မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / အမြင်နှင့်သုံးသပ်ချက် / တစ်ခုတည်းသော မွန်အမျိုးသား နိုင်ငံရေး အင်အားစုတစ်ရပ် တည်ဆောက်ရေး (၃)

တစ်ခုတည်းသော မွန်အမျိုးသား နိုင်ငံရေး အင်အားစုတစ်ရပ် တည်ဆောက်ရေး (၃)

ရေးသားသူ:

ခင်မောင်ရင်

(ဃ) မြန်မာနိုင်ငံ ဒီမိုကရက်တစ် အသွင်ကူးပြောင်းရေး ဖြစ်စဉ်အပေါ် သဘောထား

ဆိုခဲ့ပါ မတူညီသော နိုင်ငံရေးဘဝ ဖြတ်သန်းမှုများက ကျွန်တော်တို့ နိုင်ငံရေးခေါင်းဆောင်များ၏ လက်ရှိ မြန်မာနိုင်ငံ အပြောင်းအလည်းအပေါ် ကောက်ယူပုံ ကွဲလွဲသွားစေခဲ့သည်ဟု ဆိုချင်သည်။ ယခုမြန်မာနိုင်ငံ၏ ဒီမိုကရက်တစ်ဖြေလျှော့မှုသည် ပြည်တွင်းတွန်းဆော်မှု (အောက်ခြေမှ) နှင့် နိုင်ငံတကာဖိအား (ဘေးမှ) တို့ကြောင့် ဖြစ်လာသည်ဟု ယူဆသူများကတစ်ဖက်၊ အကြောင်းကြောင်း ကြောင့်ဖြစ်လာသော စစ်အာဏာ ရှင်တို့၏ ပြဋ္ဌာန်းမှု (အပေါ်မှ) ကြောင့်ဖြစ်လာသည်ဟု နားလည်သူများ ကတစ်ဖက် ဖြစ်နေသည်ကို တွေ့ရပါ သည်။ ထိုမတူသော နားလည်ယူဆချက်များကြောင့် ရေရှည်ယုံကြည် မျှော်မှန်းချက်အဆင့်တွင် ကွဲလွဲမှုမရှိ ဘဲ ထိုဘုံရည်မှန်းချက် သို့သွားမည့် လောလောဆယ်လုပ်ငန်းစဉ် (immediate tasks) များ ခင်းကျင်း ခန့်ခွဲရာတွင် ကွဲလွဲချက်များဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟု ဆိုပါမည်။

(င) လက်ရှိပြည်ထောင်စုဖွဲ့စည်းပုံအပေါ်သဘောထား

မွန်ဒီမိုပါတီ၏ လောလောဆယ်လုပ်ငန်းစဉ်မှာ ဆိုခဲ့သည့်အတိုင်း တည်ဆဲ ၂၀ဝ၈ ဖွဲ့စည်းပုံသည် လူမျိုး (၈) မျိုးကို အခြေခံသည့် (၈) ပြည်နယ်ပြည်ထောင်စုမဟုတ်သည့်အပြင် ဒီမိုကရေစီနှုန်းစံများနှင့်လည်း မကိုက်ညီသဖြင့် အမြစ်ကစ မြေလှန်ပြောင်းလဲရန် လိုအပ်သည်။ ထိုသို့ ဆောင်ရွက်နိုင်ရန်တွက် ရွေးကောက် ပွဲကို ဖြတ်သန်းပြီး ပါလီမန်ထဲတွင် အတိုက်အခံအဖြစ် ပီပီပြင်ပြင်ရပ်တည်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေကို နိုင်ငံတကာ နှုန်းစံများနှင့်ကိုက်ညီသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံဖြစ်ပေါ်လာသည် အထိ တိုက်ပွဲဝင်သွားရန်ဖြစ်သည်ဟု မှတ်ယူရပါသည်။

မွန်ဒေသပါတီ၏ ရပ်တည်ချက်မှာ လက်ရှိအခြေအနေအရ (၈) ပြည်နယ်ဖက်ဒရယ် ဖွဲ့စည်းပုံကို အလျှင်ဦးစွာ မတွန်းသေးဘဲ ရှိနေသည့်လုပ်ခွင်ဘောင်အတွင်းမှ ဖြစ်နိုင်သော ပြင်ဆင်တည်ဆောက်မှုများ ကို ဦးစွာတည်ဆောက်ပြီးမှ ရေရှည်မျှော်မှန်းချက်သို့ ဦးတည်သွားမည့် သဘောဖြစ်သည်ဟု မြင်ပါသည်။

(စ) ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး

မွန်ဒီမို၏ရပ်တည်ချက်မှာ ၂၀ဝ၈ ဖွဲ့စည်းပုံကို ပြင် သို့မဟုတ် ဖျက်၊ ဖက်ဒရယ်စစ်စစ် (၈) ပြည်နယ်ဖွဲ့စည်းပုံ ကို အရင်ရအောင်လုပ်ပြီးမှ ကျန်သည့် လုပ်ငန်းစဉ်များကို ဦးတည်ဆောင်ရွက်မည့်သဘော ဖြစ်နေပါသည်။ မွန်ဒီမို၏ဝါရင့်နိုင်ငံရေးသမား ဥက္ကဋ္ဌကြီးက “နောက်တစ်ခုက ဖွဲ့စည်းပုံပြင်တဲ့ကိစ္စ၊ (ကိုလည်း မွန်ဒေသပါတီ ကလူတွေ သဘောမတူဘူး)” (အံ့ခေါင်မင်း ၂၀၁၃) ဟု သူ၏ ထိုတွေ့ဆုံမေးမြန်းခန်းတွင်ပင် ပြောသွားခဲ့ပါ သည်။

တစ်ဖက်သတ်ပြောသော မှတ်ချက်ဖြစ်သည်ဟု ဆိုရပါမည်။ မွန်ဒေသပါတီ၏ အမတ်များက လွှတ်တော်တွင်း တွင်လည်းကောင်း၊ လွှတ်တော်ပြင်ပတွင်လည်းကောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင် ဆင်ရေးကို တတ်စွမ်း သမျှ ပါဝင်လုပ်ဆောင်နေသည်ကို အထင်အရှားတွေ့နိုင်ပါသည်။ သို့ရာတွင် ပါတီတွင်း ဗျူရိုကရေစီပုံမှန် မစီးဆင်းနိုင်လောက်အောင်ညီညွတ်မှု ပျက်ပြားနေသည့် ပါတီတစ်ရပ်တွင် မိမိတို့ဖာသာ တသီးတခြားစီ ရပ်တည်နေကြသည့် (ဗဟိုနှင့်ပုံမှန်ဆက်သွယ်ရေး ပင်မရှိကြတော့ပါ) ကိုယ်စားလှယ် တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်မှာ ပုဂ္ဂိုလ်အရည်အသွေးပေါ်မူတည်ပြီး ကွဲပြားသွားနိုင်သည်ကို သတိပြုရပါမည်။ ဥပမာ အားဖြင့် အမျိုးသားလွှတ်တော်ထဲမှ ဒေါက်တာဗညားအောင်မိုးနှင့် အခြားသောမွန်ဒေသအမတ်များ၏ ပုဂ္ဂိုလ်ရေးစွမ်းဆောင်ရည်ကို နှိုင်းယှဉ်ကြည့်စေလိုပါသည်။

အခြားတစ်ဖက်တွင် မွန်ဒေသပါတီ၏ ရပ်တည်ချက်မှာ လောလောဆယ်နိုင်ငံရေအခြေအနေအောက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်လောက်သည့် အနေအထားသို့ မရောက်သေး၊ မိမိတို့ဘက်တွင် လူ၊ ဘဏ္ဍာငွေကြေး၊ ကျွမ်းကျင်မှုနှင့် အတတ်ပညာရင်းမြစ်များ လောလောဆယ်တွင် အလုံအလောက်မရှိသေး၊ သို့အတွက် လက်တွေ့အမှန်တကယ် ဆုပ်ကိုင်ရယူနိုင်သည့် အနေအထား၊ အဆင့်အတန်း (status) ကို အမိအရဆုပ်ကိုင်ပြီး ရေရှည်မျှော်မှန်းချက်သို့ တဖြည်းဖြည်းချင်း၊ တစ်ဆင့်ချင်း ရောက်ရှိအောင် ဦးတည်ဆောင်ရွက်ရေး ဖြစ်သည်ဟု ဆိုရမည်ထင်ပါသည်။

(ဆ) အတိုက်အခံအဖြစ်ရပ်တည်ရေး

ထို့မျှမကသေးပါ၊ မွန်ဒီမိုပါတီ၏ဥက္ကဋ္ဌကြီးက “ကျွန်တော်တို့ (မွန်ဒီမို)က အစိုးရနဲ့လည်း မပေါင်းနိုင်ဘူး” ဟု ဆိုခဲ့ပါ သူ၏တွေ့ဆုံ မေးမြန်းခန်းတွင် ရဲရဲတောက်ပြောသွားပါသည်။ လွှတ်တော်ထဲတွင် အတိုက်အခံ အဖြစ်နေမည် သို့မဟုတ် အစိုးရက ကမ်းလှမ်းသည့် ဝန်ကြီးရာထူးများကို မယူဟု ဆိုလိုဟန်တူပါသည်။ ဗြိတိသျှ ဝက်စမင်စတာ လွှတ်တော်ပုံစံနှင့် အမေရိကန် ကွန်ဂရက်လွှတ်တော်ပုံစံ ရောထွေးသွားပုံရပါသည်။ အမေရိကန်စနစ်တွင် ရွေးကောက်ပွဲပြီးနောက် လွှတ်တော်ထဲရောက်သွားသောအခါ ဆီးနိတ်အတိုက်အခံ သို့မဟုတ် ကွန်ဂရက်အတိုက်အခံအမတ်ဟူ၍ မရှိပါ။ ဗြိတိသျှ ပါလီမန်စနစ်အတွင်းမှ ဘုရင်ခံလွှတ်တော် (House of Lords) နှင့် လူသာမန်တို့၏လွှတ်တော် (House of Common) တို့တွင်သာ လွှတ်တော်ခန်းမ အလည်တွင် ခုံတန်းရှည်ချပြီး ဝန်ကြီးချုပ်၊ အတွင်းဝန်အစစ် (Secretary) များနှင့် အတွင်းဝန်ယောင် (Shadow Secretary) တို့က တစ်ဖက်တစ်ချက်စီတွင်ထိုင်ကာ အတိုက်အခံပြု ငြင်းခုန်ကြသည့် ပုံစံရှိပါ သည်။ အမေရိကန်လွှတ်တော်ပုံစံတွင် ထိုသို့မဟုတ်မူဘဲ ဥပဒေ သို့မဟုတ် ကိစ္စရပ်တစ်ခုချင်းအပေါ် အဆို၊ အခြေများကို စာတမ်းကြီးငယ်တို့ဖြင့် အကြောက်အကန်ဆွေးနွေးပြီး ဝက်စ်မင်စတာနည်းတူ မဲပေးကြရသည် မျိုးဖြစ်ပါသည်။ မြန်မာနိုင်ငံ၏လွှတ်တော်သည် အမေရိကန်ပုံစံ ဖြစ်သည်ကို ရှင်းပြရန် မလိုအပ်တော့ဟု ယူဆပါသည်။ မွန်ဒီမိုပါတီဥက္ကဋ္ဌ၏ မှတ်ချက်မှာ ယခုလွှတ်တော်များတွင် ရောက်ရှိနေကြသော မွန်ဒေသ ပါတီမှ အမတ်များသည် အာဏာရပါတီမှ အဆိုပြုသမျှကို တုံဏှိဘာဝေထိုင်နေပြီး၊ အရာကိစ္စတိုင်းကို ထောက်ခံမဲချည်း ပေးနေသည်ဟု စွပ်စွဲရာလည်းရောက်နေပါသည်။

အခြားတစ်ဖက်တွင် မွန်ဒေသမှ ရွေးကောက်ခံကိုယ်စားလှယ်များအား အာဏာရအစိုးရက ကမ်းလှမ်းသဖြင့် ကရင်ပြည်နယ်တွင် တစ်နေရာ (မွန်ရေးရာဝန်ကြီးမှာ ဥပဒေအရ ရခြင်းဖြစ်သည်) နှင့် မွန်ပြည်နယ်တွင် နှစ်နေရာ ဝန်ကြီးရာထူးများ လက်ခံလိုက်ကြသည်ကို အစိုးရနှင့် ပေါင်းသည်ဟု စွပ်စွဲလိုဟန်လည်း ရှိနေပါသည်။

အခြားအကျိုးအကြောင်းများထက် ကျွန်တော် မေးခွန်းတစ်ခုမေးကြည့်ပါမည်။ ဦးနုအစိုးရ၏ မွန်ရေးရာဝန်ကြီး နိုင်အောင်ထွန်း၊ ဗိုလ်ချုပ်နေဝင်းတော်လှန်ရေးကောင်စီအစိုးရ၏ စက်မှုလက်မှုဝန်ကြီး သီရိပျံချီဦးချစ်သောင်း နှင့် မဆလအစိုးရ၏ အဆင့်မြင့်ရာထူးကြီးငယ်အမျိုးမျိုးကို လက်ခံခဲ့သော ဒေါက်တာမန်းသက်စံတို့သည် မွန်အမျိုးသားများ၏ အမျိုးသား သစ္စာဖောက်များလော။

၆။ ကွဲလွဲချက်များအပေါ် အမြင်သဘောထား

(က) အပေါ်မှလာသော အသွင်ကူးပြောင်းမှုဖြစ်စဉ်

မြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်ကို အထက်မှလာသော ပြောင်းလဲမှု (imposed transition) ဟု ပြည်တွင်းပြည်ပမှ ပညာရှင်အများက သတ်မှတ်ကြပါသည်။ ပြည်တွင်း အတိုက်အခံနိုင်ငံရေးလှုပ်ရှားမှု အားကောင်း၍ ဖြစ်လာသည့် အောက်မှလာသည့် ပြောင်းလဲမှု သို့မဟုတ် အတိုက်အခံအင်အားစုများနှင့် အာဏာရ အာဏာရှင်များကြား သဘောတူညီမှုဖြင့် ဖြစ်လာသော သဘောညီပြောင်းလဲမှု (pacted transition) မဟုတ်ဟု နိုင်ငံရေးအကဲခတ်များက ဆိုကြပါသည်။ အစိုးရနှင့်နီးစပ်သူ ပညာရှင်တစ်ဦး၏ သုံးသပ်ချက်မှာ စိတ်ဝင်စားစရာကောင်းလှပါသည်။

ယခုအရပ်သားတစ်ပိုင်းအစိုးရတွင် ခင်းကျင်းထားသော အခင်းအကျင်းမှာ နောက်ဆုံးမြန်မာစစ်အုပ်စု၏ ဝါစဉ်အရ နံပါတ် ၄ ဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီးသိန်းစိန်ကို နံပါတ် ၁ သို့တင်ပေးလိုက်ပြီး နံပါတ် ၃ ဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီးသူရရွှေမန်းကို နံပါတ် ၂ သို့ ပို့ကာ အခြားသော ထိန်းချုပ်ရေးယန္တယားများ (ကာလုံ၊ လွွှတ်တော်ထဲမှ တပ်ကိုယ်စားလှယ်) ကို အသင့်အနေအထားတွင် ထားထားသည်။ သို့အတွက်ကြောင့် ဥပဒေပြုအာဏာနှင့် စီမံအုပ်ချုပ်မှုအာဏာကြား ချိန်ခွင်လျှာညှိရန် ရုန်းကန်ကြိုးပမ်းမှုများဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ဆိုပါသည်။ အကယ်၍ သမ္ပစဉ်အတိုင်း ဗိုလ်ချုပ်ကြီး သူရရွှေမန်းကို နံပါတ် ၁ သမ္မတ၊ ဗိုလ်ချုပ်ကြီးသိန်းစိန်ကို နံပါတ် ၂ လွှတ်တော်ထဲတွင်ထားလိုက်မည်ဆိုလျှင် မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ်အရွေ့ မည်သို့နေမည်နည်းဟု သူကမေးခွန်းထုတ်ပါသည်။ မျက်စိအစုံမှိတ် စိတ်ကူးပုံဖော်ကြည့်ကြရန်ဖြစ်ပါသည်။ လွတ်လပ်စွာစုရုံးဆန္ဒပြခွင့်ကို လွှတ်တော်တွင် အကြိတ်အနယ် ငြင်းခုန်ခဲ့ကြစဉ်က လွှတ်တော်ထဲမှ ထွက်လာသည့် စစ်ဘိနပ်ခေါက်သံများကိုလည်းကောင်း၊ တမင်လုပ်ယူ သော ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေးလူထုအစည်းအဝေးပွဲများသည်လည်းကောင်း၊ နယ်လှည့်ပါးရိုက်ရဲသည် ဆိုသော ဝန်ကြီးနှင့် ဗိုက်မှသေနပ်ဒဏ်ရာကို လှန်ပြနေသည့်သူရဲကောင်းဝန်ကြီးတို့၏ ကျေးလက်ဒေသ မိန့်ခွန်းများသည်လည်းကောင်း သာမန်တိုက်ဆိုင်မှုသက်သက်ဟု ကျွန်တော်မယုံကြည်ပါ။

(ခ) ဒီမိုကရက်တစ်နိုင်ငံရေးဖြစ်စဉ်၏ ယေဘုယျသဘော

နိုင်ငံတကာအတွေ့အကြုံများအရ ကာလတာရှည် အဖြေမထွက်ခဲ့သော ပြဿနာများကို ဒီမိုကရက်တစ် မူဘောင်များအတွင်းမှ ဖြေရှင်းတော့မည်ဟု ဆုံးဖြတ်ချက်ချပြီးဖြစ်လျှင် နိုင်ငံတကာစံနှုန်းနှင့် ကိုက်ညီ သည်ဖြစ်စေ၊ မညီသည်ဖြစ်စေ၊ တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ၊ ဖြစ်ရှိနေသည့်ပေးထားချက် ဘောင်ကို ဦးစွာပထမ မဖြစ်မနေ ဖြတ်သန်းခဲ့ကြရသည်ချည်းဖြစ်ပါသည်။ ၁၉၇၉ ခုနှစ် ဗိုလ်ချုပ်ကြီး ပတ်ချုံဟီးလက်ထက်နှင့် ၁၉၈၇ ခုနှစ် သမ္မတချွန်ဒူးဝှန်တို့၏အာဏာရှင်စနစ်အလွန်ခေတ်တွင် တောင်ကိုးရီးယား အတိုက်အခံ အလုပ်သမားများ၊ ကျောင်းသားများနှင့် ခရစ်ယာန်ဘုန်းတော်ကြီးများ ရင်ဆိုင်ဖြတ်သန်းခဲ့ရသည့်အနေအထားများ (Adesnik & Kim 2008, pp. 1-2) နှင့် ၁၉၉၃ ခုနှစ် ကုလသမဂ္ဂကြီးမှုးသော ရွေးကောက်ပွဲနှင့် ၁၉၉၈ ခုနှစ် ဝန်ကြီးချုပ်ဟွန်ဆန်လက်ထက် ဘုရင်သီဟာနုနှင့် ကမ္ဘေဒီးယားအတိုက်အခံများ ရင်ဆိုင်ခဲ့ကြရသည့် အနေအထားများ (Curtis 1998)ကို ပြန်လည်ထောင့်ချင့် စေချင်ပါသည်။

ကျွန်တော်တို့၏ မြန်မာနိုင်ငံလူမျိုးစုပြသနာကို ဒီမိုကရေတစ် မူဘောင်အတွင်းမှ ဖြေရှင်း မည်ဟု ဆုံးဖြတ်ချက်ချပြီးဖြစ်သည်ဆိုလျင် ယခုဖြစ်တည်နေသည့် နိုင်ငံရေးကစားကွင်းမူဘောင်ကို ကျွန်တော်တို့အားလုံး မဖြစ်မနေ ဖြတ်သန်းကြရတော့မည်ဟု ဆိုရပါမည်။

ဤတွင် မိမိတို့ သက်ဆိုင်ရာလူမျိုးစုလူ့အဖွဲ့အစည်းကို အကျယ်ပြန့်ဆုံး ကိုယ်စားပြုနိုင်သည့် နိုင်ငံရေး အင်အားစုတစ်ရပ် တည်ဆောက်ရေးသည် အသက်တမျှအရေးကြီးပါသည်။ သို့မှသာ မိမိတို့၏တာဝန်ခံ ဦးဆောင်မှုဖြင့် တည်ဆောက်ပေးနိုင်သည်ဟု ယုံကြည်ကြသော၊ မိမိတို့လူမျိုးနှင့်ထိုက်တန် သည်ဟု ယူဆသော၊ လူမှုစီးပွားနိုင်ငံရေးစနစ် (politico-socioeconomic system) တစ်ရပ် တည်ဆောက်ရန် အတွက် လိုအပ်မည့် နိုင်ငံရေးကိုယ်စားပြုမှုကို အလုံအလောက် ရရှိနိုင်မည်ဖြစ်ပါသည်။ အများတကာ့ အများစုကို ကိုယ်စားပြုနိုင်ရေး (majority representation) သည် ဒီမိုကရေစီနိုင်ငံရေးစနစ်တစ်ခုခုတွင် ဝင်ပါနေကြသည့် မိမိတို့၏သက်ဆိုင်ရာလူ့အဖွဲ့အစည်း (constituency)ကို ကိုယ်စားပြုသည်ဟု ကြွေးကျော်ကြကုန်သော အဖွဲ့အစည်းအားလုံး (အစိုးရမဟုတ်သော အရပ်ဘက်နှင့် ဘာသာရေး အဖွဲ့အစည်းများ အပါအဝင်) ၏ ပဓာနရည်မှန်းချက် ဖြစ်လေ့ရှိပါသည်။ သို့မှသာ မိမိတို့၏ ကိုယ်စားပြုမှု တရားဝင်ဖြစ်လာနိုင်ပါမည်(being legitimized to represent)။ ထိုအခြေခံပေါ်မှသာ မိမိတို့ အဖွဲ့အစည်း၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မူဝါဒများကို ရေးဆွဲခြင်း (policy making)၊ ဗျူဟာလုပ်ငန်းစဉ်ရေးဆွဲခြင်း (strategic planning)၊ လောလောဆယ်လုပ်ငန်းစဉ်များ ပြင်ဆင်ခင်းကျင်းလှုပ်ရှားခြင်း (tactical manoeuvring) နှင့် အကောင်အထည်ဖော်ခြင်း (policy implementation) များ ဆောင်ရွက်ကြရပါသည်။ ပေးထားချက် မူဘောင်အတွင်းမှ မဟုတ်ဘဲ အခြားသောနည်းလမ်းများဖြင့် ဆက်လက်တိုက်ပွဲဝင်နေသည့်၊ သို့မဟုတ် တိုက်ပွဲဝင်သွားမည့် အင်အားစုများအတွက်မူ ဤဖြစ်စဉ်များကို ဖြတ်သန်းရန် လိုကောင်းမှ လိုပါမည်။

(ဂ) ရွေးကောက်ပွဲများ

ရွေးကောက်ပွဲများသည် ဒီမိုကရက်တစ်နိုင်ငံရေးစနစ်တွင် မပါမဖြစ်သည့် အင်္ဂါရပ် (essential ingredient) တစ်ခုဖြစ်ပြီး ဆိုခဲ့ပါရွေးကောက်ပွဲရလာဒ်ဖြင့်ပင် သက်ဆိုင်ရာနိုင်ငံ၊ လူ့အဖွဲ့အစည်း ၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးကြပါသည်။ ပြဿနာမှာ ရွေးကောက်ပွဲတစ်ခု၏ လွတ်လပ်တရားမျှတမှုကို ပြင်းထန် ကျယ်လောင်စွာ ထောက်ပြအရေးဆိုလေ့ရှိကြသော်လည်း အခြားတစ်ဖက်တွင် လွတ်လပ်တရားမျှတမှု ရှိရှိ၊ မရှိရှိ အနောက်ဒီမိုကရေစီနိုင်ငံများကပင်လျှင် ထွက်ပေါ်လာသော ရွေးကောက်ပွဲနောက်ဆုံး အနိုင်အရှုံးကို အသိအမှတ်ပြုလက်ခံလေ့ရှိကြခြင်းပင်ဖြစ်ပါသည်။ ဥပမာအားဖြင့် မြန်မာ (၂၀၁၀)၊ အဇာဘိုင်ဂျန် (၂၀၁၃)၊ ကမ္ဘောဒီးယား (၂၀၁၃)၊ ဇင်ဘာဘွေ(၂၀၁၃)၊ ရွေးကောက်ပွဲများ၏ အဖြေကို နောက်ဆုံးတွင် လက်ခံ လိုက်ကြသည်သာဖြစ်ပါသည်။ သို့သော် အခြားတစ်ဘက်တွင် စစ်အာဏာ ရှင်စနစ် အပါအဝင် အခြားသော အာဏာရှင်စနစ်ပုံစံများမှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းခဲ့ကြသည့် အရှေ့နှင့်အနောက် ဥရောပနိုင်ငံများ၊ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကနိုင်ငံများမှာ ဆိုခဲ့ပါ အားနည်းချက်များ တင်းကြမ်းပြည့်နေသည့် ဒီမိုကရက်တစ် ရွေးကောက်ပွဲစနစ်များကို အဦးဆုံးအဆင့်အဖြစ် ဖြတ်သန်းခဲ့ရသည်ချည်း ဖြစ်ပါသည်။ သို့အတွက်ကြောင့် ကျွန်တော်တို့အနေဖြင့် ဤမျိုမကျစရာ ဒီမိုကရေစီ အင်္ဂါရပ်ကြီးကို မဖြစ်မနေ ဖြတ်သန်း ကြရန်လိုအပ်သည်ဟု ဆိုရပါမည်။

About မွန်သတင်းအေဂျင်စီ

Check Also

ကျည်တစ်တောင့် ထမင်းတစ်နပ်

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်ရေးရရှိခဲ့သည်။လွတ်လပ်ရေးရရှိသည်နှင့် တ ဆက်တည်း ပြည်တွင်းစစ် ကပ်ပါလာခဲ့သည်မှာ ယနေ့ အချိန်ထိဆိုလျှင် နှစ်ပေါင်း ၇၀ …

Leave a Reply

%d bloggers like this: