spot_img
Tuesday, April 16, 2024
More
    spot_img
    Homeအမြင်နှင့်သုံးသပ်ချက်သွေးချင်းတို့ညီညွတ်ရေး ဘာကြောင့်မတည်ဆောက်နိုင်

    သွေးချင်းတို့ညီညွတ်ရေး ဘာကြောင့်မတည်ဆောက်နိုင်

    -

    မင်းထက်အောင်

    “ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကြွယ်၏”

    တိုင်းရေးပြည်ရေးတွေကို ခန့်မှန်းအကဲခတ်ရတာ ခက်လွန်းလို့ ရှေးပညာရှိကြီးတွေရဲ့ ဆိုရိုးစကားရှိခဲ့သလိုဘဲ ၂၀၁၀ ရွေးကောက်ပွဲဝင်ရေး၊ မဝင်ရေး တိုင်းရင်းသားတွေတိုင်းမှာ အမြင် ၂ မျိုးကွဲခဲ့ရ ကြုံဆုံခဲ့ကြရပါတယ်။ ခုဆို ၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့လို့မှားတယ်၊ ၂၀၁၀ ရွေးကောက်ပွဲမဝင်မိလို့မှားတယ် ဆိုပြီး ဘယ်သူတွေကလည်း ထောက်ပြကြမှာ မဟုတ်ပါ၊ ရွေးကောက်ပွဲဝင်သူဖက်ရော မဝင်သူဖက်ကပါ အခုလိုလက်ရှိကာလတွေမှာ အားလုံးမှန်ကန်နေတယ်လို့ ရှုမြင်ကြပါတယ်။ အစိုးရဘက်ထောက်ခံသူရော အတိုက်အခံတွေကပါ အခုလိုကာလတွေမှာ “Win+Win” ဖြစ်နေတယ်လို့ ဆိုရမှာပါဘဲ။ ဒါကြောင့်လည်း လက်ရှိမြန်မာ့နိုင်ငံရေး အခင်းအကျင်းတွေဟာ အတိတ်ကာလတွေကလို ငါ့အမြင်နဲ့မတူ ငါ့ရန်သူဆိုပြီး “ဖမ်းဟယ်ဆီးဟယ်” အဖြစ်မျိုးတွေကနေ လွတ်ကင်းနေသလို ဖြစ်ဟန်ရှိနေပါပြီ။

    ယခင် ၁၉၉၀ ရွေးကောက်ပွဲဝင်ခဲ့ကြတာ မဲအပြတ်အနိုင်ရခဲ့ပေမယ့်လည်း အာဏာအပ်နှင်းဆက်ခံခွင့်မရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့အတူ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ALD နဲ့ မွန်အမျိုးသာဒီမိုကရေစီအဖွဲ့ MNDF တို့အနေနဲ့ ဒီအတိုင်း ၂၀၁၀ ရွေးကောက်ပွဲ နောက်တကြိမ်ထပ်ဝင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ကိစ္စပါ။ မဲအနိုင်ရရှိခဲ့တာကို အာဏာမလွှဲအပ်ပေးတဲ့အပြင် အနှစ် ၂၀ ကြာကာလအတွင်း ပါတီခေါင်းဆောင်တွေကို စစ်အာဏာရှင်တွေ မတရားဖမ်းဆီးထောင်ချခဲ့တာ မနေ့တနေ့က ဖြစ်ရပ်တွေလိုပါဘဲ။ ဒါကြောင့် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြတယ်လို့ မြင်မိပါတယ်။

    တဖက်မှလည်း ၂၀၁၀ ရွေးကောက်ပွဲမဝင်ရင် လွှတ်တော်တွင်း မိမိတိုင်းရင်းသားအရေး ရှိမဲ့မရှိမဲ့ရပိုင်ခွင့်တွေ ဆုံးရှုံးနစ်နာသွားမှာစိုးလို့ နာဂစ်ဖွဲ့စည်းပုံကို အပြည့်အဝမထောက်ခံလိုသော်ငြား သက်ဆိုင်ရာတိုင်းရင်းသား မျိုးချစ်ခေါင်းဆောင်တွေ ပြန်လည်စုဖွဲ့ပြီးပါတီဖွဲ့ကြပါတယ်။ ကရင်-ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ PSDP ၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ RNDP၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီAMDP၊ ချင်းတိုးတက်ရေးပါတီ CPP ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP နဲ့ အခြားတိုင်းရင်းသားပါတီတွေက ၂၀၁၀ ရွေးကောက်ပွဲဝင်ကြ၊ ဒီလိုနဲ့ လွှတ်တော်အသီးသီးရောက်သူတွေကရောက်နေပြီး အချို့ဆိုရင် ပြည်နယ်အစိုးရအဖွဲ့ဝင်တွေအထိ အသိအမှတ်ပြုခံခဲ့ကြရပါတယ်။

    ဒီလိုအတိုက်အခံပါတီတွေက ၂၀၁၀ ရွေးကောက်ပွဲမဝင် သပိတ်မှောက်လိုက်တာကလည်း ဒီမိုကရေစီပန်းတိုင်ကို ချီတက်နေတယ်ဆိုတာ အသံသာမြည်ပြီး အဆံမပါတဲ့ သင်္ကြန်အမြှောက်လိုပါဘဲတဲ့။ နိုင်ငံတကာအမြင်ကလည်း လက်မခံနိုင်၊ နောက်ဆုံးအနေအထားတခုမှာ အစိုးရနဲ့အတိုက်အခံ နှစ်ဖက်ဖြေလျော့ပေး ဆွေးနွေးမှုတွေနဲ့အတူ NLD နဲ့ ၁၉၉၀ တိုင်းရင်းသားပါတီတွေ ပြန်လည်မှတ်ပုံတင်ကြပါတယ်။ ဒီလိုနဲ့ ၂၀၁၀ ရွေးကောက်ပွဲအပြီး သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း တိုင်းရင်သားတွေမှာက ၂ ပါတီဆိုပြီး အပြိုင်အဆိုင် အလိုလိုဖြစ်သွားရတာပါ။

    ၂၀ဝ၈ ခုနှစ် နာဂစ်မုန်တိုင်းတိုက်ခတ်ချိန် သိန်းသန်းမကသောပြည်သူတွေ ဒုက္ခပင်လယ်ဝေနေချိန် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေးကိုဘဲ နိုင်ငံဦးဆောင်သူတွေ ဦးစားပေးလုပ်ဆောင်ခဲ့တဲ့အတွက် နာဂစ်ဖွဲ့စည်းပုံလို့ အမည်သညာခေါ်တွင်ကြပါတယ်။ ဒီချုပ် NLD နဲ့ တိုင်းရင်းသားပါတီတွေ ယခင်အစဉ်အမြဲထောက်ပြခဲ့တဲ့အတိုင်း ခုဆိုရင်ဒီဖွဲ့စည်းပုံကို ပြင်ဆင်ဖို့လိုအပ်နေတယ်လို့ အာဏာရပြည်ခိုင်ဖြိုးပါတီ်အစ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေကလည်း လက်ခံပြောဆိုနေကြပါပြီ။ ဒီနေရာမှာ ပြင်ဆင်ဖို့ပြောတာချင်းတူကြပေမယ့် ပြင်ဆင်ကြမယ့်ပုဒ်မအမျိုးမျိုးတွေထဲ အငြင်းပွားစရာတွေရှိနေဆဲပါ။ ဘယ်ကစပြင်မလဲဆိုတာ အမျိုးမျိုးအထွေထွေ ကွဲပြားနေတုန်းပါ။

    ပြည်ထောင်စုလွှတ်တော်က ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့မှာ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးပူးပေါင်းကော်မတီကို လွှတ်တော်ကိုယ်စားလှယ် ၁၀၉ ဦးနဲ့ ဖွဲ့စည်းခဲ့ပါပြီ။ လက်ရှိမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ပြည်တွင်း၊ ပြည်ပ အကြံပြုချက်သုံးသိန်းကျော်ကို ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီက အဖွဲ့ငါးဖွဲ့နဲ့လေ့လာသုံးသပ်သွားမယ်လို့ ကြေညာထားပါတယ်။ အကြံပြုချက် ၃ သိန်းကျော်ဆိုတော့ အချိန်ဘယ်လောက်ယူရမှာလဲ။ စဉ်းစားစရာတော့ ဖြစ်နေကုန်ပြီ။

    တဖက်မှာလည်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကတော့ ကမ္ဘာပေါ်မှာ ဒီလောက်ပြင်ဖို့ခက်ခဲတဲ့ဖွဲ့စည်းပုံကို လုံးဝမယူတော့ဘဲ မြန်မာပြည်ပြုပြင်ပြောင်းလဲရေး၊ ဖက်ဒရယ်နိုင်ငံတည်ဆောက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအသစ်ရေးဆွဲတာမြန်ဆန်မယ်လို့ ထုတ်ပြန်ထားပါတယ်။ ဘယ်လိုဘဲဆိုစေကာမူ ဒီနာဂစ်ဂြိုလ်ကောင် ဖွဲ့စည်းပုံကို ဘယ်အချိန်မှာ ဘယ်လိုကိုင်တွယ်ကြမလဲဆိုတာကို ခုထိယတိပြတ်အဖြေမထုတ်နိုင်သေးပါ။ စစ်တပ်ကလည်း ၂၀ဝ၈ ဖွဲ့စည်းပုံကို ကာကွယ်ဖို့ သူမှာတာဝန်ရှိတယ်လို့ ခဏခဏဆိုနေပြန်ပါတယ်။

    တိုင်းရင်းသားတွေထဲ ၂ ပါတီဖြစ်နေကြတာပြဿနာလို့မြင်ပါတယ်၊ အထူးသဖြင့် စည်းလုံးညီညွတ်မှု ပြိုကွဲနေသလို ခံစားနေကြရပြီး ၂၀၁၅ ရွေးကောက်ပွဲကို ဒီအတိုင်း ၂ ပါတီအပြိုင်အဆိုင်ဝင်ရင်လည်း မိမိအချင်းချင်းအကွဲအပြဲဖြစ်နေတော့ တိုင်းရင်းသားတွေဘက်ကမဲရှုံနိမ့်မှာ သေချာနေပါတယ်။ ဒါကြောင့်လည်း နယ်ပယ်အသီးသီးက မျိုးချစ်ပုဂ္ဂိုလ်တွေက သူတို့တိုင်းရင်းသားတစ်ပါတီပေါင်းစည်းရေးအတွက် တွန်းအားပေးကြပါတယ်။ တစ်ပါတီဖြစ်မှလည်း စုစည်းညီညွတ်မှုရှိမယ်လို့ ဆိုပါတယ်။

    ကရင်ပြည်သူ့ပါတီ-KPP ဥက္ကဌ စောထွန်းအောင်မြင့်က “ကရင်နိုင်ငံရေးပါတီတွေ ပူးပေါင်းတာ ကောင်းပါ တယ်။ ဆန္ဒလည်း ရှိပါ တယ်။ ပါတီပေါင်းဖို့က ဗြုန်းခနဲကြည့်ရင်တော့ လွယ်တယ်ဗျ။ ဒါပေမယ့် တည်ထောင်ပြီးသား ပါတီကို ဖျက်ရမယ်။ ပါတီဝင်တွေ အားလုံးနှုတ်ထွက်ရမယ်။ ပြီးမှနောက် ပါတီတစ်ခုပြန်ဖွဲ့၊ ပါတီပြန်ပြီးထူထောင်၊ တကယ်လက်တွေ့မှာတော့ နည်းနည်းလေး အခက်အခဲလေးတွေ ရှိပါတယ်”လို့ ဆိုပါတယ်။

    ရွေးကောက်ပွဲကော်မရှင်ဥပဒေမှာက KPP ဥက္ကဌ စောထွန်းအောင်မြင့် ပြောဆိုသလို ၂ ပါတီဖျက်ပြီး အသစ်ဖွဲ့ဖို့မလိုပါ၊ ၂ ပါတီပေါင်းမယ်လို့ ကော်မရှင်ကိုတင်ပြရင် ပါတီအမည်သစ်ကျလာတဲ့အခါ ယခင်ပါတီနာမည်တွေ အလိုလိုပျက်ပြယ်သွားမယ်လို့ နည်းဥပဒေတွေမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။ လက်ရှိကရင်တိုင်းရင်းသားတွေမှာ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ PSDP ၊ ကရင်ပြည်သူ့ပါတီ KPP ၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ KSDDP နှင့် ကရင်ဒီမိုကရက်တစ်ပါတီ KDP ဆိုပြီး ၄ ပါတီရှိနေရပါတယ်။

    သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပြောခွင့်ရ စိုင်းလိတ်ကလည်း “ကိုယ်ရေးကိုယ်တာနဲ့ ပါတီအရေးဆို ပါတီကိုဦးစားပေးမယ်။ ပါတီနဲ့ အမျိုးသားရေးဆို အမျိုးသားရေးကို ဦးစားပေးမယ်။ မိမိအမျိုးသားရေးကောင်းစားဖို့ စည်းလုံးညီညွတ်ဖို့အတွက် ပါတီပေါင်းစည်းဖို့ လိုအပ်ရင်ပါတီ ဖျက်သိမ်းသင့်ရင်လဲ ဖျက်သိမ်းမယ်”လို့ သျှမ်းသံတော်ဆင့်သတင်းဌာနကို ပြောခဲ့ပါတယ်။၂၀၁၂ ခုနှစ်နှောင်းပိုင်းမှာ သျှမ်းလူငယ်တွေစစ်တမ်းကောက်ယူတာ ၉၀ ရာခိုင်နှုန်းကျော်က ကျားဖြူSNDP နဲ့ ကျားခေါင်းပါတီ SNLD ပေါင်းစည်းဖို့ ဆန္ဒရှိကြတယ်လို့ သိရပါတယ်။

    ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP ကျားဖြူပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် စိုင်းစံမင်းက“ရှမ်းပါတီတွေ ပေါင်းစည်းရေးကိစ္စကိုပဲ အဓိကရည်ရွယ်ပြီးဆုံးဖြတ်တာပါ။ လောလောဆယ် ကျားဖြူနာမည်ကို ဖျက်ဖို့အစီစဉ်မရှိဘူး။ ကျားခေါင်း ပါတီကတော့ သူတို့ပါတီနာမည်ဖျက်ရပါစေ။ နှစ်ပါတီကို တစ်ပါတီဖြစ်အောင်လုပ်မယ်လို့ စိုင်းညွန့်လွင်က သူတို့ပါတီစာစောင်မှာရှမ်းဘာသာလိုရေးထားတယ်”လို့ ဆိုတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီ ၉ ရက်နေ့ ကျားဖြူပါတီတတိယအကြိမ်ညီလာခံကနေ ဘယ်လိုအကြောင်းကြောင့်မဆို ကျားဖြူပါတီကို ဖျက်သိမ်းမှာမဟုတ်ဘူးဆိုတာကို ဆုံးဖြတ်ခဲ့ပြီးပါပြီ။

    ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNLD ဒု-ဥက္ကဋ္ဌ ဦးစိုင်းဆောင်စီက “ပါတီချင်း ပူးပေါင်းတာထက် လုပ်ဆောင်ချက်ခြင်း ပူးပေါင်းတာက ပိုထိရောက်မယ်လို့ထင်တယ်၊ တိုင်းရင်းသားပါတီချင်းတူတယ်ဆိုပေမယ့် ပါတီတစ်ခုချင်းစီရဲ့ နိုင်ငံရေးရပ်တည်မှုခြင်း မတူရင်ပူးပေါင်းဖို့မလွယ်ကူဘူး”လို့ ဆိုပါတယ်။

    ချင်းတိုးတက်ရေးပါတီ CPP အတွင်းရေးမှူး(၁) ဦးဒိုင်ထုန်းက “ပေါင်းချင်သူနဲ့ မပေါင်းချင်သူဆိုပြီးရှိနေတယ်၊ ကျနော်က CPP ကနေ ထွက်မယ်၊ ချင်းအမျိုးသားပါတီ CNP ကလည်း ကျနော်တို့နဲ့ ပူးပေါင်းရင် CNPP နာမည်ခံယူပြီးတော့ နာမည်ပြောင်းမယ်၊ ပါတီသစ်နာမည်ကတော့ CNPP-Chin National Progressive Party အနေနဲ့ရပ်တည်မယ်’’လို့ ဆိုပါတယ်။

    လက်ရှိမှာ ချင်းနဲ့ မွန်တို့အနေအထားက ဆင်တူနေပါတယ်။ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP ခေါင်းဆောင်တချို့နဲ့ မွန်ဒီမိုကရေစီပါတီ MDP ပါတီတို့ ပေါင်းစည်းပြီး မွန်အမျိုးသားပါတီ Mon National Party-MNP တည်ထောင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် AMDP ပါတီဖျက်သိမ်းမှာမဟုတ်တဲ့အတွက် မွန် ၂ ပါတီ ဆက်ရှိနေမှာဖြစ်သလို ချင်းတိုင်းရင်းသားတွေမှာလည်း ချင်းအမျိုးသားတိုးတက်ရေးပါတီ CNPP နဲ့ ချင်းတိုးတက်ရေးပါတီ CPP ဆိုပြီး ၂ ပါတီကဆက်ရှိနေမှာပါ။

    ဒီလိုပေါင်းစည်းရေးသံသရာဖြစ်စဉ်မှာ အပြတ်သားဆုံးက ရခိုင်တိုင်းရင်းသားတွေပါဘဲ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီကိုယ်စားလှယ် ၁၅ ဦးနဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ RNDP ကိုယ်စားလှယ် ၁၅ ဦးတို့ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့မှာ နှစ်ပါတီပေါင်းစည်းဖို့ဆုံးဖြတ်ချက်ချမှတ်ကာ ရခိုင်အမျိုးသားပါတီ ANP အဖြစ်သတ်မှတ်ခဲ့ပြီးပါပြီ။

    လွန်ခဲ့တဲ့ဒီဇင်ဘာ ၁၃ ရက်နေ့ သာယာဝတီမြို့လူထုတွေ့ဆုံဆွေးနွေးပွဲမှာ ၂၀၁၅ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က “ဒီရွေးကောက်ပွဲက အရမ်းစွန့်စားရတဲ့ အရာတခုပါ။ အဲဒါကို မပြင်နိုင်ဘူးဆိုရင် ပြည်သူကို ကိုယ်စားပြုရမယ့် ကျမအတွက် ဘာမှဂုဏ်သိက္ခာရှိမှာ မဟုတ်ဘူး။ အဲဒါအတွက် ကျမ မဝင်ချင်ဘူး။ ဒါ့ကြောင့် ဂုဏ်သိက္ခာရှိတဲ့ သူတွေအနေနဲ့လည်း ဒီဖွဲ့စည်းပုံနဲ့တော့ မဝင်သင့်ဘူး” လို့ ဆိုခဲ့ပါတယ်။ လက်ရှိဖွဲ့စည်းပုံကို အစိုးရဘက်ကလည်း မပြင်ဘူးလို့မပြောပေမယ့်လည်း ပြင်ဆင်လိုတဲ့အချက်တွေက ထပ်တူဖြစ်နိုင်ပါ့မလား။ အဲဒီလို လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ ငြင်းခုံပြောဆိုနေကြချိန်မှာဘဲ ၂၀၁၅ ဆိုတာ နောက်ပြက္ခဒိန်သစ်တစ်ခုပဲလို့ သတိထားစေချင်ပါတယ်။

    ၂၀၁၄ ခုနှစ်ထဲမှာ UNFC ခေါင်းဆောင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရငြိမ်းချမ်းရေး စကားဝိုင်း အောင်မြင်ပြီးပြတ်နိုင်ပါ့မလား၊ အကယ်၍ ငြိမ်းချမ်းရေးပျက်ပြယ်ခဲ့သည်ရှိသော် လက်ရှိနိုင်ငံရေးအခင်းအကျင်းက နောက်ပြန်မလှည့်နိုင်တော့ဘူးလား၊ လက်ရှိ မြန်မာ့ဒီမိုကရေစီအရွေ့ဟာ အပေါ်ယံဟန်ပြတွေလား၊ ပုလင်းဟောင်းထဲကအရက် ပုလင်းသစ်ထဲပြောင်းထည့်သလို အသွင်သဏ္ဍာန်ဘဲပြောင်းလဲပြီးအနှစ်သာရ မပြောင်းလဲဘူးဆိုလား၊ ၂၀၁၅ ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည် မဝင်ခဲ့လျင် “သို့လောသို့လော” များစွာ တွေးတောစရာ မေးခွန်းတွေ ရှိနေပြန်ပါတယ်။

    ဒီနေရာမှာ လက်ရှိတိုင်းရင်းသားပါတီတွေကိုအကြံပြုလိုတာက ပါတီပေါင်းစည်းရေးထက် ၂၀ဝ၈ အခြေခံဥပဒေပြင်ဆင်ရေးမှာ တဖက်နဲ့တဖက် အမြင်တထပ်တသားတည်းကျနေပြီလား၊ ပြင်ဆင်လိုတဲ့အချက်တွေနဲ့ပတ်သက်ပြီး မိမိတို့တိုင်းရင်းသားအချင်းချင်း အမြင်တွေနှီးနှောဖလှယ်နေကြပြီလား၊ ဘယ်အချက်တွေကမတူ၊ မတူကြတာကို ဘယ်လိုကျော်ဖြတ်သွားမှာလဲ၊ ဒီနေရာမှာ ၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီတွေဟာ ၂၀၁၅ ရွေးကောက်ပွဲမဝင်ဖို့ စဉ်းစားနေမှာမဟုတ်ပါ၊ ၂၀ဝ၈ ပြင်ချင်ပြင်၊ မပြင်ရင်မပြင် ၂၀၁၅ ကိုတော့ ဝင်ကြမှာပါဘဲ။ သို့သော် ၂၀၁၀ ရွေးကောက်ပွဲမဝင်ခဲ့တဲ့ တိုင်းရင်းသားပါတီတွေ ဖွဲ့စည်းပုံကို သူတို့စိတ်ကြိုက်မပြင်တဲ့အတွက် ရွေးကောက်ပွဲဝင်မယ်၊ မဝင်မှာကိုတော့ ခေါင်းခဲစရာတွေနဲ့ ကြုံနေရဦးမှာ မလွဲပါ။

    မိမိတိုင်းရင်းသားတွေထဲမှာ ညီညွတ်ရေးမလိုလားသူ ဘယ်သူရှိမှာလဲ။ မျိုးချစ်ခေါင်းဆောင်တွေလို့လည်း အများတကာက အသိအမှတ်ပြုခဲ့ကြတာပဲမဟုတ်လား၊ ဘာကြောင့်အမြင်ကွဲလွဲနေရတာလဲ၊ ဒီလိုဆိုတော့လည်း ဒီမိုကရေစီမှာ မတူညီတဲ့အမြင်ကို အသိအမှတ်ပြု လက်ခံနိုင်ရပါမယ်၊ တဖက်နဲ့တဖက် အပြန်အလှန်အသိအမှတ် ပြုကြရပါတယ်၊ ငါနဲ့အမြင်မတူ ငါ့ရန်သူဆိုပြီး နင်ပဲငဆလုပ်လို့မရပါ။ ၂၀ဝ၈ နာဂစ်ဒီရေလှိုင်းရိုက်ခတ်မှုကြောင့် တိုင်းရင်းသားတွေ အမြင်သဘောထားအမျိုးမျိုး ကွဲလွဲနေကြပါတယ်။ လောလောဆယ် ဒီဖွဲ့စည်းပုံပါ အချက်အလက်တော်တော်များများဟာ လက်မခံနိုင်တဲ့ ဥပဒေပုဒ်မတွေဖြစ်နေတာမို့ အမြင်သဘောထားတွေ မတူကြတာဖြစ်တယ်။ ဒါကြောင့် ညီညွတ်ရေးကို စိတ်ပိုင်းရော ရုပ်ပိုင်းအရပါ မတည်ဆောက်နိုင်သေးတာပါ။ လက်ရှိဖွဲ့စည်းပုံကို အသစ်ပဲရေးရေး အဟောင်းကိုပဲပြင်ပြင် မပါဝင်သင့်တဲ့ ဥပဒေအချက်အလက်တွေ ဖွဲ့စည်းပုံထဲ ထည့်သွင်းမထားရှိဖို့က အဓိကပါဘဲ။ တခုမေးချင်တာက သွေးချင်းတို့ မိမိတိုင်းရင်းသားအချင်းချင်း ညီညွတ်ရေးကို ဘယ်အရာတွေက အတားအဆီးတွေ ဖြစ်နေပါသလဲ။

    ဒါကြောင့် တိုလိုရှင်းနဲ့ချုပ်လိုက်မယ်ဆိုရင် တိုင်းရေးပြည်ရေး နိုင်ငံရေးဆိုတဲ့ အနာဂတ်ကို အကဲခတ်ပြောဆိုနိုင်ဖို့ဆိုတာ ““ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကြွယ်၏” လို့ပဲ ပြောလိုက်ပါရစေ။

    BNI အဖွဲ့ဝင်တိုင်းရင်းသားသတင်းဌာနတွေက
    လွတ်လပ်သောမွန်သတင်းအေဂျင်စီ(IMNA)
    ရွှေဟင်္သာသတင်းဌာန
    ကရင်သတင်းစဉ်(KIC)
    ခိုနုမ်းထုန်(ချင်း)သတင်းဌာန
    သျှမ်းသံတော်ဆင့်
    နိရဉ္စရာ(ရခိုင်)သတင်းဌာန
    မဇ္ဇျိမသတင်းဌာန

    သတင်းဖေါ်ပြချက်များကို ကိုးကားပါသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,300SubscribersSubscribe
    spot_img

    Latest posts