spot_img
Tuesday, April 16, 2024
More
    spot_img
    Homeအမြင်နှင့်သုံးသပ်ချက်နိုင်ငံရေးအသိ နိုးကြားသင့်ပြီ

    နိုင်ငံရေးအသိ နိုးကြားသင့်ပြီ

    -

    AMDP နှင့် MNDF ပူးပေါင်းရေးသဘောတူညီကြစဉ်(ဝဲ-နိုင်ချစ်ဦးAMDP-ယာ နိုင်တင်အောင် MNDF)
    AMDP နှင့် MNDF ပူးပေါင်းရေးသဘောတူညီကြစဉ်(ဝဲ-နိုင်ချစ်ဦးAMDP-ယာ နိုင်တင်အောင် MNDF)
    ရာမညရာဝိက – မိမိက Facebook လူမှုကွန်ယက်တွင်သာ အရေးများ၍ မိမိစာကို မွန်အမျိုးသားတို့ မည်မျှဖတ်ရှုသည်ကို မသိရှိပါ။ ဤဆောင်းပါးကို မိမိတို့မွန်အမျိုးသားများကို ရည်ရွယ်၍ ရေးခြင်းဖြစ်ရာ ဤသတင်းဌာနတွင် ဖော်ပြလိုသည်။ မိမိ၏ နိုင်ငံရေးအမြင်ကို ရိုးရိုးရှင်းရှင်းပင် တင်ပြပါမည်။ မွန်အမျိုးသားနိုင်ငံရေးအပေါ် မိမိ၏ လက်ရှိအမြင်မှာ (၃)ချက်သာ ရှိပါသည်။

    (၃)ချက်မှာ –

    ၁။ မွန်ပါတီပေါင်းစည်းရေး
    ၂။ နိုင်ငံရေးမဟာမိတ်တည်ဆောက်ရေး
    ၃။ မွန်လူမှုအဖွဲ့အစည်းများ အားကောင်းစေရေး
    ဟူ၍ ဖြစ်သည်။ ဤ (၃)ချက်ကို ဆက်လက်ရှင်းပြပါမည်။

    ၁။ မွန်ပါတီပေါင်းစည်းရေး

    ပါတီမတူသော်လည်း အမျိုးသားနေ့ကို တပေါင်းတစည်းတည်း ကျင်းပသင့်သည်။ ပါတီပေါင်းစည်းရေးကိုကား အတင်းအကြပ် မလုပ်သင့်ဟု ယူဆသည်။

    သဘောတူညီမှု ရသည်အထိ ညှိုနှိုင်းသင့်သည်။ မွန်သံဃာတော်များက ပါတီပေါင်းစည်းရေးကို ဖိအားပေးဆောင်ရွက်နေကြသည်။ နိုင်ငံရေးတက်ကြွသည့် မွန်လူငယ်များကလည်း မွန်တစ်ပါတီထဲကို မြင်တွေ့လိုသည်။ မွန်ပြည်သစ်ပါတီကလည်း ဖေဖော်ဝါရီလ (၄)ရက်နေ့တွင် မွန်ပါတီဟောင်း (၂)ပါတီကို အသိအမှတ်ပြုမည်မဟုတ်ဘဲ ပါတီသစ်ကိုသာ အသိအမှတ်ပြုမည်ဟု ပြောဆိုခဲ့သည်။

    မွန်နိုင်ငံရေးလောကတွင် မွန်သံဃာတော်များ၊ မွန်လူငယ်ကွန်ယက်နှင့် မွန်ပြည်သစ်ပါတီတို့ကို အံတုရန် ခက်သည်။ မွန်အမျိုးသားနိုင်ငံရေး၌ တစ်ပါတီထဲ ထားလျှင် တစ်ပါတီအာဏာရှင်စနစ် ပေါက်ဖွားမည်ကို စိုးရိမ်ကြသူများ ရှိသည်။ ပါတီတစ်ခုထက် ပိုရှိလျှင် အမျိုးသားသွေးစည်းညီညွတ်မှု ပြိုကွဲမည်ဟု စိုးရိမ်ကြသူများလည်း ရှိသည်။ မွန်အမျိုးသားတို့က ဒီမိုကရေစီတိုက်ပွဲကို ဆင်နွှဲနေကြသည်မဟုတ်၊ အမျိုးသားတန်းတူရေးကို တိုက်ပွဲဝင်နေသည့်အချိန်ဖြစ်ရာ ပါတီပေါင်းစည်းရေးသည်သာ ဖြစ်လာဖို့ များသည်ဟု သုံးသပ်မိသည်။

    ၂။ နိုင်ငံရေးမဟာမိတ်တည်ဆောက်ရေး

    မွန်အမျိုးသားနိုင်ငံရေးကို တည်ဆောက်သည့်အခါ နိုင်ငံရေးမဟာမိတ် ရှိရန် လိုအပ်သည်။ နိုင်ငံရေးမဟာမိတ်ကို ရှာဖွေရာ၌ မွန်ပြည်နယ်၌ ဘဝတူတိုင်းရင်းသားများဖြစ်ကြသည့် ပအိုဝ်းလူမျိုးနှင့် ကရင်လူမျိုးတို့ကို ဦးစွာ စဉ်းစားသင့်သည်။ ထို့ပြင် မွန်ပြည်နယ်၌ ဒုတိယလူဦးရေအများဆုံး ဖြစ်သည့် ဗမာလူမျိုးနှင့် သင့်တင့်အောင် နေတတ်ရန် လိုသည်။ ဗမာများကို ကိုယ်စားပြုသည့် USDP ပါတီနှင့် NLD ပါတီတို့အနက် ပါတီတစ်ခုကို ရွေးရသည်။ USDP နှင့် နီးစပ်သည့် NBF နှင့် NLD နှင့် နီးစပ်သည့် UNA တို့အနက် တစ်ခုကို ရွေးရသည်။ အထက်ဖော်ပြပါ နိုင်ငံရေးမဟာမိတ်များ မရှိဘဲ လက်ရှိနိုင်ငံရေးအခင်းအကျင်း၌ ပါဝင်ရန် မလွယ်ကူချေ။

    မွန်အမျိုးသားတို့က သထုံခရိုင်၌် လူများစု ဖြစ်သည့် ကရင်လူမျိုးများနှင့် ဒုတိယအများဆုံးဖြစ်သည့် ပအိုဝ်းလူမျိုးများကို စည်းရုံးရန် မဟာဗျူဟာ မရှိသေးပါ။ ပြည်နယ်တွင်းရှိဗမာများကို ကိုယ်စားပြုသည့် USDP နှင့် NLD တို့အနက် NLD နှင့် အနည်းငယ် နီးစပ်သည်။ ၈၈-မျိုးဆက်များနှင့်လည်း နီးစပ်သည်ဟု မဆိုသာချေ။ မွန်အမျိုးသားနေ့ကို တက်ရောက်ရန် မင်းကိုနိုင်နှင့် မင်းဇေယျတို့ကို ဖိတ်ခေါ်ခြင်းမှာ မွန်လူမျိုးများ ဖြစ်၍ ဖြစ်သည်။ ထို့ကြောင့် မွန်အမျိုးသားနိုင်ငံရေး၌ နိုင်ငံရေးမဟာမိတ် အားနည်းလှသည်ကို တွေ့ရသည်။ သမိုင်းစဉ်ဆက် ချို့ယွင်းခဲ့သည့် ဤအားနည်းချက်ကို ယနေ့တိုင်အောင် မွန်အမျိုးသားတို့ ပြုပြင်ရန် မကြိုးစားကြသေးဟု ယူဆရသည်။

    ၃။ မွန်လူမှုအဖွဲ့အစည်းများ အားကောင်းစေရေး

    မွန်လူမှုအဖွဲ့အစည်းများ ရှိပါသည်။ ယင်းလူမှုအဖွဲ့အစည်းများသည် မွန်လူ့ဘောင်ကို တောင့်တင်းအောင် ဆောင်ရွက်ရသည်။ လူ့အခွင့်အရေး ပညာပေးမှုများ၊ ကလေးအခွင့်အရေး ပညာပေးမှုများ၊ အမျိုးသမီးရေးရာပညာပေးမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုများ၊ သာရေးနာရေးအသင်းများအစရှိသည်တို့ကို ဆောင်ရွက်ရင်း မွန်လူမျိုးတို့၏ လူ့အရင်းအမြစ်နှင့် ပြည်သူ့စွမ်းအားကို တည်ဆောက်နိုင်သည်။

    ယနေ့အချိန်တွင် မြန်မာအစိုးရသည်လည်းကောင်း၊ ပြည်ပအစိုးရသည်လည်းကောင်း နိုင်ငံတစ်နိုင်ငံ၏ သတင်းအချက်အလက်များကို သိရအောင် NGO များမှတစ်ဆင့် မသိမသာ စစ်တမ်းကောက်ယူလေ့ ရှိသည်။ မွန်အမျိုးသားတို့သည် ဤကဏ္ဍ၌ အထူးအားနည်းလျက် ရှိသည်။

    ပြီးခဲ့သည့်အပတ်တွင် ဝဲကလီရွာ၌ မြန်မာ့တပ်မတော်သားတစ်ယောက် မုဒိမ်းကျင့်ရန် ကြိုးစားမှုကြောင့် မွန်အမျိုးသမီးတစ်ဦးက ပြင်းထန်စွာ ဒဏ်ရာရရှိရာ ယင်းအမျိုးသမီးကို မွန်ပါတီများမှ လူကြီးများ သွားရောက်ကြည့်ရှုခဲ့ကြသော်လည်း ဥပဒေရေးရာကဲ့သို့သော ထိရောက်သည့် ကူညီမှုမျိုးကို မပေးနိုင်ခဲ့ကြပါ။ မွန်အမျိုးသားအကျိုးစီးပွားသည် ကချင်၊ ရှမ်း၊ ရခိုင် အစရှိသော လူမျိုးများမှာကဲ့သို့ စနစ်ကျကွပ်ကွဲမှုအောက်၌ ရှိမနေဘဲ ဝါးအစည်းပြေသကဲ့သို့ ရှိနေသည်။ ဤအခြေအနေ၌ အင်အားကောင်းသော လူ့ဘောင်တစ်ခုကို တည်ဆောက်ရန်နှင့် မိမိ၏ အင်အားအမှန်ကို မသိရှိသဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ရန်သူကို ရင်ဆိုင်ရန် မလွယ်ကူပါ။

    အထက်ဖော်ပြပါအချက်(၃)ချက်ကို သုံးသပ်ပြီး မွန်လူမျိုးတို့၌ နိုင်ငံရေးအသိအမြင် မည်မျှနိုးကြားသည်ကို သိရှိနိုင်သည်။ ထို့အတူ လွှတ်တော်ပြင်ပ၌ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်လျက်ရှိသည့် UNFC အဖွဲ့ကြီး၏ လှုပ်ရှားမှုကိုလည်း မျက်ခြည်မပြတ် စောင့်ကြည့်သင့်သည်။

    ၁။ MDP ပါတီနှင့် AMRDP ပါတီတို့ကို စုပေါင်း၍ Mon National Party မွန်အမျိုးသားပါတီကို ဖွဲ့စည်းရန် ရှိလျှင်။

    ၂။ MDP/MNP ဦးစီ်းပြီး ကျင်းပမည့် ၆၇-ခုကြိမ်မြောက်မွန်အမျိုးသားနေ့ကို UNA ခေါင်းဆောင်များကို ဖိတ်ကြားမည်ဟု ဆိုလျှင်။

    ၃။ UNFC အဖွဲ့ကြီး၏ တာဝန်ပေးချက်အရ မွန်ပြည်သစ်ပါတီ၊ ဒုဥက္ကဋ္ဌ နိုင်ဟံသာဦးစီးသော NCCTအဖွဲ့က ကရင်ပြည်နယ်၊ ဘားအံမြို့၌ တစ်နိုင်ငံလုံးအပစ်ရပ်ရေးဆွေးနွေးပွဲကို ကျင်းပမည်ဖြစ်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ကြပါရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ခွန်ထွန်းဦးတို့အားလည်း ဖိတ်ကြားမည်ကို ထောက်ဆလျှင် မွန်သံဃာတော်များနှင့် မွန်လူငယ်များအနေဖြင့် နိုင်ငံရေးအကင်းပါးကြဖို့ လိုသည်။ ဤနေရာ၌ မွန်အမျိုးသားနေ့သို့ ဒေါ်အောင်ဆန်းစုကြည်အား မတက်ရောက်စေရန် ဗဟိုကျင်းပရေးကော်မတီသို့ လိပ်မူသည့်စာမှာ ဖော်ပြထားသည့် အချက်(၄)ချက်ကို အနည်းငယ် ရှင်းပြလိုသည်။

    ၁။ ၁၉၉၀-ခုနှစ်မှာ မွန်ပါတီက NLD ကို မဲရှုံးခဲ့ခြင်းကို အမှတ်မကြီးသင့်ဘဲ ၂၀၁၅-ခုနှစ်မှာ NLD နှင့် မည်ကဲ့သို့ ညှိုနှိုင်းရမည်ကိုသာ ကြံသင့်သည်။ NLD က မွန်ဒေသအချို့၌ ဝင်မပြိုင်ရန် ကတိပေးခဲ့သည်ကို နိုင်ငွေသိမ်းတို့ အတည်ပြုပေးသင့်သည်။

    ၂။ ၂၀ဝ၈-ခုဥပဒေနှင့် ပတ်သက်၍ NLD က ကတိဖောက်ဖျက်ခဲ့သကဲ့သို့ မွန်ပါတီများလည်း ဖောက်ခဲ့ကြသည်ချည်း ဖြစ်သည်။ NLD ကိုသာ ကွက်၍ အပြစ်မတင်သင့်။ လာမည့် ၂၀၁၅-ခုနှစ်၌ ရွေးကောက်ပွဲ ဝင်ရန် မွန်ပါတီများပေါင်းစည်းအောင် ကြိုးစားနေခြင်းကပင် လက်ရှိ ၂၀ဝ၈- ဖွဲ့စည်းပုံအပေါ် မွန်သံဃာနှင့် မွန်လူငယ်တို့၏ ရပ်တည်ချက်အဖြေ ဖြစ်သည်။

    ၃။ ကြေးနီတောင်ကိစ္စတွင် ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည်ချက်မှားကြောင်း မိမိလည်း အပြင်းအထန် ဝေဖန်ဖူးသည်။ အဆိုပါကြေးနီတောင်ကိစ္စကြောင့် မွန်အမျိုးသားနေ့ကို မတက်စေလိုခြင်းမှာ စာကလေးကို အမြောက်ဖြင့် ထုသကဲ့သို့ ရှိချေသည်။

    ၄။ ရခိုင်နှင့် ဘင်္ဂလီအရေးကို ဒေါ်အောင်ဆန်းစုကြည်အပေါ်၌ ပုံချနေကြသူတို့မှာ စစ်ထောက်လှမ်းရေးများသာ ဖြစ်ကြသည်။ ရခိုင်၊ ဘင်္ဂလီ၊ ဗမာ၊ မူစလင်အရေးကို ဘန်းပြ၍ ပုဒ်မ ၅၉ (စ) ထောက်ခံပွဲကို ကျင်းပခဲ့သည့် ဦးအောင်သိန်းလင်းနှင့် ဦးနေမျိုးဝေတို့သည် မြန်မာ့စစ်ထောက်လှမ်းရေးနှင့် အလွန်နီးစပ်သည့် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ မွန်နှင့် ရခိုင်သံဃာတော်တို့သည် ကချင်ပြည်၌ ဖြစ်ပွားနေသည့် စစ်ပွဲကို ရှုတ်ချဖို့ ပျက်ကွက်ပြီး ရခိုင်၌ ဖြစ်ပွားနေသည့် အဓိကရုဏ်းနှင့် လားလားမျှ မပတ်သက်သည့် ဒေါ်အောင်ဆန်းစုကြည်အပေါ် အပြစ်ပုံချနေခြင်းမှာ မွန်ခေါင်းဆောင်များ ခင်းကျင်းနေသည့် နိုင်ငံရေးလမ်းညွှန်ချက်နှင့် ဝေးကွာလျက် ရှိသည်။

    ထို့ကြောင့် လိုရင်းတိုရှင်းကို ပြောရလျှင် မွန်အမျိုးသားနေ့ကို နိုင်ငံရေးအနှစ်သာရ ပြည့်ဝစွာ ကျင်းပလိုလျှင် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးဖြစ်စဉ်များနှင့် လိုက်လျောညီထွေ ဖြစ်အောင် ကျင်းပရမည်ဖြစ်သည်။ ယခုကဲ့သို့ နိုင်ငံရေးဒီရေတက်ချိန်တွင် ဒေါ်အောင်ဆန်းစုကြည်အား လူသိရှင်ကြား ဝေဖန်တိုက်ခိုက်ခြင်းမှာ မွန်အမျိုးသားတို့၏ အကျိုးစီးပွားကို တစ်ရွေးသားမျှ အထောက်အကူ မပြုပါချေ။ မွန်အမျိုးသားအပေါင်းတို့အားလုံး နိုင်ငံရေးအသိ နိုးကြားကြပြီး ရန်သူနှင့် မဟာမိတ်ကို ကွဲကွဲပြားပြား ခွဲခြားနိုင်သည့် အသိညာဏ်နှင့် ပြည့်စုံကြပါစေဟု ဆုမွန်ကောင်းတောင်းလျက် …..မွန်အမျိုးသားတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်တိုက်ပွဲ မလွဲမသွေ အောင်မြင်ရမည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,300SubscribersSubscribe
    spot_img

    Latest posts