မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / အမြင်နှင့်သုံးသပ်ချက် / တစ်ခုတည်းသော မွန်အမျိုးသား နိုင်ငံရေးအင်အားစုတစ်ရပ် တည်ဆောက်ရေး (၄)

တစ်ခုတည်းသော မွန်အမျိုးသား နိုင်ငံရေးအင်အားစုတစ်ရပ် တည်ဆောက်ရေး (၄)

ရေးသားသူ:

ခင်မောင်ရင်

(ဃ) စစ်မှန်သော ပြည်ထောင်စု ဖွဲ့စည်းပုံ

လက်ရှိပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံမှာ လူမျိုးစု(၇) ပြည်နယ်နှင့် ဗမာအများစုနေထိုင်သည်ဟု မှတ်ယူထားသော တိုင်းဒေသကြီး (၇)ဒေသကိုအခြေခံ၍ လူမျိုးစုပြည်နယ်နှင့် တိုင်းဒေသရောထားသော ပြည်ထောင်စုအရောပုံစံ ဖြစ်နေပါသည်။ ထိုသို့ရောလျှင် ပြည်ထောင်စုဟု မခေါ်တော့ဘဲ တစ်ပြည်ထောင် စနစ်အဖြစ်သာ သတ်မှတ်ကြပါသည်။ ဥပမာအားဖြင့် အိန္ဒိယနိုင်ငံတွင် အချို့သောပြည်နယ်များ (ဥပမာ-ကာရာလာ၊ ဥတာပရာဒေ့ရှ်) မှာ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိသော်လည်း ပုံစံအရောဖြစ်နေသဖြင့် အိန္ဒိယဖွဲ့စည်းပုံ ကို တစ်ပြည်ထောင်စနစ်အဖြစ်သာ သတ်မှတ်ကြပါသည်။ လူမျိုးနှင့်ဘာသာစကားကို အခြေခံသော ပြည်ထောင်စု (ကနေဒါ)၊ ဒေသကိုအခြေခံသော ပြည်ထောင်စု (အမေရိကန်)နှင့် ဘာသာစကားကို အခြေခံ သောပြည်ထောင်စု (ဆွစ်ဇာလန်၊ ဘယ်လ်ဂျီယန်) မျိုးကိုသာ ပြည်ထောင်စုများအဖြစ် သတ်မှတ်ကြပါသည်။ ယခုကျွန်တော်တို့ ရရှိထားသော၊ သို့မဟုတ် ပေးထားခြင်းခံရသောပြည်ထောင်စုပုံစံမှာ မြန်မာနိုင်ငံနယ်နိမိတ် အတွင်း မှီတင်းနေထိုင်ကြကုန်သော လူမျိုးစုအားလုံး ဆယ်စုနှစ်များစွာ ရုန်းကန်တိုက်ပွဲဝင်နေခဲ့ကြသည့် ပြည်ထောင်စုပုံစံမဟုတ်ဆိုသည်ကို အငြင်းပွားစရာမရှိပါ။

သို့ရာတွင် ယခုလက်ရှိ (၇) ပြည်နယ် (၇) ဒေသ ပြည်ထောင်စုမှ (၈) ပြည်နယ်ပြည်ထောင်စုသို့ ပြောင်းဖွဲ့ရန် အတွက် လွန်စွာရှုပ်ထွေးများပြားပြီး ၊ အန္တရာယ်လည်းများလှသော လုပ်ငန်းစဉ်များကို ဖြတ်သန်းကြရဦးမည် ဆိုသည်ကိုမူ သတိပြုစေလိုပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၅၃) တွင်ပြဌာန်းထားသည့်အတိုင်း ဆိုလျှင် ပြည်နယ်တွင်းပြည်သူ့ဆန္ဒခံယူပွဲတွင် မဲဆန္ဒရှင် ထက်ဝက်ကျော်၏သဘောတူညီမှု၊ ပြည်နယ်လွှတ်တော်၏ ၇၅ ရာခိုင်းနှုန်းနှင့်အထက် သဘောတူညီမှု၊ ပြည်ထောင်စုလွှတ်တော်၏ ၇၅ ရာခိုင်နှုန်းအထက် ထောက်ခံမှုတို့ဖြင့် နိုင်ငံတော်သမ္မတက ပြည်နယ်နယ်နိမိတ်များ ပြန်လည် ပိုင်းခြား သတ်မှတ်ရပါမည်။ ယခုကဲ့သို့သော ယိုင်နဲ့နဲ့ ဒီမိုကရေစီအင်စတီကျူးရှင်းများအောက်တွင် ဆိုခဲ့ပါ ရှစ်ပြည်နယ် နယ်နိမိတ်ပြန်လည်ပိုင်းခြားရေးကို တိုတောင်းသော ကာလတစ်ခုအတွင်း အကောင်အထည် ဖော်ရေးမှာ ဖြစ်နိုင်ခြေအလွန်နည်းသော စိတ်ကူးဟု ကျွန်တော်မြင်ပါသည်။

ယခုမွန်ဒီမိုပါတီဘက်မှ ငြင်းခုန်နေသော “ဖွဲ့စည်းပုံပြင်” ဆိုသည်နှင့်ပတ်သက်ပြီး ယခုအရပ်သား တစ်ပိုင်းအစိုးရက ပေးထားသည့် ပေးထားချက်ဘောင်ထဲတွင် မည်သည့်အပိုင်းကို လက်တွေ့မည်သို့ အကောင်အထည်ဖော်မည်ဆိုသည်နှင့်ပတ်သက်ပြီး ရှင်းရှင်းလင်းမရှိဟု ဆိုရပါမည်။ ရွေးကောက်ပွဲဝင်၊ လွှတ်တော်တက်၊ အတိုက်အခံလုပ်၊ ကန့်ကွက်မဲပေး၊ အခြေခံဥပဒေအသစ်ဖြစ် ဆိုသည့် ရေရာမှုမရှိသော စဉ်းစားနည်းအတိုင်း အလွယ်တကူဖြစ်လာမည်မထင်ပါ။ ဆိုလိုသည်မှာ ရွေးကောက်ပွဲဝင်ပြီး ပါလီမန်မှ တဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရန်မှာ ပေးထားသည့် ကျဉ်းမြောင်းလွန်းလှသည့် ဘောင်အကန့်များအတွင်းမှ အတင်းတိုးထွက်ရသည်မျိုးဖြစ်၍ ရေရှည်ရုန်းကန်သွားရမည့် အနေအထား မျိုးဖြစ်နေသည့်အပြင် မိမိဘက်မှ စွမ်းဆောင်ရည်ပြည့်ဝနေရန်လည်း လိုအပ်ပါသည်။ သို့တည်းမဟုတ် ပေးထားချက်ဘောင်ကိုလက်မခံ၊ အခြားနည်းလမ်းမျိုးစုံဖြင့် တိုက်ပွဲဝင်သွားဦးမည် ဟုဆိုလျှင်လည်း မေးခွန်းတစ်ခုမေးကြည့်ပါမည်။ မွန်ပြည်နယ်သူပြည်နယ်သားများကို လမ်းမကြီးများ ပေါ်သို့ဆွဲထုတ်ပြီး အထွေထွေသပိတ်တိုက်ပွဲ ဆင်နွှဲနိုင်လောက်အောင် ပြင်ဆင်ပြီးကြပါပြီလော။

တန်းတူ၍ အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ပထဝီအပိုင်းအခြားအဖြစ် ကျွန်တော်တို့စိတ်ကူးအိပ်မက် မက်နေခဲ့ကြသည့် နယ်မြေတလျှောက် ပြန်ကြည့်လျှင်လည်း ကျွန်တော်တို့ ဖြစ်စေချင်သည့် ပုံစံမျိုး ဖြစ်လာစေရန်အတွက် ဘာမျှပြင်ဆင်ရသေးသည်လည်း မဟုတ်ပါ။ ဥပမာအားဖြင့် ထားဝယ်နှင့် မြိတ်ခရိုင် များကိုအသာထားပြီး သရက်ချောင်း၊ ရေဖြူ၊ ရေးချောင်းဖျား၊ ကြာအင်း၊ ဘုရားသုံးဆူ၊ ဖားအံတောင်ပိုင်း၊ သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ ဝေါ၊ ပဲခူး (အနောက်ခြမ်း)နှင့် (မွန်သောင်းဂဏန်းပဲ စာရင်းကောက်လို့ရတယ် ဆိုတဲ့) ရန်ကုန်၊ ဧရာဝတီ ဒေသများကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော မွန်ပြည်နယ်နိမိတ်အတွင်း သွတ်သွင်း မည့် လူထုဆန္ဒခံယူပွဲ ကျင်းပမည်ဆိုလျှင် မည်သို့နေမည်နည်း။ သို့မဟုတ် ပြိုင်ဖက်လူမျိုးခေါင်းဆောင်များ ပြောနေခဲ့သည့်အတိုင်း မော်လမြိုင်-ရေးကားလမ်း အနောက်ဖက်ခြမ်းမှာပဲ ကျွန်တော်တို့ နေကြမည်လော။ တပြည်လုံးအနေအထားကို အနည်းငယ်ချဲ့ကားပြီး စဉ်းစားကြည့်ပါမည်။ မိုးကုတ်ကို မန္တလေးတိုင်းထဲက ထုတ်ပြီး ရှမ်းပြည်နယ်ထဲပြန်ထည့်၊ ဗန်းမော်ခရိုင်ကို ကချင်ပြည်နယ်ထဲကထုတ်၊ ရှမ်းပြည်နယ်ထဲပြန်ထည့် အစရှိသည်များကို ဗမာစစ်တပ်၊ ဗမာဒီမိုကရက်တစ်ပါတီများနှင့် သက်ဆိုင်ရာလူမျိုးစုများကကော အလွယ်တကူသဘောတူကြပါမည်လော။ ခြုံ၍ဆိုရသော် ကျွန်တော်တို့ အသင့်ဖြစ်ပြီဟု မယုံကြည်ပါ။ စစ်အေးကာလ အရှေ့ဂျာမဏီနိုင်ငံထဲမှ အနောက်ဂျာမဏီနိုင်ငံ၏ပိုင်နက် အနောက်ဘာလင်မြို့ကဲ့သို့ ဟိုတစ်ကွက်ဒီတစ်ကွက် ဗမာပြည်နယ်ဖြစ်လာမည်ကို နောက်ထပ်တစ်ကြိမ် မျက်စိစုံမှိတ်စိတ်ကူး ကြည့်ကြစေလိုပါသည်။ ထားဝယ်နှင့်ဘိတ်လူမျိုးစုများအား လူထုဆန္ဒခံယူပွဲမှတဆင့် ရွေးချယ်စေလျှင် ဗမာ၊ မွန်၊ ကရင် ပြည်နယ်များအနက် မည်သည့်ပြည်နယ်ကို ရွေးကြမည်ထင်သနည်း။ မိမိတို့ဖာသာ စိတ်ကူးဖြင့် ဖြေကြည့်ကြစေချင်ပါသည်။ ယခုအခါစစ်အေးကာလ၏ အရိပ်မည်းအဖြစ် ထင်ရှားခဲ့သော ဘာလင်တံတိုင်း ကြီး ကမ္ဘာမြေမှ ပျောက်ကွယ်သွားပြီဖြစ်ပါသည်။ နောက်ထပ်တံတိုင်းများ တည်ဆောက်ရန် လိုအပ်နေသေးသည်ဟု ကျွန်တော် မယုံကြည်တော့ပါ။

ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေအချို့ကို ဥပမာအဖြစ် တင်ပြပါမည်။

(၁) ဆွစ်ဇာလန်

ဆွစ်ဇာလန်ပြည်ထောင်စုဖွဲ့စည်းပုံကို ကွန်ဖက်ဒရေးရှင်းပုံစံဟု သတ်မှတ်ကြပါသည်။ ဆွစ်ဇာလန် ကွန်ဖက်ဒရေစီဟောင်း (the Old Swiss Confedracy) ကို ၁၆ ရာစုတွင် သမ္မတနိုင်ငံစနစ်ဖြင့် အုပ်ချုပ်သည့် ကျေးလက်ကန်တုန် (ခရိုင်) (Forest Canton) ၆ ခုနှင့် ဘုရင့်ဆွေတော်မျိုးတော်များ အုပ်စိုးသည့် မြို့ပြ ကန်တုန် (Urban Canton) ၇ ခု၊ ပေါင်း ၁၃ ခုဖြင့် စတင်ဖွဲ့စည်းခဲ့ကြခြင်းဖြစ်ပြီး ဂျာမာန်၊ ပြင်သစ်၊ အီတလီနှင့် ရိုမာန်ရှ်ဘာသာစကားအသုံးပြုကြသည့် လူမျိုးများကို စုစည်းဖွဲ့စည်းခဲ့ခြင်းဖြစ်သည် (Fleiner 2004, p. 1)။ ၁၄၉၉ ခုနှစ်တွင် ရောမအင်ပါယာအုပ်စိုးမှုအောက်မှ စစ်အနိုင်တိုက်လွတ်မြောက်ခဲ့ကြပြီး ဥရောပမြို့ပြနိုင်ငံများနည်းတူ ထိုခရိုင်များအားလုံး ၁၆၄၈ ခုနှစ် ဝက်စဖေးလီးယား ငြိမ်းချမ်းရေးအပြီးတွင် အချုပ်အခြာအာဏာပိုင်နိုင်ငံများ ဖြစ်လာခဲ့ကြသည်။ ကွန်ဖက်ဒရေစီတွင် ပါဝင်သော ခရိုင်အားလုံးတွင် ၁၈၇၄ ခုနှစ် ခေတ်ပေါ် ဆွစ်ဇာလန်ဖက်ဒရယ်ပြည်ထောင်စုမတည်ထောင်ခင်ကာလအထိ သီးခြားဖွဲ့စည်းပုံ အခြေခံဥပဒေ၊ လွှတ်တော်၊ တရားရုံးနှင့် အစိုးရများအပြင် ကိုယ်ပိုင်တပ်မတော်နှင့် သီးခြားငွေကြေးစနစ်များ လည်း ရှိခဲ့ကြသည်။ ယခုလက်ရှိ ဆွစ်ဇာလန်ဖက်ဒရယ်ပြည်ထောင်စုတွင် လူဦးရေ တစ်သောင်းခွဲမှ ၁.၂ သန်းအထိ ရှိကြသည့် ခရိုင် ၂၆ ခုပါဝင်ပါသည် (ပုဒ်မ-၁၊ ဆွစ်ဇာလန်ဖွဲ့စည်းပုံ အင်္ဂလိပ်ဘာသာပြန်၊ နှာ-၁)။

၁၈၄၈ ခုနှစ်တွင် ဆွစ်ဇာလန်ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပြင်သစ်တော်လှန်ရေးအတွေးအခေါ်အယူအဆများအပေါ် အခြေခံရေးဆွဲခဲ့သည်ဟု ဆိုပါသည်။ ဆွစ်ဇာလန် ဖက်ဒရယ်ဖွဲ့စည်းပုံကို ၁၈၄၈ ခုနှစ်မှ အစပြုပြီး ယခုအချိန်အထိ တစိုက်မတ်မတ် ပြင်ဆင်နေခဲ့ကြသည်။ ဆွစ်ဇာလန်သမိုင်းစဉ်တလျှောက် ခရိုင်တစ်ခုခုထဲမှ ခွဲထွက်ပြီး သီးခြားခရိုင်သစ် တည်ထောင်မှုများရှိနေခဲ့ပြီး ၁၉၇၉ ခုနှစ် ဂျူရာခရိုင်ခွဲထွက်မှုမှာ နောက်ဆုံးဖြစ်သည်။ ၁၉၉၉ ခုနှစ်တွင် ဆွစ်ဇာလန်ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို အစအဆုံးပြန်လည်သုံးသပ်ခဲ့ပြီး အခြေခံလူ့အခွင့်အရေး များတိုးဖြည့် အာမခံခဲ့ပါသည်။ ယင်း ၁၉၉၉ ဖွဲ့စည်းပုံဖြင့် ၁၈၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အစားထိုးခဲ့သည်။

ဆွစ်ဇာလန်ဖွဲ့စည်းပုံတွင် ခရိုင်များအားလုံးသို့ အချုပ်အခြာအာဏာအပြည့်အဝလွှဲအပ်ပေးထားပါသည်။ အထူးသဖြင့် ခရိုင်အစိုးရများသည် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ လူမှုဖူလုံရေး၊ တရားဥပဒေ စိုးမိုးရေးအစရှိသည်တို့ကို တာဝန်ယူရပြီး အခွန်အကောက်ကောက်ခံခွင့်လည်းရှိသည် (ပုဒ်မ-၄၊ ဆွစ်ဇာလန်ဖွဲ့စည်းပုံ အင်္ဂလိပ်ဘာသာပြန်၊ နှာ-၂)။

(၂) လွတ်လပ်သောဆိုရှယ်လစ်သမ္မတနိုင်ငံများ ပြည်ထောင်စု (ဆိုဗီယက်ယူနီယံ)
ဆိုဗီယက်ယူနီယံ၏ ၁၉၇၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို (စာရွက်ပေါ်တွင်) ဖက်ဒရယ်အကျဆုံး ဖွဲ့စည်းပုံအဖြစ် ရည်ညွှန်းကြပါသည်။ ၁၉၂၂ ခုနှစ် ရုရှားအင်ပါယာကို အနိုင်ရအပြီး ရုရှား၊ ကော့ကေးဆပ်၊ ယူကရိန်းနှင့် ဘိုင်လိုရုရှား နိုင်ငံများကို စုပေါင်းပြီး အောင်ပွဲရ တပ်နီတော်က ဆိုဗီယက်ယူနီယံကို သဘော တူစာချုပ် (၂) ခုဖြင့် စတင်ဖွဲ့စည်းခဲ့သည် (Unger 1981, p. 61)။ ဆိုဗီယက်ယူနီယံ (လွတ်လပ်သော ဆိုရှယ်လစ်သမ္မတနိုင်ငံများ ပြည်ထောင်စု)၏ ဖွဲ့စည်းပုံကို ၁၉၃၆ ခုနှစ်တွင် စတင်အတည်ပြုခဲ့ပြီး အဆင့်ဆင့်ပြင်ဆင်ပြောင်းလဲလာခဲ့ရာ ၁၉၇၇ ခုနှစ်တွင် အခြေခံဥပဒေကို ပြင်ရခက်အောင် နောက်ဆုံး ပြင်ဆင်ပြီး အတည်ပြုခဲ့ကြသည်။ ဘရက်ဇညက်ဖွဲ့စည်းပုံဟုလည်း ခေါ်တွင်သည်။ ဆိုဗီယက် ယူနီယံဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရေးသားအာမခံထားသော အခွင့်အရေးများမှာ အံ့မခန်းများပြား လှပါဘိတောင်း။ လွတ်လပ်စွာ ရေးသားပြောဆိုခွင့်၊ စုရုံးခွင့်၊ ဘာသာရေးလွတ်လပ်ခွင့်၊ အနုပညာဖန်တီး ခွင့်များကို အပြည့်အဝ အာမခံထားပါသည်။ မိသားစုများအားကာကွယ်စောင့်ရှောက်မှုများကို အတိအကျပြဋ္ဌာန်းထားပြီး လူပုဂ္ဂိုလ်နှင့် တသီးပုဂ္ဂလပိုင်အိမ်ရာအတွင်းသို့ ပိုင်နက်နယ်မြေ ကျူးကျော် ဝင်ရောက်ခွင့်ကို တားမြစ်ထားပါသည်။ တသီးပုဂ္ဂလ သီးသန့်နေထိုင်နိုင်ခွင့်ကိုလည်း အာမခံထားပါသည်။ ထို့အပြင် အနောက်နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေများတွင် အာမခံထားလေ့မရှိသော လူတိုင်း အလုပ်လုပ် ခွင့်နှင့် အနားယူ အပမ်းဖြေခွင့်၊ ကျမ်းမာရေးကာကွယ်စောင့်ရှောက်မှု၊ နာမကျန်းနှင့် သက်ကြီးရွယ်အို စောင့်ရှောက်မှု၊ အိမ်ရာရထိုက်ခွင့်၊ ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အကျိုးခံစားခွင့်များ ကိုလည်း အာမခံထားပါသည်။ ထို့အပြင် ပုဒ်မ ၇၂ တွင် သမ္မတနိုင်ငံများ၏ လွတ်လပ်စွာ ခွဲထွက်ခွင့်ကို အတိအလင်း အာမခံထားပါသည်။ ယူကရိန်းနှင့် ဘိုင်လိုရုရှားပြည်နယ်များမှာ ဆိုဗီယက်ယူနီယံ အတွင်းထဲမှပင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ ဖြစ်ခဲ့ကြပါသည်။

သို့သော် ထိုအခြေခံဥပဒေပုဒ်မ (၆) တွင် ဆိုဗီယက်ယူနီယံကွန်မြူနစ်ပါတီသို့ ပြည်သူလူထုနှင့် ဆိုဗီယက်လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို ဦးဆောင်လမ်းညွှန်ရန်အတွက် အာဏာကုန်အပ်နှင်းထားပြီး နိုင်ငံရေးအတိုက်အခံပြုမှုနှင့် အစိုးရအဖွဲ့အတွင်း သဘောကွဲလွဲ ခွဲထွက်မှုအားလုံးကို တားမြစ်ထားပါသည်။ အမျိုးသားယဉ်ကျေးမှုများသည် ပုံသဏ္ဍာန်အရ လူမျိုးရေးဆန်နိုင်သော်လည်း အနှစ်သာရအရ ဆိုရှယ်လစ်နှုံးစံများအတိုင်းသာဖြစ်ရမည်ဟူ၍လည်း ကန့်သတ်ထားပါသည်။ ၁၉၅၆ ခုနှစ် မတ်လ ဂျော်ဂျီယာပြည်နယ်ခွဲထွက်ရေး လှုပ်ရှားမှုကို ဖောက်ပြန်သော ခွဲထွက်မှုဟု အမည်တပ်ပြီး တပ်နီတော် စေလွှတ် နှိမ်နင်းခဲ့သည်။ ဆိုဗက်ယက်ယူနီယံ ပြည်သူများ ခံစာခဲ့ကြရရှာသော မစားရဝခမန်း အခွင့်အရေး များနှင့်ပတ်သက်၍မူ အကျယ်ဆိုဖွယ်ရာမရှိတော့ပြီ။

အထက်ပါဥပမာနှစ်ခုမှာ စာရွက်ပေါ်ပါရုံမျှဖြင့် မိမိလူမျိုးများ၏ မွေးရာပါအခွင့်အရေးကို ရယူရန်ခက်နိုင် ကြောင်း တင်ပြလိုရင်းဖြစ်ပါသည်။ ထိုကြောင့် ပြင်ရန်ခက်ခဲပြီး အခန့်မသင့်လျှင် မိမိတို့အတွက် ဆိုးကျိုးပါပေးနိုင်သော ဖက်ဒရယ် (၈) ပြည်နယ်ကို ယခုလောလောဆယ်တွင် “ခဏတာမျှ” အသာထားလိုက်ရန် အဆိုပြုရခြင်းဖြစ်ပါသည်။

About မွန်သတင်းအေဂျင်စီ

Check Also

သံလွင်ရဲ့ ညီညွှတ်မှုတေး

‘သံလွင်’ဟုဆိုလိုက်တာနဲ့မြွေလိမ်မြွေကောက်အသွင်သဏ္ဍာန်နဲ့တရုတ်နိုင်ငံမှမြစ်ဖျားခံစီးဆင်းလာသည့်မြစ်ဖြစ်သည်။ မြစ်အဆုံးရာမညနဲ့ သံလွင်သည်ခွဲခြားလို့မရနိုင်သောဆက်စပ်မှုပင်ဖြစ်သည်။ တရုတ်နိုင်ငံမှတဆင့်မြန်မာနိုင်ငံနယ်နိမိတ်များဖြစ်သောရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့ကိုဖြတ်သန်းစီးဆင်းကာ မုတ္တမပင်လယ်ကွေ့မှ ဘင်္ဂလားပင်လယ်အော်ထဲသို့စီးဝင်သည်။ နှစ်ပေါင်းများစွာသံလွင်ဟာ လူသားတို့၏ ဘဝများစွာအတွက်အသုံးတော်ခံရပ်တည်ပေးခဲ့သည်။ သံလွင်ဟာလူသားတို့အတွက် သဘာဝဖန်တီးပေးထားသော အနဂ္ဃရတနာတစ်ပါးပင်ဖြစ်သည်။ …

Leave a Reply

%d bloggers like this: