မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / အမြင်နှင့်သုံးသပ်ချက် / တစ်ခုတည်းသော မွန်အမျိုးသား နိုင်ငံရေး အင်အားစုတစ်ရပ် တည်ဆောက်ရေး (၂)

တစ်ခုတည်းသော မွန်အမျိုးသား နိုင်ငံရေး အင်အားစုတစ်ရပ် တည်ဆောက်ရေး (၂)

ရေးသားသူ:

ခင်မောင်ရင်

၄။ ကွဲလွဲမှုများဖြစ်တည်လာပုံနောက်ခံအကျဉ်း

မွန်နှစ်ပါတီပေါင်းစည်းရေးဆွေးနွေးပွဲတစ်ခု (IMNA)
မွန်နှစ်ပါတီပေါင်းစည်းရေးဆွေးနွေးပွဲတစ်ခု (IMNA)
နှစ်ဖက်မတူကွဲပြားမှုများ ဖွဲ့တည်လာပုံကို အခြေခံကျကျနားလည်နိုင်မှသာ ပဋိပက္ခဖြစ်နေသော နှစ်ဖက် လူပုဂ္ဂိုလ်အဖွဲ့အစည်းများကြား စစ်မှန်သော ညီညွတ်ရေးတည်ဆောက်ရန် အထောက်အပံ့ဖြစ်စေနိုင် ပါသည်။ သို့အတွက် ခေတ်ပြိုင်မွန်အမျိုးသားလှုပ်ရှားမှုဖြစ်စဉ်ထဲမှ အပိုင်းအစတစ်စအဖြစ် ဒေသလုံးဆိုင်ရာ မွန်ဒီမိုကရေစီပါတီ မွန်အမျိုးသားတို့ကို ကိုယ်စားပြုသည့် နိုင်ငံရေးအင်အားစုအသစ်တစ်ရပ်အဖြစ် ဖြစ်တည်လာပုံကို အကျဉ်းမျှတင်ပြလိုပါသည်။

စစ်အစိုးရက ၎င်းတို့စိတ်ကြိုက်ရေးဆွဲထားသည့် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြီးသောအခါ စတုတ္ထမျိုးဆက်ဟု မိမိတို့ကိုယ်မိမိ အမည်တတ်ထားသည့် လူလတ်ပိုင်းအရွယ် တက်ကြွလှုပ်ရှား သူအချို့ က ကာလမသေချာသော်လည်း ရွေးကောက်ပွဲတစ်ရပ် (တရားနည်းလမ်းမကျဖို့ များမည့်) မလွဲမသွေ ကျင်းပတော့မည်ဟု ယုံကြည်သဖြင့် ဖြစ်တည်ပြီးသား မွန်နိုင်ငံရေး အင်အားစုကို ကြိုတင်ပြင် ဆင်မှုများ ပြုလုပ်ရန်တိုက်တွန်းခဲ့ကြပါသည်။ ၎င်းတို့သည် မြန်မာလွှတ်တော်သုံးခုလုံးတွင် မွန်အမျိုးသားတို့ကို ကိုယ်စားပြုမည့် မွန်ကိုယ်စားလှယ်ရှိခြင်းက ပိုအကျိုးရှိမည်ဟု ယုံကြည်ရပ်ခံခဲ့ ကြသည်ကိုတွေ့ရပါသည်။

၂၀ဝ၉ ခုနှစ် “ဗလဲ့ဒွန်ဖိုက်”(ဘုရားသုံးဆူမြို့နယ်) မွန်အမျိုးသားညီလာခံတွင် ဖြစ်ပေါ်လာနေသည့် မြန်မာ့နိုင်ငံရေး အခင်းအကျင်း သစ်တွင် ပုံစံသစ်ဖြင့် ပါဝင်ရုန်းကန်တော့မည်ဟု ပြည်တွင်းအစုအဖွဲ့က ကြေညာခဲ့ပါသည်။ (မွန်ရဟန်းပျို အဖွဲ့က ထိုသဘောထားကို သဘောမတူ ကန့်ကွက်ခဲ့ကြောင်း ဤနေရာတွင် မှတ်တမ်းတင် ပါသည်။) ပြည်တွင်းအစုအဖွဲ့အနေဖြင့် မွန်အမျိုးသားရေးရာကော်မတီ (Mon Affairs Union-MAU) ထဲမှ နှုတ်ထွက်၍ နိုင်ငံရေးပါတီတစ်ရပ်တည်ထောင်ပြီး ဖြစ်ပေါ်လာမည့်ရွေးကောက်ပွဲ (ထိုစဉ်က ဘယ်ဆီနေမှန်း မသိခဲ့ကြပါ) တွင် ပါဝင်မည်ဟု မွန်အမျိုးသားညီလာခံတွင် ကြေညာခဲ့ပါသည်။ ယင်းနောက် ၂၀၁၀ နှစ်ဦးတွင် ပါတီ တည်ထောင်လိုသူများအဖွဲ့ကို ဖွဲ့စည်းခဲ့ကြပါသည်။ ပါတီ“တည်ထောင်လို”သူများ သာပါဝင်ကြရန် အတိ အလင်းကြေငြာထားခဲ့သော်လည်း ပါတီ“မတည်ထောင်လို”သူ များပါ ထိုအဖွဲ့တွင် ပါဝင်ခဲ့ကြပါသည်။ ပါတီမှတ်ပုံပြန်မတင်ဟု ဆုံးဖြတ်ချက်ချထားသည့် မွန်ဒီမိုမှ ခေါင်းဆောင်အချို့ အဘယ်ကြောင့် ပါတီ“တည်ထောင်လို”သူများ အဖွဲ့တွင် ဝင်ပါခဲ့ကြသည်ကို ကျွန်တော်နားမလည်ပါ။ အကျိုးဆက်မှာ ပါတီထောင်ရေး မထောင်ရေး ငြင်းခုန်ပွဲကို မလိုအပ်ဘဲ အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြရပါသည်။ အပြီးသတ် အဆုံးအဖြတ်ကို ၂၀၁၀ မတ်လ ၃၁ ရက်နေ့တွင် ဆုံးဖြတ်ချက်ချရန် သဘောတူထားပြီး ဖြစ်သော်လည်း ပါတီမတည်ထောင်လိုသူများက အစည်းအဝေးကို ရက်စောကျင်းပပြီး ပါတီမထူထောင် တော့ကြောင်း ဆုံးဖြတ်ချက်ချခဲ့ပါသည်။ သို့နှင့် ပါတီတည်ထောင်လိုသူများက နောက်တစ်ကြိမ် အစည်းအဝေးပြန်ထိုင်ပြီး ပါတီတည်ထောင်လိုသူအဖွဲ့ အသစ်ကို ဖွဲ့စည်းခဲ့ကြရပါသည်။

မွန်ဒေသပါတီ တည်ထောင်လိုကြောင်း စစ်အစိုးရ ရွေးကောက်ပွဲကော်မရှင်တွင် လျှောက်လွှာတင်ပြီးသည့် အချိန်အထိ ပါတီတည်ထောင်လိုသူများကြားတွင် ဥက္ကဋ္ဌလုပ်မည့်သူ မရှိခဲ့ပါ။ ကြိမ်ဖန်များစွာ တောင်းပန် ဆွေးနွေးပြီးမှ ဆရာကြီးနိုင်ငွေသိန်း(နိုင်ဂျနူမွန်) ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ရန် သဘောတူ ခဲ့ပါသည်။ ဒေသလုံးဆိုင်ရာ မွန်လူငယ်အဖွဲ့ချုပ်မှ အဖွဲ့ဝင်အချို့ သက်ဆိုင်ရာမြို့နယ်အဆင့် လူငယ်အဖွဲ့များမှ နှုတ်ထွက်ပြီး မွန်ဒေသပါတီကို ဝိုင်းရံခဲ့ကြပါသည်။

အုပ်ချုပ်သူများ၏ နှောင့်ယှက်မှု၊ မွန်ဒီမိုနှင့် ပြည်ပရောက်မွန်များ၏ဆန့်ကျင်မှု၊ ရန်ပုံငွေအကြပ်အတည်း၊ ပါဝင်သူများ၏ ဥပဒေတွင်းနိုင်ငံရေး အတွေ့အကြုံနုနယ်မှု အစရှိသော အခက်အခဲများကြားမှ ပါတီကို ထူထောင်ခဲ့ကြရခြင်းဖြစ်သည်ကို တွေ့ရပါသည်။ ဒေသလုံးဆိုင်ရာမွန်လူငယ်အဖွဲ့ချုပ် ဖွဲ့စည်းခဲ့စဉ် ကတည်းက မွန်ဒေသအနှံ့ ပြင်ဆင်ခဲ့ကြ၍သာ ရွေးကောက်ပွဲမဲဆွယ်ချိန် ၅ ပတ်အတွင်း ရွေးကောက်ပွဲဝင်ရန် အဆင်သင့် ဖြစ်ခဲ့ပြီး ရွေးကောက်ပွဲတွင်လည်း အထိုက်အလျောက်အနိုင်ရခဲ့ခြင်းဖြစ်ပါသည်။

၅။ မွန်ဒီမိုနှင့်မွန်ဒေသပါတီကြားရှိ အခြေခံကွဲလွဲချက်များလေ့လာချက်

(က) ရှိခဲ့သည့်ကွဲလွဲမှု

၂၀၁၀ ရွေးကောက်ပွဲကာလအတွင်းတွင် မွန်ဒီမိုနှင့် မွန်ဒေသပါတီတို့ကြားတွင် ရှိခဲ့သည့် ကွဲလွဲမှုမှာ ၂၀ဝ၈ မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ရွေးကောက်ပွဲကော်မရှင်ဥပဒေအပေါ် အမြင်သဘောထား မတူကြခြင်းဟု ဆိုရပါမည်။ မွန်ဒေသပါတီက ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်၊ သို့သော် ထိုအခြေခံဥပဒေအောက်မှ ပေါ်ထွက်လာနိုင်သည့် (မျိုမကျစရာ) အခွင့်အလန်းကို ဆုပ်ကိုင်ဖို့လိုအပ်သည် ဟု ရပ်ခံယူဆခဲ့ကြပါသည်။ ယင်းသို့ ပေါ်လာနိုင်သည့် အခွင့်အလန်းကို ဆုပ်ကိုင်နိုင်ရန်မှာလည်း စစ်အစိုးရက တဖက်သတ်ပြဋ္ဌာန်းလိုက်သည့် ရွေးကောက်ပွဲကော်မရှင်ဥပဒေဘောင်အတွင်း ပါတီ မှတ်ပုံတင်၍ ရွေးကောက်ပွဲဝင်သည့်နည်းမှတပါး အခြားမရှိဟုလည်း သဘောညီခဲ့ကြပါသည်။

အခြား တစ်ဖက်တွင် မွန်ဒီမိုပါတီအင်အားစုများက ၂၀ဝ၈ ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ သည် (၈) ပြည်နယ်ကိုအခြေခံသော ဖက်ဒရယ်ပုံစံဖွဲ့စည်းပုံမဟုတ်သည့်အပြင် ဆွဲခန့်စစ်သားအမတ် ၂၅ ရာခိုင်နှုန်း လည်း ပါဝင်နေသဖြင့် ဒီမိုကရေစီနှုန်းစံများနှင့်မညီ။ ထို့အပြင် စစ်အစိုးရက တစ်ဖက်သတ်ပြဋ္ဌာန်း လိုက်သော ရွေးကောက်ပွဲကော်မရှင်ဥပဒေအရ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ် မည်သို့မျှ ဖြစ်လာမည်မဟုတ်ဟု ရပ်ခံငြင်းဆိုခဲ့ကြပါသည်။ သို့နှင့် ပါတီပြန်လည်မှတ်ပုံမတင်ရန် ဆုံးဖြတ် ခဲ့ကြသည်ကို တွေ့ရပါသည်။

ထိုစဉ်က ရှိနေခဲ့သော ပုဂ္ဂိုလ်ဆက်ဆံရေးများမှတဆင့် နှစ်ပါတီကြားတွင် တစ်ဖက်နှင့်တစ်ဖက် ပြဿနာ ကြီးကြီးမားမား ရှိခဲ့သည်ကို မတွေ့ခဲ့ရပါ။ ၉၀ ခုနှစ်ရွေးကောက်ပွဲတွင် အင်အားကြီးသည့်အပြင် တစ်တိုင်း ပြည်လုံးအနေအထားဖြင့် လူထုထောက်ခံမှုအပြည့်အဝရနေခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အာဏာသိမ်းအစိုးရက အပြည့်အဝထောက်ခံထားသည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့နှင့် ခက်ခဲကြပ်တည်းစွာ ယှဉ်ပြိုင်ခဲ့ရပြီး အမတ် ၅ နေရာအနိုင်ရခဲ့သော မွန်ဒီမိုပါတီအနေဖြင့် မိမိတို့ အနိုင်ရခဲ့သည်ကို အသိအမှတ်ပြုမခံရဘဲနှင့် ပါတီမှတ်ပုံပြန်တင်ပြီး ရွေးကောက်ပွဲထပ်ဝင်ရန်မှာ နိုင်ငံရေးအရ အခက်အခဲရှိနိုင်သည်ကို မွန်ဒေသပါတီဘက်မှ နားလည်နိုင်ခဲ့သည်ကို တွေ့ရပါသည်။ မွန်ဒီမိုပါတီအနေ နှင့်လည်း ဖြစ်ပေါ်လာမည့် နိုင်ငံရေးအခင်းအကျင်းသစ်တွင် မွန်အမျိုးသားများကို ကိုယ်စားပြုမည့်သူ မရှိဖြစ်မည်ကို စိုးရိမ်သဖြင့် အခြေအနေမည်သို့ရှိမည်ကိုမသိဘဲ ဖိနှိပ်ကန့်သတ်မှုနှင့် အခက်အခဲ အမျိုးမျိုးကြားမှ ရွေးကောက်ပွဲဝင်မည့် မွန်ဒေသပါတီအပေါ် နားလည်မှုရှိခဲ့သည်ဟု ယူဆကြပါသည်။ သို့သော် လက်တွေ့တွင် ထိုသို့ဖြစ်မလာခဲ့ပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆုံးဖြတ်လိုက်သော အခါ ရွေးကောက်ပွဲဝင်မည့် မွန်ဒေသအင်အားစုများကို မတိုက်ရန် ကြိုတင်နားလည်မှု ယူထားသည့်ကြားမှ မွန်ဒီမိုအင်အားစုများက မဲမပေးရေးကမ်ပိန်းကို မွန်ဒေသအနှံ့ အပြင်းအထန်ဆင်နွှဲခဲ့ကြပါသည်။ မော်လမြိုင်မြို့နှင့်ပငရွာတို့မှသည် ရေဖြူမြို့နယ်အထိတိုင်အောင် မွန်ဒီမိုမှ ပုဂ္ဂိုလ်ကြီးငယ်တို့ ဆန့်ကျင်ရေး တရားဟောခဲ့ကြသည်ကို တွေ့ရပါသည်။ ဆိုခဲ့ပါဆန့်ကျင်ရေးလှုပ်ရှားမှု၏ အကျိုးဆက်မှာ နေရာကွက်၍ ထိရောက်ခဲ့ပါသည်။ ပငရွာတွင် မဲလာပေးသူဦးရေမှာ မဲပေးခွင့်ရှိသူဦးရေ၏ သုံးပုံတစ်ပုံပင် မပြည့်ပါ။ ကျိုက်မရောတွင် ခြောက်ကပ်ကပ်ဖြစ်နေခဲ့ပြီး မော်လမြိုင်မှာ အဆိုးရွားဆုံးအဖြစ်နှင့် ရင်ဆိုင်ခဲ့ရပါသည်။ ထိုမဲဆန္ဒနယ်များတွင် မဲလာပေးသူအများစုမှာ “သူ့မဲ” ဖြစ်ပြီး ရွေးကောက်ပွဲဆန့်ကျင်ရေး လှိုင်းလုံးများ အောက်တွင် မွန်ဒေသပါတီအတွက် ဖြစ်ဖို့များသည့် “မဲ”များကို မွန်မဲဆန္ဒရှင်များက လာမထည့်ကြတော့ပါ။ မွန်ဒေသပါတီအနိုင်ရခဲ့သည့် မဲဆန္ဒနယ်အားလုံးကို ပြန်ကြည့်လျှင် မဲအရေအတွက် ၂၀ဝ၀ဝ မှ ၄၀ဝ၀ဝ ကျော်အထိ မတန်တဆ အပြတ်အသတ်နိုင်မှသာ တကယ်အနိုင်ရပါသည်။ ထောင်ဂဏန်းမျှသာ ကွာသော နေရာအားလုံး ရှုံးပါသည်။ ဥပမာအားဖြင့် ရေး၊ သံဖြူဇရပ် နှင့် ကျိုက်မရော၊ မော်လမြိုင် မဲဆန္ဒနယ်များ၏ မဲအနိုင်အရှုံး မှတ်တမ်းများကို ပြန်ကြည့်လျှင် တွေ့နိုင်ပါသည်။

(ခ) လက်ရှိဘုံတူညီချက်များ

ယျေဘုယျအားဖြင့် ကြည့်မည်ဆိုလျှင် ယခုအခါ မွန်ဒီမိုရော မွန်ဒေသပါတီပါ ၂၀ဝ၈ ပြည်ထောင်စု မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲ ရွေးကောက်ပွဲကော်မရှင်ဥပဒေအောက်တွင် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ တစ်ဖြစ်လဲ မွန်ဒီမိုကရေစီကပါ ပါတီမှတ်ပုံတင်ပြီးဖြစ်သဖြင့် နိုင်ငံရေးလှုပ်ရှားမှုဘောင် သတ်မှတ်ချက်တွင် ကွဲလွဲမှုမရှိတော့ဟု ဆိုရပါမည်။ ထို့အပြင် ကိုယ့်ကြမ္မာကိုယ်ဖန်းတီးခွင့်ရှိသော မွန်လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်ရေးဟူသည့် ယုံကြည်မျှော်မှန်းချက်နှင့်စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုတစ်ရပ် တည်ဆောက်ရေးဟူသည့် ရေရှည်လုပ်ငန်းစဉ်တို့တွင် ကွဲလွဲမှုမရှိကြတော့သည်ကို တွေ့ရပါသည်။

စစ်မှန်သောပြည်ထောင်စုစနစ်တစ်ရပ်အောက်တွင် တန်းတူ၍ အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော လူမျိုးတစ်မျိုးအဖြစ်သို့ ဦးတည် တည်ဆောက်ရေးဟူသော ကျွန်တော်တို့အားလုံး၏ အနာဂတ် မျှော်မှန်း ယုံကြည်ချက်ပေါ်တွင် မွန်ဒီမိုရော၊ မွန်ဒေသပါတီပါ သဘောထားမကွဲကြပါ။

ထို့အပြင် ဆိုခဲ့ပါအကောက်အယူပေါ်တွင် လက်တွေ့တည်ဆောက်အကောင်အထည်ဖော်မည့် ဖွဲ့စည်း တည်ဆောက်ပုံစနစ် (structural formation) ပေါ်တွင်လည်း ဆိုခဲ့သည့်အတိုင်း အမြင်သဘောထား တူညီကြသည်ကို တွေ့ရမည် ဖြစ်ပါသည်။ ဗမာအပါအဝင် အခြားသောလူမျိုးစု (၇)မျိုး၊ ပေါင်း လူမျိုး(၈)မျိုး ကို အခြေခံပြီး အခြားသော လူမျိုးစုများကို အနေအထားအဆင့်အတန်းပေါ်မူတည်၍ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ အထူးအုပ်ချုပ်ရေးဒေသ အစရှိသည့် နိုင်ငံတကာနှုန်းစံများနှင့်အညီဖွဲ့စည်းထားသည့် စစ်မှန်သောဖက်ဒရယ် ပြည်ထောင်စုပုံစံကို ကျွန်တော်တို့ လူမျိုးစုအားလုံး အများညီ လိုချင်ကြသည်ချည်း ဖြစ်ပါသည်။

ဤနေရာတွင် မွန်ဒီမိုပါတီခေါင်းဆောင်ကြီးက မွန်ဒေသပါတီအပေါ် စွပ်စွဲထားသော “ကျွန်တော်တို့ပြောတဲ့ ဖက်ဒရယ်မူ သူတို့ (မွန်ဒေသပါတီကလူတွေ) လက်မခံဘူး”[1] ဟူသည့် စွပ်စွဲချက်မှာ မှန်ကန်မှုမရှိသည်ကို တွေ့ရပါသည်။ မွန်ဒေသပါတီအနေဖြင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို လက်မခံဟု ပြောခဲ့ သည့် အထောက်အထားလည်း မရှိပါ။ မွန်ဒေသ၏ပါတီဖွဲ့စည်းပုံတွင် “စစ်မှန်သော ပြည်ထောင်စုတစ်ရပ် တည်ဆောက်ရေး” ကို ပါတီ၏ ရည်မှန်းချက်တွင် အတိအလင်း ဖော်ပြထားသည်ကို မြင်တွေ့နိုင်ပါသည်။ သို့အတွက် ရေရှည်လုပ်ငန်းစဉ်တွင်လည်း မွန်ဒီမိုနှင့် မွန်ဒေသပါတီတို့ မကွဲဟု ယျေဘုယျ ဆိုနိုင်ပါသည်။

(ဂ) ပုဂ္ဂိုလ်ရေးပြဿနာဟုတ်မဟုတ်

သို့အတွက် နှစ်ဖက်ပါတီခေါင်းဆောင်များကြားတွင် ပုဂ္ဂုိလ်ရေးပြသနာသာ ကျန်တော့သည်ဟု မွန်နိုင်ငံရေး အင်အားစုများ (တက်ကြွလှုပ်ရှားသူများရော၊ ဘေးထိုင်နေသူများအပါအဝင်) က ယူဆနေကြသည်ကို တွေ့ရပါသည်။ ကျွန်တော်အမြင်မှာ ထိုသို့မဟုတ်ပါ။ ပုဂ္ဂိုလ်ရေးဟုဆိုလျှင် နိုင်ငွေသိမ်း (ဝါရင့်နိုင်ငံရေး သမားကြီး)၊ နိုင်ငွေသိမ်း (မွန်ဒေသပါတီဥက္ကဋ္ဌဟောင်း)၊ ဒေါက်တာမင်းနွယ်စိုး၊ နိုင်မြင့်ဆွေ၊ ဒေါက်တာ မင်းကြည်ဝင်း၊ ဒေါက်တာမင်းစိုးလင်း (အသက်အရွယ်အစဉ်အတိုင်း) အစရှိသည့် လက်နှစ်ဖက် ချိုး၍ပင် မပြည့်သော မွန်နိုင်ငံရေးခေါင်းဆောင်တို့ကြားမှ ပုဂ္ဂိုလ်ရေးပြသနာကို မွန်တစ်မျိုးသားလုံး၏ အကျိုးစီးပွား နှင့်ယှဉ်လျှင် ဖြေရှင်း၍ မရနိုင်သည့်ပြဿနာဟု ကျွန်တော်မယူဆပါ။ ဆိုခဲ့ပါ နိုင်ငံရေး ခေါင်းဆောင်များ အားလုံး ထိုမျှ သဘောထားသေးသိမ်သူများမဟုတ်ဟု ကျွန်တော် လုံးဝဥဿုံယုံကြည်ပါသည်။ သို့သော် ပုဂ္ဂိုလ်ရေးပြဿနာမရှိကြပါဟူ၍ကား မဆိုုလို။ ဆိုခဲ့ပါခေါင်းဆောင်များကြားရှိ ပုဂ္ဂိုလ်ရေးပြဿနာမှာ ရှင်း၍မရသည့် ပြဿနာမဟုတ်ဟု ဆိုလိုရင်း သာဖြစ်ပါသည်။

ပြဿနာမှာ ခေါင်းဆောင်များအကြားတွင် နိုင်ငံရေးအခြေခံအတွေးအခေါ်ပေါ်တွင် သိသာထင်ရှားစွာ ကွဲလွဲနေခြင်းမျိုးမဟုတ်ဘဲ တူညီသည့်ရေရှည်နိုင်ငံရေးရည်မှန်းချက်သို့ သွားမည့် လောလောဆယ် လက်တွေ့လုပ်ငန်းစဉ် (immediate task) များပေါ်တွင် တိတိပပ ကွဲနေကြခြင်းဖြစ်သည်ကို တွေ့ရပါသည်။ ဆိုခဲ့ပါ ခေါင်းဆောင်များအကြားအကွဲအပြဲသည် အပေါ်ယံအားဖြင့် များစွာအရေးမကြီးလှဟု ယူဆရ သော်လည်း နိုင်ငံတကာနှင့် ပြည်တွင်း အတွေ့အကြုံများအရ ဆုံးရှုံးမှုကြီးမားပြီး အလုံးစုံပျက်စီးရေးသို့ ဦးတည်သွားနိုင်သည်ကို သတိပြုရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံလက်ဝဲညီညွတ်ရေးတည်ဆောက်မှု မအောင်မြင်ခဲ့ရာမှ ဖြစ်ပေါ်ခဲ့သော ဆုံးရှုံးမှုများမှာ ထင်ရှားသော သာဓကဖြစ်ပါသည်။ သို့ရာတွင် ကျွန်တော်တို့ မွန်အမျိုးသားများ၏ နိုင်ငံရေးဦးဆောင်မှု အခန်းတွင် ယခုလောလောဆယ်ဖြစ်ပွားနေသော ပြဿနာမှာ ထိုမျှပြင်းထန်ပြီး ညှိနှိုင်းဖြေရှင်းရန် မဖြစ်နိုင်တော့သည့် အခြေအနေသို့ ရောက်နေပြီဟု ကျွန်တော်မယုံကြည်ပါ။

ယင်းသို့ ကွဲလွဲရခြင်းအကြောင်းရင်းကို စေ့ငုကြည့် သောအခါ နှစ်ဘက်ပါတီခေါင်းဆောင်များ ဖြတ်သန်းလာခဲ့ကြသည့် နိုင်ငံရေးဘဝနှင့် ဆက်နွယ်မှုများ ရှိတန်သလောက်ရှိသော်လည်း ဖြစ်ပေါ်နေသော မြန်မာနိုင်ငံ ဒီမိုကရက်တစ်ဖြေလျော့မှု (Democratic liberalisation) အပေါ်တွင် အကောက်အယူ မတူညီကြခြင်းက အဓိက အကြောင်းတရား ဖြစ်သည်ကို တွေ့ရပါသည်။ မွန်ဒီမိုပါတီ၏ ခေါင်းဆောင် အများစုမှာ ၎င်းတို့၏နိုင်ငံရေးဘဝတစ်လျှောက်လုံး ကြမ်းတမ်း သော စစ်ရေးအကြမ်းဖက်မှု၊ နိုင်ငံရေး ဖိနှိပ်မှုများကို နှစ်ကာလများစွာ ဖြတ်သန်းခဲ့ကြရသူများ ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ အခြားတစ်ဖက်တွင် မွန်ဒေသပါတီ၏ခေါင်းဆောင်“အများစု”မှာ မြန်မာနိုင်ငံအစိုးရ အဆက် ဆက်၏ ဗျူရိုကရေစီယန္တယား အောက်တွင် အရပ်သားဝန်ထမ်းများအဖြစ် ရှင်သန်ကြီးပြင်းခဲ့သူများဖြစ်ပြီး အငြိမ်းစားယူသည့်ကာလ ကျမှသာ နိုင်ငံရေးလောကထဲသို့ “အပြည့်အဝ”ဝင်ရောက်လာကြ သူများဖြစ်သည် ဟု ဆိုရမည်ဖြစ်ပါသည်။ သို့သော် နှစ်ဖက်ပါတီမှ အားလုံးသောခေါင်းဆောင်များသည် မွန်ခေတ်ပေါ်နိုင်ငံရေး လှုပ်ရှားမှုသမိုင်းစဉ် တလျှောက်လုံးတွင် ခေတ်အလိုက်အရေးပါသောအခန်းကဏ္ဍများမှ ၎င်းတို့ရောက်ရှိ နေခဲ့ကြသည့် အဆင့်နေရာများမှနေ၍ ထဲထဲဝင်ဝင် စွန့်လွှတ်အနစ်နာခံ ပါဝင်ဆောင်ရွက်ခဲ့သူများ ဖြစ်သည်ကို အသိအမှတ်ပြုကြရပါမည်။

[1] အံ့ခေါင်းမင်း ၂၀၁၃၊ မွန်ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဝါရင့်နိုင်ငံရေးသမားကြီး ဦးနိုင်ငွေသိမ်းနှင့် ပြောခြင်း၊ သံတော်ဆင့် သတင်းစာ၊ (၂၀၁၃ ဒီဇင်ဘာ၊

About မွန်သတင်းအေဂျင်စီ

Check Also

ကျည်တစ်တောင့် ထမင်းတစ်နပ်

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်ရေးရရှိခဲ့သည်။လွတ်လပ်ရေးရရှိသည်နှင့် တ ဆက်တည်း ပြည်တွင်းစစ် ကပ်ပါလာခဲ့သည်မှာ ယနေ့ အချိန်ထိဆိုလျှင် နှစ်ပေါင်း ၇၀ …

Leave a Reply

%d bloggers like this: