spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းMDP နှင့် AMDP ဥက္ကဌဦးဆောင်သောပါတီဝင်အချို့ပေါင်းပြီး မွန်အမျိုးသားပါတီဖွဲ့စည်း

    MDP နှင့် AMDP ဥက္ကဌဦးဆောင်သောပါတီဝင်အချို့ပေါင်းပြီး မွန်အမျိုးသားပါတီဖွဲ့စည်း

    -

    မွန် ၂ ပါတီပေါင်းစည်းရေးအစည်းအဝေး(IMNA)
    မွန် ၂ ပါတီပေါင်းစည်းရေးအစည်းအဝေး(IMNA)
    ခတ္တာနန်း – မွန်ဒီမိုကရေစီပါတီ MDPနှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဥက္ကဌဦးဆောင်သော ပါတီဝင်အချို့တို့၏ မွန် ၂ ပါတီပူးပေါင်းရေးသဘောတူညီချက်အရ “မွန်အမျိုးသားပါတီ Mon National Party” ကို ရွေးချယ်ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။

    ဒီဇင်ဘာလ ၂၂ ရက်နေ့က မော်လမြိုင်မြို့တွင် ပြုလုပ်ခဲ့သည့် မွန်သံဃာတော်များဦးဆောင်သော နှစ်ပါတီပေါင်းစည်းရေး ညှိုနှိုင်းမှုအစည်းအဝေးဆုံးဖြတ်ချက် ၄ ရပ်မှာ (၁) မွန်အမျိုးသားပါတီ အမည်သစ်ကိုရွေးချယ်အတည်ပြုခြင်း၊ ၂။ AMDP ကိုယ်စားလှယ် ၁၅ ဦးဖြည့်စွက်ပေးရန်။ ၃။ လာမည့် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ဆွေးနွေးပွဲဆက်လက်ပြုလုပ်ရန်၊ (၄) မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဝင်များကို မွန်အမျိုးသားပါတီသို့ အချိန်မရွေးဝင်ရောက်နိုင်ရန် အမြဲတမ်းလမ်းဖွင့်လက်ကမ်းကြိုဆိုနေခြင်းတို့ ဖြစ်ကြောင်း တွေ့ရှိရသည်။

    မွန်ဒီမိုကရေစီပါတီ ဒုဥက္ကဌ(၂) နိုင်တင်အောင်က “AMDP က အားလုံးမပေါင်းနိုင်ပေမယ့် အခုအချိန်မှာ ပေါင်းနိုင်တဲ့လူတွေကို ကျနော်တို့ အရင်ပေါင်းထားမယ်၊ မပေါင်းနိုင်သေးတဲ့လူတွေကိုလည်း နောင်တချိန်မှာလာပေါင်းရင်လည်း အမြဲတမ်းတံခါးဖွင့်ထားပါတယ်” ဟု အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ထို့အပြင် မွန်အမျိုးသားပါတီအမည်သစ်ဖြင့် ရွေးကောက်ပွဲကော်မရှင်ထံ ပါတီမှတ်ပုံတင်ရန် စီစဉ်ရဦးမည်ဖြစ်ကြောင်း သူကဆက်ပြောသည်။

    “မွန်အမျိုးသားပါတီကို ရွေးကောက်ပွဲကော်မရှင်က တရားဝင်ပါတီသတ်မှတ်ပေးပြီးမှလည်း ကျနော်တို့ MDP ပါတီကို တရားဝင်ဖျက်သိမ်းသွားမှာပါ၊ လောလောဆယ် AMDP နှစ်ခြမ်းကွဲသလိုဖြစ်နေတော့ သူတို့ပါတီအနေအထားကို ကျနော်မပြောနိုင်သေးပါ” ဟု နိုင်တင်အောင်က ဆက်ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်းက “၂ ပါတီပေါင်းစည်းဖို့ ၂ နှစ်လောက်ဆွေးနွေးလာခဲ့ကြတယ်၊ ဒါပေမယ့်မပေါင်းနိုင်တဲ့လူတွေရှိနေတော့ ပေါင်းနိုင်တဲ့လူတွေကပဲ အရင်ပေါင်းကြတာပေါ့”ဟု ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအနေနှင့် အဖွဲ့ဝင်မည်မျှပါဝင်ပေါင်းစည်းသွားမည်ကို အတိအကျ မပြောနိုင်သေးကြောင်း နိုင်ငွေသိန်းက ဆက်ပြောသည်။

    ယင်းညှိနှိုင်းအစည်းအဝေးကို မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက်ရှိ၊ ဓါတုမာလာ မွန်ပရိယတ္တိစာသင်တိုက်၌ ကျင်းပခဲ့ရာတွင် မွန်ဒီမိုကရေစီပါတီဒုဥက္ကဌ(၂)နိုင်တင်အောင် ဦးဆောင်သော ၁၂ ဦးအဖွဲ့နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်း ဦးဆောင်သော ၈ ဦးအဖွဲ့တို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

    ပါတီပေါင်းစည်းရေးညှိနှိုင်းရေးအဖွဲ့ဝင် သံဃာတစ်ပါးက “ ဆရာတော်တို့အနေနဲ့ကလည်း သူတို့ရဲ့ အခက်အခဲကို နားလည်ပါတယ်၊ မဖြစ်နိုင်တာကိုလည်း အတင်းအကျပ် ဖိအားမပေးပါဘူး၊ ဒါကြောင့် ပေါင်းနိုင်တဲ့သူတွေ ပေါင်းပါစေ၊ မပေါင်းနိုင် အချိန်မပေးနိုင်သေးတဲ့ သူတွေကိုလည်း လမ်းဖွင့်ထားပါတယ်” ဟု မိန့်တော်မူသည်။

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဗဟိုကော်မတီဝင် ဒေါက်တာအောင်နိုင်ဦးက “ တကယ်လို့ ကျနော်တို့မပေါင်းဘူးဆိုရင် လာမဲ့ ရွေးကောက်ပွဲမှာ ကျနော်တို့ NLD နဲ့ ပြည်ခိုင်ဖြိုးပါတီတို့ကို ယှဉ်နိုင်မှာမဟုတ်ဘူး၊ သူတို့က အင်အားများနေတယ်၊ ကျနော်တို့မွန်ပါတီအတွက်လည်း ဆန္ဒမဲတွေ ကွဲသွားနိုင်တယ်၊ ဒါကြောင့် ပြည်သူတွေရဲ့ ဆန္ဒအရ ကျနော်တို့ပေါင်းလိုက်တာပါ” ဟု ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ တွဲဖက်အတွင်းရေးမှူး(၁) မင်းစံတင်က “နိုင်ငံရေးအခြေအနေတွေရယ်၊ ပါတီအခြေခံမူဝါဒတွေကွဲပြားမှုရှိနေတာတွေ၊ လက်ရှိကာလမှပေါင်းစည်းလို့မဖြစ်နိုင်သေးတဲ့အနေအထားတွေ အမျိုးမျိုးရှိနေတော့ ကျနော်တို့အနေနဲ့ မပေါင်းစည်းနိုင်သေးဘူး” ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီက ပြုပြင်လိုသည်ဟုဆိုရာတွင် မွန်ဒီမိုကရေစီပါတီအနေဖြင့် အသစ်ရေးဆွဲမည်ဟုကြေညာထားခြင်း၊ မွန်ပြည်သစ်ပါတီမှ မွန်ဒီမိုကရေစီပါတီသို့ ဘက်ပြောင်းလာသူအချို့တွင် နာမည်ပျက်စာရင်းဝင်သူများပါရှိနေခြင်း၊ နှစ်ပါတီအနေဖြင့် Networking မတူညီကြခြင်းတို့ရှိနေပြီး အကယ်၍ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ ရွေးကောက်ပွဲသပိတ်မှောက်မည်ဆိုလျှင် မွန်ဒီမိုကရေစီပါတီသည်လည်း ရွေးကောက်ပွဲဝင်မည်မဟုတ်ဟုလည်း သူကထောက်ပြသည်။

    ၂၀၁၀ ရွေးကောက်ပွဲတွင် NLD ပါတီအလားတူ မွန်ဒီမိုကရေစီပါတီသည် ပါတီမှတ်ပုံမတင်၊ ရွေးကောက်ပွဲမဝင်သကဲ့သို့ NLD ပါတီမှတ်ပုံပြန်တင်ပြီးသည့်နောက်ပိုင်းတွင် မွန်ဒီမိုကရေစီပါတီသည်လည်း ပါတီမှတ်ပုံတင်လာခဲ့ခြင်း ဖြစ်သည်။

    တရားဝင် မွန်နိုင်ငံရေးပါတီနှစ်ခု ဖြစ်သည့် မွန်ဒေလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) နှင့် မွန်ဒီမိုကရေစီပါတီ (MDP) တို့သည် ၂ဝ၁၄ နှစ်ကုန်၌ အမည်သစ်တခုဖြင့် ပေါင်းစည်းကြရန် ၂၀၁၂ အောက်တိုဘာလ ၁၃ ရက်နေ့က နှစ်ဖက်ပါတီခေါင်းဆောင်များသဘောတူညီကြပြီး ပူးတွဲသဘောထားထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,500SubscribersSubscribe
    spot_img

    Latest posts