မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / ခေါင်းဆောင်မှုနှင့် ဆုံးဖြတ်ချက်ချမှုတွင် ပါဝင်ခွင့်ရှိရန် မွန်အမျိုးသမီးများ တောင်းဆို

ခေါင်းဆောင်မှုနှင့် ဆုံးဖြတ်ချက်ချမှုတွင် ပါဝင်ခွင့်ရှိရန် မွန်အမျိုးသမီးများ တောင်းဆို

ရေးသားသူ:
မွန်အမျိုးသမီးညီလာခံအမှတ်တရဓါတ်ပုံ(IMNA)
မွန်အမျိုးသမီးညီလာခံအမှတ်တရဓါတ်ပုံ(IMNA)
ခတ္တာနန်း – ခေါင်းဆောင်မှုအပိုင်းနှင့် ဆုံးဖြတ်ချက်ချမှုတွင် အမျိုးသမီးများ ပါဝင်ခွင့်ရှိလာစေရန် မွန်အမျိုးသမီးများညီလာခံက တောင်းဆိုလိုက်ကြောင်း ဖြစ်မြောက်ရေးကော်မတီဥက္ကဌ မိချယ်ရီစိုးက ပြောသည်။

ယခုလ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ မွန်အမျိုးသမီးများညီလာခံကို မော်လမြိုင်မြို့၊ သာသနာ ၂၅၀ဝ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြီးစီးခဲ့ခြင်းဖြစ်သည်။

“နိုင်ငံရေးလုပ်တဲ့နေရာမှရော၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာရော အမျိုးသမီးပါဝင်မှုက အရမ်းနည်းနေတယ်၊ မရှိသလောက်ပဲ၊ အရင်ကတည်းက တစ်သံထဲပဲ တောင်းဆိုနေပေမယ့် အရာမရောက်ပါဘူး၊ ဒါကြောင့် အခုညီလာခံမှာ မွန်အမျိုးသမီးထုအနေနဲ့ ဒါကို ဆက်လက် တောင်းဆိုသွားတာဖြစ်တယ်” ဟု မိချယ်ရီစိုးက ဆက်ပြောသည်။

မွန်အမျိုးသမီးများ ညီလာခံအပြီး ထုတ်ပြန်ချက် (၈) ချက်တွင် (၁) မွန်အမျိုးသမီးကွန်ယက်တစ်ခု ဖွဲ့စည်းရန်၊ (၂) နိုင်ငံရေးပါတီနှင့် အခြားသော အဖွဲ့အစည်းများတွင် အမျိုးသမီးများ ပါဝင်နိုင်ရန်အတွက် QUOTA နည်းစနစ်ကျကျ မူဝါဒ ရေးစွဲပေးရန်၊ (၃) မကြာမီကျင်းပမည့် မွန်တစ်မျိုးသားလုံးဆိုင်ရာ ညီလာခံ၌ ကော်မတီအဖွဲ့ဝင်နှင့် ကိုယ်စားလှယ်များထဲတွင် အမျိုးသမီးများ သုံးပုံတစ်ပုံ ပါဝင်ရန်၊ (၄) နိုင်ငံရေးဆွေးနွေးပွဲနှင့် ငြိမ်းချမ်းရေးဖော်ရေးလုပ်ငန်းများတွင်လည်း အနည်းဆုံး အမျိုးသမီး (၃၀) ရာခိုင်နှုန်းပါဝင်လာရန်အတွက် စီစဉ်ပေးရန်၊ (၅) အမျိုးသမီးများ အကြမ်းဖက်ခံနေရမှု အပေါ်တွင်လည်း သက်ဆိုင်ရာတာဝန်ရှိသူများမှ တရားမျှတစွာ အရေးယူဆောင်ရွက်ပေးရန်၊ (၆) ဒေသတိုင်းတွင် ပြန့်နှံ့နေသည့် မူးယစ်ဆေးဝါးများကိစ္စကိုလည်း အချိန်နှင့် တပြေးညီ အရေးယူဆောင်ရွက်ပေးရန်၊ (၇) လူ့အခွင့်အရေး၊ အမျိုးသမီးနှင့် ကလေးအခွင့်အရေးဆိုင်ရာ ချိုးဖောက်ခံနေရမှုကို တားဆီးပေးရန်နှင့် ပြန်လည်ဖြည့်ဆည်းပေးရန်၊ (၈) အစိုးရ မူလတန်းကျောင်းများတွင် တိုင်းရင်းမိခင်ဘာသာစကားဖြင့်သင်ကြားရန်နှင့် ထိုသင်ကြားပေးသော ဆရာ/ဆရာမများကို အစိုးရမှ ခန့်အပ်ရန်တို့ ပါဝင်သည်။

မွန်အမျိုးသမီးများအနေဖြင့် ယခုညီလာခံမှ တစ်ပေါင်းတစ်စည်းတည်း တောင်းဆိုခြင်းအားဖြင့် အပြောင်းအလဲကာလတွင်း မိမိတို့ အမျိုးသမီးများသည် နိုင်ငံရေးလုပ်ဆောင်မှုတွင်၎င်း၊ ဆုံးဖြတ်ချက်ချမှုတွင်၎င်း ပါဝင်သင့်ကြောင်း မိမိတို့ယုံကြည်သည်ဟု ဆိုသည်။

မိချယ်ရီစိုးက “မွန်ပြည်သစ်ပါတီမှာဆိုလည်း အမျိုးသမီးဗဟိုကော်မတီဝင်တစ်ယောက်ပဲရှိတယ်၊ လွှတ်တော်မှာပြန်ကြည့်မယ်ဆိုရင်လည်း မွန်အမျိုးသမီးအနေနဲ့ တစ်ယောက်စ နှစ်ယောက်ပဲရှိတယ်၊ အမျိုးသမီးအများစုက အောက်ခြေမှာပဲ ရှိတယ်” ဟု ပြောသည်။

ဆက်လက်၍ မွန်အမျိုးသမီးညီလာခံတွင် မွန်အမျိုးသမီးထု တစ်ခုလုံး တစ်ပေါင်းတစ်စည်းတည်းနှင့် အသံတစ်သံတည်း ဖြစ်စေရန်အတွက် မွန်အမျိုးသမီး ကွန်ယက်ကိုလည်း ဖွဲ့စည်းရန်အတွက် ကြိုးပမ်းခဲ့ကြသည်ဟု ဆိုသည်။

ဆရာမမိကွန်းချစ်ချစ်က “မြန်မာနိုင်ငံ ဒေသတိုင်းလိုလိုမှာ မွန်လူမျိုးတွေရောက်ရှိနေတယ်၊ ဒါကြောင့် အဲဒီဒေသတိုင်းက မွန်အမျိုးသမီးတွေပါဝင်တဲ့ ကွန်ယက်ကို တည်ဆောက်သင့်တယ်” ဟု ကွန်ရက်ဖွဲ့စည်းမှုနှင့် ပတ်သက်ပြီး ပြောသည်။

မွန်အမျိုးသမီးအရေးလုပ်ဆောင်နေသည့် မည့်သူအဖွဲ့ကိုမဆို မွန်အမျိုးသမီးကွန်ယက်တွင် ပါဝင်နိုင်ရန် လမ်းဖွင့်ထားပေးကြောင်းသိရသည်။

မွန်အမျိုးသမီးများ ညီလာခံကို မတ်လ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ မော်လမြိုင်မြို့ရှိ သာသနာ ၂၅၀ဝ ကျောင်း၌ ကျင်းပခဲ့ပြီး မတ်လ ၁၂ ရက်နေ့တွင်ကျရောက်သည့် မွန်အမျိုးသမီးများနေ့ အခမ်းအနားကိုလည်း ထိုနေရာတွင် ဆက်လက်ကျင်းပခဲ့သည်။

About မွန်သတင်းအေဂျင်စီ

Check Also

ဒေါက်တာအောင်နိုင်ဦးအား AMDP ပါတီနုတ်ထွက်ခွင့်ပြု

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP ၏ ဇူလိုင်လ(၁၅) ရက်နေ့က ကျင်းပခဲ့သည့် ပါတီဗဟိုအလုပ်အမှုဆောင်အစည်းအဝေးဆုံးဖြတ်ချက်အရ ဒေါက်တာအောင်နိုင်ဦးအား ပါတီမှနုတ်ထွက်ခွင့်ပြုလိုက်ကြောင်း သိရသည်။ Related

Leave a Reply

%d bloggers like this: