့်ရေးရပါသည်။ မူလတန်းအဆင့်တွင် ဝေလဘာသာ မသင်မနေရ ပြဋ္ဌာန်းပေးခဲ့ပါသည်။ ပြဿနာ မှာ ကျွန်တော်တို့အဖြစ်နှင့် ခတ်ဆင်ဆင်တူနေပါသည်။ အင်္ဂလန်ပညာရေး စနစ်တွင် မူလတန်းအဆင့်တွင် မိဘအုပ်ထိန်းသူက ကလေးအိမ်စာလုပ်ရာတွင် မပါမဖြစ် နေ့စဉ်ပါရပါသည်။ ဝေလအမျိုးသားအများစုမှာ ဝေလစာကို မတတ်ကြတော့သဖြင့် ကြီးစွာအခက်အခဲ ဖြစ်ခဲ့ရသည်ဟု သိရသည်။ ထို့အပြင် ဝေလဘာသာ ကို သင်ကြားပေးနိုင်သော ဆရာအခက်အခဲနှင့်လည်း ကြုံခဲ့ရသည်ဟုဆိုပါသည်။ ဗြိတိသျှအစိုးရက ဝေလ များကို သာမက၊ စိတ်ပါဝင်စားသော အင်္ဂလိပ်များကိုပါ စံနှုန်းနှင့် ကိုက်ညီစွာ ဝေလစာသင်ပြပေးနိုင်စေရန် အတွက် ပညာရေးကောလိပ်နှင့် တက္ကသိုလ်များ စီစဉ်ဖွင့်လှစ်ပေး ခဲ့ပါသည်။ မိဘအုပ်ထိန်းသူများအတွက်လည်း ညနေတိုင်းတွင် သက်ဆိုင်ရာ အိမ်စာများအတွက် အင်တာနက်ဝက်ဆိုက်တစ်ခုဖွင့်ကာ အကူအညီ ပေးနေပါသည်။

သို့သော် ၂၀ဝ၆ ခုနှစ်အထိ ဝေလအမျိုးသားညီလာခံတွင် ဥပဒေပြုခွင့်မရှိပါ။ ဝေလအစိုးရအနေဖြင့် အခွန် အကောက် ကောက်ခံခွင့်မရှိ၊ မီးသတ်တပ်ဖွဲ့နှင့် မြူနီစီပယ်အလုပ်တစ်ခုဖြစ်သော အမှိုက်သိမ်းသည့်အလုပ် ကိုပင်စီမံခွင့်မရှိ။ ဗြိတိသျှနန်းတော်က အခွန်အားလုံးကောက်ယူပြီး ဝေလအတွက် ဘတ်ဂျက်ကို ပြန်ချပေးပါ သည်။

ရွေးကောက်ပွဲများတွင် တစိုက်မတ်မတ် ရှုံးနိမ့်နေရခြင်းပတ်သက်ပြီး ပညာရှင်အများစုက ပါတီတွင်း ခေါင်းဆောင်မှု အကွဲအပြဲကြောင့်ဟု ဆိုကြပါသည်။ အထင်ရှားဆုံးမှာ ၂၀၁၁ ခုနှစ် ပထမညီလာခံ နှစ်ဝက် အတွင်း ဝေလပါတီခေါင်းဆောင် လူယင်ဂျုံးစ်နှုတ်ထွက်မှုဖြစ်ပြီး ခေါင်းဆောင်နေရာအပြိုင် အဆိုင်ဖြစ်မှု ကြောင့်ဟု နောက်ပိုင်းစုံစမ်းစစ်ဆေးမှုများက ဆိုပါသည်။

ဥရောပပြည်ထောင်စုအတွင်း လွတ်လပ်သော ဝေလနိုင်ငံတည်ထောင်ရေးနှင့် ကုလသမဂ္ဂတွင် ဝေလနေရာ တစ်နေရာ ရရှိရေးအတွက် ရည်ရွယ်ဖွဲ့စည်းခဲ့သော ဝေလပါတီမှာ ယခုထက်တိုင် မိမိပြည်နယ်အမျိုးသား ညီလာခံတွင်ပင် နိုင်ငံရေးအရ အောင်မြင်မှုမရနိုင်ဘဲ ဖြစ်နေရပါသည်။

(၂) စကော့တလန်အမျိုးသားလှုပ်ရှားမှု

စကော့တလန်၏ ဖြစ်စဉ်မှာ ဝေလနှင့်မတူ တမူထူးခြားလှပါသည်။ အလယ်ခေတ်အစောပိုင်းကတည်းက စစ်ပွဲများဖြင့် တိုက်ခိုက်အနိုင်ယူပြီး တည်ထောင်ခဲ့သည့် စကော့တစ်ဘုရင့်နိုင်ငံ (Khingdom of Scotland) သည် ဆဋ္ဌမမြောက် ဂျိမ်းစ်ဘုရင်မင်းမြတ်လက်ထက် ၁၇၀၇ ခုနှစ်တွင် အင်္ဂလန်ကိုစစ်ရှုံးသွားခြင်းမဟုတ်ဘဲ အင်္ဂလန်ဘုရင့်နိုင်ငံတော် (Kingdom of England) ထဲသို့ မိမိဖာသာ ဝင်ပေါင်းရာမှ အဆုံးသတ်သွားပါတော့ သည်။ အင်္ဂလန်ထဲသို့ စကော့တလန်ပါဝင်လာသဖြင့် အင်္ဂလန်ဘုရင့်နိုင်ငံတော်မှ ဂရိတ်ဗြိတိန်ဘုရင့်နိုင်ငံ တော် (Kingdom of Great Britain) ဖြစ်လာပါသည်။ အင်္ဂလန်ပါလီမန်နှင့် စကော့တစ်ရှ်ပါလီမန်နှစ်ခုလုံးကို ဖျက်သိမ်းပြီး ယခုတည်ရှိနေသည့် လန်ဒန်မြို့ ဝက်စ်မင်စတာနန်းတော်ရှိ ဂရိတ်ဗြိတိန်ပါလီမန်အဖြစ်သို့ ပူးပေါင်းခဲ့ပါသည် (National Archive)။ [ထို့နည်းတူ ဂရိတ်ဗြိတိန်က ၁၈၀၁ ခုနှစ်တွင် အိုင်ယာလန်ဘုရင့် နိုင်ငံတော်ထဲသို့ ဝင်ပေါင်းသောအခါ ဂရိတ်ဗြိတိန်နှင့် အိုင်ယာလန်ဘုရင့်နိုင်ငံပြည်ထောင်စု (United Kingdom of Great Britain and Ireland) အဖြစ်သို့ ရောက်ရှိသွားခဲ့ပါသည်။ ထို့ကြောင့် ယခုအင်္ဂလန်ကို UK ဟုအတိုခေါ်ခြင်း ဖြစ်သည်။ စကားချပ်]

သို့သော် စကော့လူမျိုးများ၏ ဥပဒေ၊ ပညာရေးနှင့် ဘာသာရေးဆိုင်ရာ အင်စတီကျူးရှင်းများမှာ အင်္ဂလိပ်၊ ဝေလနှင့် အိုင်းရစ်များနှင့်မတူဘဲ စကော့လူမျိုးအစဉ်အဆက် လက်ဆင့်ကမ်းထိန်းသိမ်းလာနိုင်ခဲ့ကြပါသည်။ ထိုအချက်ကြောင့်ပင် စကော့လူမျိုးများ၏ သီးခြားယဉ်ကျေးမှုနှင့် အမျိုးသားကြန်အင်လက္ခဏာများ ယခုထက်တိုင် တစ်သီးတစ်သန့် တည်တံ့နေနိုင်ခြင်းဖြစ်သည်ဟု ဆိုကြပါသည်။

ဝေလများနည်းတူ စကော့များ၏ အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တိုက်ပွဲမှာလည်း အတက်အကျ၊ အပြောင်း အလဲ အမျိုးမျိုးနှင့် ရင်ဆိုင်ခဲ့ကြရပါသည်။ ၁၉၁၄ ခုနှစ်တွင် စကော့ကိုယ်ပိုင်အုပ်ချုပ်ရေး သို့မဟုတ် လွတ်လပ်ရေး လှုပ်ရှားမှု ပြင်းထန်အားကောင်းခဲ့သော်လည်း ပထမကမ္ဘာစစ်ဖြစ်လာသဖြင့် မအောင်မြင်ခဲ့ပါ။ ၁၉၇၃ ခုနှစ်တွင် စကော့လူမျိုးများ၏ လူမျိုးစုတွင်းရေးရာအများစုကို စီမံခန့်ခွဲခွင့် ပြုရန်အတွက် ဝေလပြည်နယ်မှာကဲ့သို့ပင် စကော့တစ်အမျိုးသားညီလာခံ (Scottish Assembly) တစ်ရပ်တည်ထောင်ပေး ရန် ထိုစဉ်ကအာဏာရ လေဘာပါတီအစိုးရက သဘောတူခဲ့ပါသည်။ သို့သော် မြောက်ပိုင်းပင်လယ်တွင် ရေနံအမြောက်အများ ရှာတွေ့ရာမှ စကော့အမျိုးသားပါတီ၏ အမျိုးသားလှုပ်ရှားမှုများ ပြင်းထန်လာခဲ့ တော့သည်။ “ဒါ စကော့တွေရဲ့ ရေနံ” (Its Scottish Oil) ဟူသည့် ကြွေးကျော်သံဖြင့် စကော့အမျိုးသား ပါတီက အမျိုးသားလှုပ်ရှားမှုကို မောင်းတင်ခဲ့ပါသည်။ သို့သော် အကျိုးဆက်အဖြစ် ၁၉၇၉ ခုနှစ်တွင်မှ စကော့အမျိုးသားညီလာခံ အတွက် လူထုဆန္ဒခံယူပွဲကို ကျင်းပနိုင်ခဲ့သည်။ မဲလာပေးသူ ၆၀.၄ ရာခိုင်နှုန်း၏ ၅၁.၆ ရာခိုင်နှုန်းက သီးခြား စကော့ညီလာခံအတွက် ထောက်ခံမဲပေးခဲ့သော်လည်း မဲပေးခွင့်ရှိသူ စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းမပြည့်သဖြင့် မအောင်မြင်ခဲ့ပါ။ ၁၉၈၀နှင့် ၉၀ ခုနှစ်များအတွင်း အာဏာရကွန်ဆာဗေးတစ်ပါတီ (မာဂရက်သက်ချာ၏ “သက်ချာဝါဒ”ခေတ်) ၏ စီမံအုပ်ချုပ်ပုံစနစ်ကြောင့် စကော့အမျိုးသားလှုပ်ရှားမှုများ ပိုမိုပြင်းထန်လာခဲ့ပါ သည်။ ၁၉၉၇ ခုနှစ် စက်တင်ဘာလတွင် အာဏာရလေဘာပါတီအစိုးရက အခွန် ကောက်ခံခွင့်ရှိသော စကော့တစ်ရှ်ပါလီမန်တည်ထောင်ရန်အတွက် လူထုဆန္ဒခံယူပွဲကို ကျင်းပပေးခဲ့ပါ သည်။ သို့နှင့် ၁၉၉၉ ခုနှစ် အီဒင်ဘာရာမြို့တွင် စကော့တစ်ရှ် ပါလီမန်ပြန်လည် အသက်ဝင်လာခဲ့ပါသည်။

စကော့လူမျိုးများကို ကိုယ်စားပြုသည့် စကော့အမျိုးသားပါတီ (Scottish National Party)ကို ၁၉၃၄ ခုနှစ်တွင် စကော့တလန်အမျိုးသားပါတီ (National Party of Scotland)နှင့် စကော့ပါတီ (Scottish Party) နှစ်ခု ပူးပေါင်းပြီး စကော့အမျိုးသားပါတီအဖြစ် ထူထောင်ခဲ့ခြင်းဖြစ်ပါသည်။ ၁၉၄၅ ခုနှစ် ဗြိတိသျှပါလီမန် ကြားဖြတ်ရွေးကောက်ပွဲတွင် ၃ လကြာ ကိုယ်စားလှယ် တစ်နေရာ စတင်အနိုင်ရခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် ဗြိတိသျှပါလီမန်ရှိ စကော့ကိုယ်စားလှယ် ၅၉ နေရာအနက် ၁၁ နေရာအထိ အနိုင်ရခဲ့ဖူးသည် (Cook and Stevenson 2000, p. 93)။ ၂၀ဝ၇ ခုနှစ်စကော့တစ်ပါလီမန်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၁၂၉ နေရာအနက် ၄၇ နေရာ အနိုင်ရသဖြင့် လူနည်းစုအစိုးရ (Shadow Government- အစိုးရယောင်) ဖွဲ့နိုင် ခဲ့ကာ ပါတီခေါင်းဆောင် အဲလက်စ် ဆယ်လမွန် စကော့ပြည်နယ်အစိုးရ၏ ပထမဝန်ကြီး (ပြည်နယ် ဝန်ကြီးချုပ်) (First Minister) ဖြစ်လာပါသည်။ ယခု နောက်ဆုံး ၂၀၁၁ ပါလီမန်ရွေးကောက်ပွဲတွင် ၆၉ နေရာအနိုင်ရသဖြင့် စကော့အမျိုးသားပါတီက ပထမဆုံးအကြိမ်အဖြစ် စကော့တလန်ပြည်နယ်၏ အစိုးရဖြစ်လာပါတော့သည်။ ထို့အပြင် ဥရောပပါလီမန် ၆ နေရာအနက် ၂ နေရာ၊ ဗြိတိသျှအောက် လွှတ်တော်ရှိ စကော့အမတ် ၅၉ နေရာအနက် ၆ နေရာ နှင့် စကော့တလန်အတွင်းရှိ ဒေသဆိုင်ရာ အစိုးရ ၁၂၂၃ နေရာအနက် ၄၂၁ နေရာ အနိုင်ရခဲ့ပါသည် (Black 2011)။ ၂၀၁၃ ခုနှစ်နိုဝင်ဘာလတွင် စကော့အမျိုးသား ပါတီက ၎င်း၏ “စကော့တလန်၏အနာဂတ်” ဟု အမည်ပေးထားသည့် သီးခြားစကော့တစ်ရှ် နိုင်ငံ ထူထောင်ရေး စက္ကူဖြူစာတမ်းကို ထုတ်ပြန်ကျေငြာခဲ့ပါသည်။ ယခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် အမှတ် (၁၀) ဒေါင်းနင်းလမ်းက အပြင်းအထန်ကန့်ကွက်နေသည့်ကြားမှ စကော့တလန်လွတ်လပ်ရေး အတွက် လူထုဆန္ဒခံယူပွဲကျင်းပရန် စီစဉ်စိုင်းပြင်းနေပြီဖြစ်ပါသည်။

သမိုင်းတွင် အလွန်ကြီးကျယ်ခန်းနားခဲ့သည်ဟုဆိုသော ကျွန်တော်တို့ မွန်များကရော ထိုသို့မဖြစ်နိုင် ပါသလော။

About မွန်သတင်းအေဂျင်စီ

Check Also

ကျည်တစ်တောင့် ထမင်းတစ်နပ်

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်ရေးရရှိခဲ့သည်။လွတ်လပ်ရေးရရှိသည်နှင့် တ ဆက်တည်း ပြည်တွင်းစစ် ကပ်ပါလာခဲ့သည်မှာ ယနေ့ အချိန်ထိဆိုလျှင် နှစ်ပေါင်း ၇၀ …

Leave a Reply

%d bloggers like this: