spot_img
Friday, March 29, 2024
More
    spot_img
    Homeဆောင်းပါးမွန်လွှတ်တော်သစ်တည်ဆောက်ရေး၊ အမျိုးသားရေးလက္ခဏာနှင့် ပြည်သူ့အကျိုး

    မွန်လွှတ်တော်သစ်တည်ဆောက်ရေး၊ အမျိုးသားရေးလက္ခဏာနှင့် ပြည်သူ့အကျိုး

    -

    သံလွင်အေး

    မျက်မှောက်ခေတ်မွန်လွှတ်တော်အခြေအနေ

    လက်ရှိမွန်ပြည်နယ်လွှတ်တော်(internet)
    လက်ရှိမွန်ပြည်နယ်လွှတ်တော်(internet)
    ၂၀၁၀ အရပ်သားအစိုးရတက်လာတော့ ဖက်ဒရယ်ယောင်ယောင် အခြေခံဥပဒေအရ ပြည်ထောင်စု လွှတ်တော်တွေအပြင် ပြည်နယ်တွေမှာလည်း လွှတ်တော်တွေပေါ်လာသည်။ ပြောရမယ်ဆိုရင် ပြည်နယ်နဲ့တိုင်း (၁၄)ခုထဲမှာ ရန်ကုန်တိုင်းကလွဲရင် ဘယ်ပြည်နယ်၊ တိုင်းလွှတ်တော်ကမှ ကိုယ်ပိုင်လွှတ်တော်အဖြစ် မရှိခဲ့ဘူး။ ဘာလို့လည်းဆိုတော့ လွတ်လပ်ရေးရပြီးကတည်းက ဒီလိုအလေ့အထတွေလည်း မရှိခဲ့တော့ လွှတ်တော်တွေ လည်းမရှိဘူးပေါ့။ အများသူငါ လွှတ်တော်နည်းတူ မွန်ပြည်နယ်လွှတ်တော်ကလည်း ယခင်ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ယခုမွန်ပြည်နယ် အစိုးရအဖွဲ့ ရုံးဝင်းအတွင်း အနောက်ဘက်ပိုင်းက ဧည့်ခန်းဆောင်ခန်းမ ကို လွှတ်တော်အဖြစ် အသုံးပြုနေရတာပါ။ ကျွန်တော့်အနေနဲ့ ဘယ်လိုမှဘဝင်မကျခဲ့ရိုး အမှန်ပါ။ လွှတ်တော် ကျင်းပချိန်ဆို လွှတ်တော်ပုံစံပြင်ဆင်လိုက်၊ လွှတ်တော်မရှိချိန်ဆို ဧည့်ခန်းဆောင်လိုပြင်လိုက်နဲ့ ဖြစ်ကတတ်ဆန်း ဖြစ်နေခဲ့တာ အခုဆိုရင် လ(၃၀)တောင်ကျော်ခဲ့ပြီပေါ့။ လွှတ်တော် ဥက္ကဌရုံးခန်းကလည်း ခန့်ညားမှုမရှိ၊ လွှတ်တော်ရုံး အဖွဲ့ကလည်း အဆင်ပြေတဲ့နေရာဝင်ယူနဲ့ ပြောရရင် လွှတ်တော်ဥက္ကဌတောင် အစိုးရအဖွဲ့ရဲ့ တထစ်ချနှိမ့်ချ ဆက်ဆံခံနေရတာမြင်တော့ ဒါမဖြစ်သင့်ပေဘူးပေါ့။

    လွှတ်တော်များ၏ ကိုယ်ပိုင်သရုပ်
    လွှတ်တော်ဆိုသည်မှာ (၁) ပြည်သူအားလုံးအတွက် သူတို့ရဲ့ကိုယ်စားလှယ်တွေက ပြည့်သူ့ဘက်က ရပ်တည်ပြီး ဆွေးနွေးပြောဆိုရတဲ့နေရာ (၂) ပြည်သူအားလုံးကို အကာအကွယ်ပြုမယ့်၊ ပြည်သူတွေအားလုံး အတွက် အဆင်ပြေချောမွေ့စေမယ့် ဥပဒေတွေပြုရတဲ့နေရာ (၃) လွှတ်တော်ဆိုတာ သက်ဆိုင်ရာ နိုင်ငံ(သို့) သက်ဆိုင်ရာပြည်နယ်ရဲ့ ယဉ်ကျေးမှု၊ အမှတ်သရုပ်တွေနဲ့ ပြည့်လျှမ်းနေရမယ့်နေရာ (၄) လွှတ်တော်ဆိုတာ ပြည်သူကိုယ်စားလှယ်တွေဆွေးနွေးနေမှုကို ပြည်သူတွေဝင်ရောက်နားထောင်ခွင့်ရှိတဲ့နေရာ (၅) လွှတ်တော်ဆို တာ ဂုဏ်သိက္ခာကြီးမားခန့်ထည်စွာရှိရမယ့်နေရာလို့ ကျွန်တော်အဓိပ္ပါယ်ဖွင့်ချင်ပါတယ်။ ကျွန်တော်နိုင်ငံ(၄) နိုင်ငံရဲ့ လွှတ်တော်တွေကို သွားရောက်လေ့လာဖူးပါတယ်။
    အဲဒီလွှတ်တော်တွေအားလုံးဟာ မြန်မာနိုင်ငံပြည် ထောင်စုလွှတ်တော်လို၊မြန်မာနိုင်ငံကပြည်နယ်လွှတ်တော်လို တစ်ယောက်ကို တစ်ယောက်ကျောခိုင်းထားတဲ့ ပုံစံမျိုးမဟုတ်ပါဘူး။လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးဟာ စက်ဝိုင်းပုံသဏ္ဍာန်နဲ့ အားလုံးမျက်နှာခြင်းဆိုင် မြင်ရအောင်ဖန်တီးတည်ဆောက်ထားတာပါ။ သဘောကတော့ လွှတ်တော်ကိုယ်စားလှယ်အချင်းချင်း အပြန် အလှန်နီးနီးစပ်စပ်နဲ့ အားလုံးအာရုံစိုက်ဆွေးနွေးလို့ရအောင် ဖန်တီးထားတာပါ။ အဲ့ဒီလွှတ်တော်တွေမှာ သက် ဆိုင်ရာမီဒီယာတွေအတွက် နေရာ၊ သက်ဆိုင်ရာနိုင်ငံအကြီးအကဲတွေအတွက်နေရာ၊ သက်ဆိုင်ရာသက်ကြီး ပြည်သူတွေအတွက်နေရာ၊ သက်ဆိုင်ရာလူငယ်လူရွယ်တွေအတွက်နေရာဆိုပြီး သီးသန့်ဖန်တီးပေးထားပါတယ် ဒါ့အပြင် သက်ဆိုင်ရာနိုင်ငံတွေရဲ့ သရုပ်လက္ခဏာတွေကို အပြည့်အဝချယ်မှုန်းထားတာတွေကို တွေ့ရပါတယ်။

    လွှတ်တော်များနှင့်ကျွန်တော့်ဆန္ဒ
    မွန်ပြည်နယ်လွှတ်တော်ကို ကျွန်တော့်စိတ်ကူးထဲတွင် အကြိမ်ကြိမ်ပုံဖော်ကြည့်မိခဲ့ဖူးသည်။ (၁) မွန် ပြည်နယ်လွှတ်တော်သည် သီးခြားရှိနေရမည်။ (၂) မွန်ပြည်နယ်လွှတ်တော်သည် မွန်တို့၏ အမှတ်သရုပ်များဖြင့် ပြည့်လျှမ်းနေရမည်။ (၃) မွန်ပြည်နယ်လွှတ်တော်သည် မွန်ပြည်နယ်ရှိ ပြည်သူလူထုအားလုံးသာမက မြန်မာ တစ်နိုင်ငံလုံးရှိ ပြည်သူလူထုအားလုံးသာမက ကမ္ဘာ့နိုင်ငံအသီးသီးကပင် အားကျဂုဏ်ယူနိုင် သည့်အနေအထားမျိုးရှိရပါမည်။ ဒါတွေက ယခင်ကဆန္ဒ။ ယခုက ထိုဆန္ဒထက်ပိုမိုပြင်းပြလာသည်က မွန်ပြည် နယ်လွှတ်တော် တည်ရှိသင့်သည့်နေရာနှင့် မွန်ပြည်နယ်လွှတ်တော်၏ ဒီဇိုင်း။ ဒါတွေကို ဘယ်လိုပုံဖော်မလဲ။ ကျွန်တော့်တစ်ဦးတည်းဆန္ဒအရ မွန်ပြည်နယ်လွှတ်တော်သည် မော်လမြိုင်မြို့၊ ကမ်းနားလမ်းတွင်ရှိသင့်သည် ဟုထင်သည်။ ဒါကလည်း ကျွန်တော့်၏ အနာဂတ်မြို့ပြတည်ဆောက်ရေးအခြေအနေပေါ်တွင် တည်မှီစဉ်းစား ထားခြင်းဖြစ်သည်။ ဒါကဖြစ်နိုင်ခြေနည်းသည်။ လက်ရှိကမ်းနားလမ်းတစ်လျှောက် မြေနေရာလွတ်မရှိ သ လောက်ပင်။ ကမ်းနားလမ်းတွင်ပင် တစ်ချို့ဖြစ်နိုင်ခြေရှိသောနေရာတွေရှိသည်။

    သို့သော်လည်း လက်ရှိနေထိုင် သူများနှင့် အကြေအလည်ညှိနှိုင်းရမည်။ ဒါကလည်း အခက်အခဲတစ်ခုပင်။ ဘယ်လိုပဲဖြစ်ဖြစ်နေရာအတွက် မြို့ သူမြို့သားများနှင့် တိုင်ပင်ခြင်းက ပိုသင့်တော်မည်ထင်သည်။ နောက်ထပ်တစ်ခုက ဒီဇိုင်း။ မွန်ပြည်နယ်လွှတ် တော်ကို ဘယ်လိုဒီဇိုင်းဖြင့် တည်ဆောက်မည်လဲ။ ကျွန်တော် မွန်တို့ရဲ့ယဉ်ကျေးမှုတွေကို လိုက်လေ့လာမိ သည့်။ ယခင်က မွန်တို့ရဲ့ မြို့ပြတည်ဆောက်မှုပုံစံ ဘယ်လိုရှိခဲ့သလဲ။ ပုဂံတွင်လည်း သွားရောက်လေ့လာခဲ့သည်။ ဘားအံက ကော့ဂွန်းဂူကိုလည်း သွားရောက်လေ့လာခဲ့သည်။ ထိုင်းက အနုလက်ရာတွေလည်းလေ့လာ ဖြစ်ခဲ့သည်။ နောက်ဆုံး ကမ္ဘောဒီယားနိုင်ငံ၊ ဖနွမ်ပင်မြို့ရှိ ဘုရင့်နန်းတော်ကိုလည်းသွားရောက်လေ့လာကြည့်မိ ခဲ့သည်။ အနှစ်ချုပ်ပုံစံတစ်မျိုးခေါင်းထဲရောက်လာသော်လည်း အပြည့်အဝပုံစံမပေါ်သေးပါ။ လွှတ်တော် ဒီဇိုင်းသည် ယဉ်ကျေးမှုများနှင့် ပြည့်နှက်ယုံသာမက ခေတ်မီဆန်းသစ်သော တည်ဆောက်မှုပုံစံမျိုးလည်းဖြစ် သင့်သည်။ ကျွန်တော်တို့အားနှင့် စဉ်းစားသည်ထက် ဗိသုကာပညာရှင်များနှင့် တိုင်ပင်ခြင်းက ပိုမိုသင့်တော် မည်ထင်သည်။

    လက်ရှိမွန်ပြည်နယ်လွှတ်တော်အသစ်တည်ဆောက်ရေးနှင့် ကျွန်တော်၏စိုးရိမ်မှု
    (၃-၁-၂၀၁၄)ရက်နေ့က The Voice Weekly တွင် ပါသော မွန်ပြည်နယ်လွှတ်တော်နှင့်သက်ဆိုင်သည့် သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရသည်။ မွန်ပြည်နယ်လွှတ်တော်အသစ်တည်ဆောက်မည်။ ထိုလွှတ်တော်တွင် ပြည်သူများဆန္ဒဖော်ထုတ်ရန်နေရာပါထားပေးမည်ဟု ဖတ်ရသည်။ လွှတ်တော်သစ်တည်ဆောက်ရန် သိန်း(၄၅၀ဝ)ကုန်ကျခံမည်။ မော်လမြိုင်က သံလွင်ဥယျာဉ်မှာဆောက်ဖို့ သက်ဆိုင်သူများနှင့်ညှိနှိုင်းသွားမည်ဟု ဖတ်ရသည်။ ကျွန်တော်ဝမ်းနည်း၊ ဝမ်းသာဖြစ်သွားသည်။ လွှတ်တော်အသစ်တည်ဆောက်မည်ကို သိရသဖြင့် ဝမ်းသာသွားသည်။ ဒီအစိုးရအဖွဲ့ရုံးတွင် လွှတ်တော်ရှိနေခြင်းကို ဘဝင်မကျသူများထဲတွင် ကျွန်တော်အပါ အဝင်ဖြစ်သည့်အတွက် ဝမ်းသာမိသည်။ ထို့အပြင် လွှတ်တော်တွင် ပြည်သူများဆန္ဒဖော်ထုတ်ရန်နေရာပါထား ရှိပေးမည်ကို သိရသဖြင့် ပိုမိုဝမ်းသာမိသည်။ လွှတ်တော်ဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ဆန္ဒကို လေးစားမိသည်။

    ဝမ်းနည်းမိသည်ကား သံလွင်ဥယျာဉ်မှာတည်ဆောက်မည်ဟုဆိုခြင်းပင်ဖြစ်သည်။ တတ်နိုင်လျှင် သံလွင်ဥယျာဉ်ကို မည်သို့မှ မထိမတို့စေချင်တော့ပါ။ ယခင်လုပ်ကိုင်ခွင့်ရရှိထားသော ဈေးဝယ်စင်တာကို ပင်ကျွန်တော်ပြင်းပြင်းထန်ထန်ကန့်ကွက်သည်။ အများနှင့်တစ်ယောက်ဆိုတော့ မစွမ်းသာတော့ပေ။ ယခုကိစ္စ တွင်မူကား မစွမ်းသော်လည်း ရှိသည့်အင်အားနှင့် ဖြစ်သင့်သည်များကို တိုက်တွန်းရပေတော့မည်။ လွှတ်တော် အသစ်တည်ဆောက်ရေးစဉ်းစားပုံသည် မှန်ကန်မှုရှိသည်။ သို့သော် ထိုကိစ္စအတွက် ပွင့်လင်းမြင်သာမှုရှိရှိဖြင့် အများပြည်သူပါဝင်နိုင်ရန်အတွက် ဖွင့်ပေးရမည်။ ဥပမာဆိုရလျှင် – ပြည်သူများမှ ဝင်ငွေထည့်ပေးရန် အလှူခံ လျှင်ပင် အလှူငွေမနည်းရနိုင်သည်။ ပြည်သူလူထု၏ ပူးပေါင်းမှုလည်းရနိုင်သည်။ လွှတ်တော်သည် အနာဂတ် အတွက်ဖြစ်သည်။ အနာဂတ်အတွက်စဉ်းစားသည်ဖြစ်၍ အလျှင်စလိုမလုပ်သင့်ပေ။ လွှတ်တော်တည်ဆောက် ရန်မြေနေရာရှာဖွေရေး၊ လွှတ်တော်အဆောက်အအုံဒီဇိုင်း၊ လွှတ်တော်တည်ဆောက်ရန်လိုအပ်သောငွေကြေး ကိစ္စအားလုံး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုရှိရန်လိုသည်။ လွှတ်တော်တို့၏ အရေးကြီးပုံကို လူထုသိရှိရန် ကင်ပိန်းများများလုပ်ရမည်။ ပြည်သူများမှ ယင်းတို့၏ စိတ်ဓါတ်ဖြင့် ပူးပေါင်းပါဝင်သော အုတ်တစ်ချပ်၊ သဲတစ် ပွင့်ပါဝင်နေဖို့လိုသည်။ထိုမှသာ ပြည်သူပါဝင်မှုဖြင့်တည်ဆောက်သော လွှတ်တော်ဖြစ်သည့်အတွက် ပြည်သူ များမှ တန်ဖိုးထားပေလိမ့်မယ်။ ပြည်သူများမှ ဂုဏ်ယူနေပေလိမ့်မည်။ ထိုသို့မဟုတ်ပဲ ပြည်ထောင်စုလွှတ် တော်မှ ချမှတ်လိုက်သည့် မဖြစ်စလောက်ရန်ပုံငွေဖြင့် လွှတ်တော်ကို အဆင်ပြေသောမြေနေရာတွင် အလျှင် စလိုချက်ခြင်းတည်ဆောက်မည်ဆိုလျှင် နည်းပါးသောငွေ၊ ယဉ်ကျေးမှုစိတ်အခံ မရှိသောဒီဇိုင်းဆရာနှင့် ခေတ်မှီ ဆန်းသစ်မှုကို နားမလည်သော ဆောက်လုပ်ရေးအဖွဲ့တို့၏ ပူးပေါင်းမှုဖြင့် လေးထောင့်သေတ္တာနှင့်တူသော မွန်ပြည်နယ်လွှတ်တော်ကြီးဖြစ်လာပေလိမ့်မည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် တာဝန်ယူမှုမရှိ၊ တန်ဖိုးထားမှုမရှိ၊ ပြီးလွယ်စီးလွယ်လုပ်တတ်သော ဆောက်လုပ်ရေးကုမ္ပဏီများနှင့် ဆောက်လုပ်မည်ကို အကြောက်ဆုံး ပင်ဖြစ် သည်။ ဂုဏ်ယူစရာမဖြစ်သည့်အတွက် မည်သူမှလည်း စိတ်ဝင်စားတော့မည်မဟုတ်ပေ။ ကျွန်တော်အလွန် စိုးရိမ်နေပါသည်ဟု ပြောစရာပင်ရှိသည်။

    လွှတ်တော်သစ်အိမ်မက်
    မွန်ပြည်နယ်လွှတ်တော်သစ်တွင် ခန့်ညားထည်ဝါသော လွှတ်တော်ခန်းမဆောင်ကြီးရှိနေပေလိမ့်မည်။ လွှတ်တော်တွင် နိုင်ငံခေါင်းဆောင်အကြီးအကဲများအတွက် လေ့လာစရာနေရာရှိနေပေလိမ့်မည်။ လွှတ်တော် တွင်သတင်းမီဒီယာများအတွက် သတ်မှတ်ထားသောနေရာတစ်ခုရှိနေပေလိမ့်မည်။ လွှတ်တော်တွင် အများ ပြည်သူလာရောက်လေ့လာနိုင်သော နေရာတွေရှိနေပေလိမ့်မည်။ လွှတ်တော်တွင် ကြီးမားသော လွှတ်တော် စာကြည့်တိုက်ပြီးရှိနေပေလိမ့်မည်။ လွှတ်တော်တွင် နိုင်ငံရေးပါတီအသီးသီးအတွက် ဆွေးနွေးနိုင်သော ခန်းမ ဆောင်များရှိနေပေလိမ့်မည်။ လွှတ်တော်တွင် မွန်တို့၏ယဉ်ကျေးမှုနှင့် မွန်ပြည်နယ်ရှိအခြားသောတိုင်းရင်းသား တို့၏ ယဉ်ကျေးမှုများပြည့်ဝနေသော ပြတိုက်ခန်းမများရှိနေပေလိမ့်မည်။ လွှတ်တော်တွင် နိုင်ငံတကာခေါင်း ဆောင်များအတွက် ဧည့်ခံခန်းမရှိနေပေလိမ့်မည်။ လွှတ်တော်သည် မွန်ပြည်နယ်သူ၊ ပြည်နယ်သားများဂုဏ်ယူ ဝံ့ကြွားနိုင်သောနေရာဖြစ်နေပေလိမ့်မည်။ လွှတ်တော်သို့လာရောက်လည်ပတ်သော နိုင်ငံခြားသားများထံမှ ဝင်ငွေများရရှိနိုင်သကဲ့သို့ မွန်ပြည်နယ်သူ ပြည်နယ်သားမဟုတ်သူများထံမှလည်း ဝင်ငွေများရရှိနိုင်သည်။ လွှတ် တော်သို့လာရောက်လေ့လာသော ကျောင်းသားလူငယ်များသည်လည်း အနာဂတ်ခေါင်းဆောင်များဖြစ်ရန် ခွန် အားများရနေပေလိမ့်မည်။ လွှတ်တော်တွင် ပြည်နယ်တိုးတက်ရေးအတွက်အမြဲမပြတ်ဆွေးနွေးနိုင်သော လူထုဖို ရမ်များလည်းကျင်းပနေပေလိမ့်မည်။ လွှတ်တော်တွင် ပြည်နယ်အတွက် သုတေသနနှင့် ဖွံ့ဖြိုးရေးစင်တာရှိနေ ပေလိမ့်မည်။ လွှတ်တော်တွင် ပြည်သူများ၏ဟစ်တိုင်(သို့)ပြည်သူများဆန္ဒဖော်ထုတ်နိုင်မည့် ပြည်သူ့ရင်ပြင်များ ရှိနေပေလိမ့်မည်။ ထိုအိမ်မက်များသည် ကျွန်တော်၏ ကိုယ်ပိုင်အိမ်မက်များဖြစ်သည်။ အချိန်အခါမရွေး မက် တတ်ပြီး ထိုအိမ်မက်မက်သည့်အခါတွင်လည်း ပျော်နေတတ်သည်။ ယခုကြားသိလိုက်ရသော သတင်းသည် မျှော်လင့်ချက်ပြည့်ဝနေသော အိမ်မက်တစ်ခုအဖြစ်ကနေ ဆောင်းညအိမ်မက်ဆိုးအဖြစ် ပြောင်းလဲသွားတော့ သည်။ ကျွန်တော်အိမ်မက်ဆိုးမမက်ချင်ပါ။ ကျွန်တော့်နည်းတူ အနာဂတ်လူငယ်လူရွယ်များကိုလည်း ထိုအိမ် မက်ဆိုးများ မမက်စေလိုတော့ပါ။ လွှတ်တော်ဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များစဉ်းစားကြစေလိုပါသည်။

    မွန်လူထုထံသို့ တိုက်တွန်းချက်
    ဖက်ဒရယ်စနစ်ကို လိုလားသည်ဟု ထုတ်ဖော်ပြောကြားထားသော မွန်အမျိုးသားများအတွက် ယခု မွန်ပြည်နယ်လွှတ်တော်သစ်တည်ဆောက်ရေးသည် အမျိုးသားရေးတာဝန်ဖြစ်မည်ဟု ထင်ပါသည်။ မွန်လူမျိုး တစ်ရပ်လုံးလိုလားသော ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ပြည်နယ်တစ်ခုဖြစ်လာပါက လွှတ်တော်၏ အခန်းကဏ္ဍ သည် ဒီမိုကရေစီယဉ်ကျေးမှုအတွက် မရှိမဖြစ်သောနေရာတစ်ခုအဖြစ် ရှိလာမည့်အပြင် မွန်လူမျိုးတို့အတွက် ခမ်းနားထည်ဝါသော ပြယုဂ်တစ်ခုအဖြစ် ဂုဏ်ယူစရာဖြစ်နေပေလိမ့်မည်။ ထို့အပြင် မွန်ပြည်နယ်လွှတ်တော် သစ်တည်ဆောက်ရေးတွင် မွန်လူမျိုးတို့၏ အခန်းကဏ္ဍသည် ကျယ်ကျယ်ပြန့်ပြန့်ရှိရန်လိုအပ်ပါသည်။ ကျွန် တော့်ဆန္ဒအရဆိုလျှင် မွန်လူမျိုးများဦးဆောင်သင့်ပြီး အခြားသောလူမျိုးများ၏ပါဝင်မှုဖြင့်လည်း ဆောင်ရွက်ရန် ဖြစ်စေချင်ပါသည်။ သို့မှသာ လွှတ်တော်သစ်သည် မတူခြားနားသော ပုံစံများကို စုပေါင်းထားသည့် ဒီမိုကရေစီ ယဉ်ကျေးမှုနှင့် လျှော်ညီသောလွှတ်တော်ဖြစ်နေပေလိမ့်မည်။

    နောက်ဆုံးတောင်းဆိုချက်
    ကျွန်တော်၏ ဆန္ဒကို အထက်ပါစာပိုဒ်များတွင် အပြည့်အဝတွေရမည်ဟု ယုံကြည်ပါသည်။ ထိုအိမ်မက် များကိုအကောင်အထည်ဖော်ရန် ကျွန်တော့်မှာ အင်အားမရှိပါ။ အမှောင်ခေတ်မြန်မာပြည်တွင် လူအများပြော ဆိုကြသည့်စကားကဲ့သို့ပင် မြင့်မိုရ်တောင်ကို ဆီးစေ့နှင့်ပေါက်သည့်ကိစ္စပင်ဖြစ်သည်။ သို့သော် ပြောရမည့် တာဝန်မှာ ပြည်သူထဲကတစ်ယောက်ဖြစ်သော ကျွန်တော်၏တာဝန်ဖြစ်သည်ဟု ယူဆပါသည်။ ထို့အတွက်ပြော သင့်သည်များကို ပွင့်ပွင့်လင်းလင်းပြောပါသည်။ အကောင်းဖြစ်ရန်မျှော်လင့်သော်လည်း အဆိုးဆုံးကိုကြိုတွက် ထားပါသည်။ ကျွန်တော့်ဆန္ဒသည် ကျွန်တော့်အတွက်မဟုတ်ပါ။ အများပြည်သူအတွက်စဉ်းစားခြင်းဖြစ်သော ကြောင့် ကျွန်တော်တောင်းဆိုမှုတွေဆက်တိုက်လုပ်ပါမည်။ နောက်ဆုံးတောင်းဆိုချက်များဖြစ်သော –
    (၁) မွန်ပြည်နယ်လွှတ်တော်သစ်တည်ဆောက်ရေးကို အလျှင်စလိုမလုပ်ရန်။
    (၂) မွန်ပြည်နယ်လွှတ်တော်သစ်တည်ဆောက်ရေးကို အများပြည်သူပူးပေါင်းရေးအတွက် ဖိတ်ခေါ်ရန်။
    (၃) မွန်ပြည်နယ်လွှတ်တော်သစ်တည်ဆောက်ရေးအတွက် မြေနေရာကို အများပြည်သူစုပေါင်းဆန္ဒဖြင့်ရွေးချယ် ပါရန်။
    (၄) မွန်ပြည်နယ်လွှတ်တော်သစ်တည်ဆောက်ရေးအတွက် ကန်ထရိုက်ရွေးချယ်မှုကို တင်ဒါစနစ်ဖြင့် စနစ် တကျရွေးချယ်ရန်။
    (၅) မွန်ပြည်နယ်လွှတ်တော်သစ်တည်ဆောက်ရေးအတွက် နည်းပါးသောငွေကြေးကုန်ကျမှုဖြင့် မပြုလုပ်ရန်။
    (၆) မွန်ပြည်နယ်လွှတ်တော်သစ်တည်ဆောက်ရေးဒီဇိုင်းကို ပြိုင်ပွဲဖြင့် ဖိတ်ခေါ်ရေးဆွဲခြင်း ပြုလုပ်ပေးရန်။
    အထက်ပါအချက်များမပြည့်စုံပါက ဒီနိုင်ငံတွင်နေသော နိုင်ငံသားတစ်ယောက် အဖြစ်သော်လည်း ကောင်း၊ ဒီပြည်နယ်တွင်နေသော ပြည်နယ်သားအဖြစ် သော်လည်းကောင်း တာဝန်ရှိသည်ဟု မှတ်ယူပါသဖြင့် အပြုသဘောဆောင်သော ဆန္ဒဖော်ထုတ်မှုကိုပြုလုပ်သွားမည်ဟု လေးနက်စွာဆန္ဒပြုလိုက်ရပါသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts