spot_img
Friday, March 29, 2024
More
    spot_img
    Homeဆောင်းပါးဂီတမွန်အနှစ် ၃၀ ခရီး

    ဂီတမွန်အနှစ် ၃၀ ခရီး

    -

    ဂီတမွန်အနစ် ၃၀ ဆရာပူဇော်ပွဲပိုစတာ(ဂီတမွန်)
    ဂီတမွန်အနစ် ၃၀ ဆရာပူဇော်ပွဲပိုစတာ(ဂီတမွန်)
    ဗညားအောင် – မွန်ဘာသာလို “ခရီး” လို့အဓိပ္ပါယ်ရှိတဲ့ သီချင်းစီးရီးနဲ့ “ဂီတမွန်”အဖွဲ့ စပြီးလှုပ်ရှားလာခဲ့တာ ခုဆိုရင်အနှစ် ၃၀ ပြည့်ခဲ့လေပြီ။ “ခရီး”ကိုရေးစပ်ဖွဲ့ဆိုခဲ့သူ မွန်ဂီတပညာရှင်တပါးဖြစ်တဲ့ ဂီတစာဆို ရာမညမိုးဆွေ(မင်းရွှေကိတ်)ရဲ့ ဂီတသံစဉ်တေးသွားတွေက မွန်သံမွန်ဟန်ကိုအခြေခံထားသလို စာသားအကြောင်းအရာကိုလည်း ဒဿနဆံဆံ ရေးသားစပ်ဆိုခဲ့ပါတယ်။ သီချင်းနဲ့တကယ့်ကို လိုက်ဖက်တဲ့ အဆိုတော်ဂီတမှူး အိုင်းမွန်ရဲ့ဆိုဟန်ကြောင့်လည်း ဒီကနေ့ထိတိုင် လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားနေဆဲ သီချင်းတစ်ပုဒ်ဖြစ်နေပြီး မွန်ဂန္ဓဝင်သီချင်းလို့လည်း အသိအမှတ်ပြုကြပါတယ်။ နောက်ပိုင်းမှာ ဒီသီချင်းကို ပြန်ဆိုတေးအဖြစ် သီဆိုကြပြန်တယ်။ မွန်သီချင်းကိုစိတ်ဝင်စားသူတိုင်း ကြားဘူးနားဝဖြစ်နေကြတဲ့သီချင်းတစ်ပုဒ်ပါပဲ။ ဂီတစာဆိုတေးရေးဆရာက တမလွန်ဘဝသို့ ရောက်ရှိနေပေမယ့်လည်း မသေတဲ့သူ့တေးသီချင်းတွေက ပုရိသတ်ပါးစပ်ဖျား နားထဲမှာ ပြန့်လွင့် ရှင်သန်နေဆဲပါ။

    “ခရီး” သီချင်းရဲ့ အစချီပုံကို ဖေါက်သည်ချပြီး အနည်းအကျဉ်းဘာသာပြန်ပါရစေ— “ပင်လယ်လေအနော့မှာ တဖြတ်ဖြတ်လူးလွန့်နေတဲ့ သစ်ရွက်တွေရဲ့ ရိုက်ခတ်လှုပ်ရှားသံတွေနဲ့အတူ သာယာလှတဲ့ ကောင်းကင်ပြင်ကြီးအောက် တို့တတွေလျှောက်လှမ်းနေခဲ့တာ ခုဆိုဘယ်နေရာကို ရောက်လာနေပြီလဲ?” ဆိုတဲ့မေးခွန်းသံနဲ့ သီချင်းနိဒါန်းပျိုးထားပါတယ်။ တေးရေးဆရာ မေးချင်တဲ့ မေးခွန်းက ဒီကနေ့မွန်ဘဝ၊ မွန်အခြေအနေတွေအလုံးစုံ ဘယ်အနေအထားကို ရောက်နေပြီလဲလို့ မေးခွန်းမေးလိုက်တာပါပဲ။

    သီချင်းစာကိုယ်ပိုင်းကိုဆက်လက်ရှင်းပြနေမယ်ဆိုရင် လေကြောရှည်သွားမှာစိုးလို့ နိဂုံးပိုင်းကိုပဲ မျှဝေခံစားကြည့်မယ်ဆိုရင် “စိတ်ပမ်းနွမ်းနယ်နေကြယုံမျှနဲ့ ခရီးပေါက်ရောက်မှာမဟုတ်တော့ပါ၊ နားခိုနေရာသို့ရောက်လိုပါရင် ဆက်လျှောက်လှမ်းကြပါ၊ ခရီးသွားတို့မည်သည် ပန်းတိုင်သို့အရောက် လှမ်းကြရမည်တည်း” စတဲ့ အားပေးလက်တွဲခေါ်သံတွေနဲ့ အဆုံးသတ်ထားပါတယ်။ သီချင်းတပုဒ်လုံးမှာ ဝီရ၊ သိင်္ဂါရ၊ ဝင်္ကဝုတ္တိ ရသတွေ ခံစားတွေ့ရှိရပြီး အခြားမွန်သီချင်းသံတွေလို လေးတွဲ့မနေဘဲ မြူးကြွသံဟန်ပါရှိပါတယ်။

    ခေတ်ပေါ်မွန်တေးဂီတလောကဟာ အနှစ် ၄၀ သက်တမ်းပဲရှိပါသေးတယ်။ မွန်ပြည်နယ်လို့သတ်မှတ်ခံလိုက်ရတဲ့ ၁၉၇၄ ခုနှစ်မှာပဲ “လျးဟံသာ” မွန်ခေတ်ပေါ်တီးဝိုင်း စတင်မွေးဖွားလာပါတယ်။ မြန်မာ့စတီရီယိုတေးဂီတလောကပေါ်ထွန်းခါစမှာ မွန်ခေတ်ပေါ်စတီရီယို တေးဂီတတွေလည်း လိုအပ်လာနေပြီလို့ မွန်မျိုးချစ်အင်အားစုတွေ သုံးသပ်ကြဟန်ပုံပေါ်တယ်။ လက်ရှိ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဥက္ကဌ နိုင်ငွေသိန်း(ဂျနူမွန်)က အလယ်တန်းပြကျောင်းအုပ်ဆရာဘဝ၊ နီးစပ်တဲ့တပည့်၊ အပေါင်းအသင်းမိတ်ဆွေတွေကို စုစည်းပြီး “လျးဟံသာ”တီးဝိုင်းဖြစ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့တယ်လို့ မေးမြန်းလေ့လာချက်တွေအရ သိရပါတယ်။

    အဲဒီကာလတွေမှာ ခေတ်ပေါ်စတီရီယို၊ ကာလပေါ်မွန်သီချင်းတွေ စပြီးရေးစပ်သီကုံးကြပါတယ်။ ဂီတတူရိယာတွေကို မတီးခတ်၊မတတ်မြောက်သော်ငြား ဆရာနိုင်ငွေသိန်း(နိုင်ဂျနူမွန်)နဲ့ ဗညားတလနိုင်(ဆရာတော်) တို့က နိုင်ငံခြားသံစဉ်ကော်ပီသီချင်းများ ရေးသားစပ်ဆိုခဲ့ကြသလို ဂီတပညာကျွမ်းကျင်သူ ဆရာမင်းရွှေကိတ် (ရာမညမိုးဆွေ)နဲ့ အဆိုတော် မွန်ချမ်းတို့ကလည်း ကာလပေါ်မွန်သီချင်းသစ်တွေကို ရေးသားစပ်ဆိုနိုင်ခဲ့ပါတယ်။ ထို့အတူ ကွန်းချမ်းမွန်၊ အမ်စောမွန်တို့လည်း သီချင်းရေးစပ်လာတာ တွေ့ရပါတယ်။

    နိုင်ဂျနူမွန်က “ဒို့အမျိုးသားရဲ့ ဘဝကိုထင်ဟပ်စေတဲ့သီချင်းစာသားတွေ ရေးသားစပ်ဆိုဖို့လိုပါတယ်၊ အချစ်သီချင်းရေးသားတယ်ဆိုပေမယ့် စပ်ဟတ်တဲ့ရှုထောင့်ကနေ အမျိုးသားရေးအတွက် ဘယ်လိုအကြောင်းအရာတွေ ထည့်သွင်းပေးရမလဲဆိုတာကို မျက်ခြေမပြတ်ဖို့ လိုတယ်” လို့ စာရေးသူကို ပြောပြခဲ့ဘူးပါတယ်။

    “လျးဟံသာတီးဝိုင်း” စတင်ဖွဲ့စည်းစဉ်ကာလ အဓိကပါဝင်ခဲ့သူတွေကတော့ တီးဝိုင်းစက်ပစ္စည်းပိုင်းဆိုင်ရာ ကျွမ်းကျင်သူ ဆရာတော်ဘဒ္ဒန္တကေတုမာလာ(လက်ရှိကော့ပလိုင်ဆရာတော်) နိုင်ငွေသိန်း(ခ) ဂျနူမွန်(တေးရေး)၊ အဆိုတော်မင်းကျန်ရစ်(လျးဟံမန်)၊ တီးဝိုင်းပစ္စည်းဝယ်ယူစုဆောင်းပေးခဲ့သူ မင်းအဏ္ဏဝါမွန်(မျိုးညွန့်)၊ ဂီတမှူးအိုင်းမွန်၊ မွန်ချမ်း(ဆို၊တီး)၊ ဇော်လတ်(ဆို၊တီး)၊ မင်းရွှေကိတ်(ရာမညမိုးဆွေ)နဲ့ ဗညားတလနိုင်(တေးရေး)တို့ ဦးဆောင်ခဲ့ကြတာကို ကြုံရဆုံခဲ့ရပါတယ်။

    “လျးဟံသာ”တေးရေးသမား ဂီတစာဆိုတွေဟာ မွန်စာပေကို ကျွမ်းကျင်ကြသူများဖြစ်ကြတဲ့အတွက် မွန်အမျိုးသားတွေမှာ ပြိုင်ဘက်ကင်းတဲ့ တီးဝိုင်းတစ်ဝိုင်းပါဘဲ၊ မိမိကိုယ်ပိုင် တီးဝိုင်းစက်ပစ္စည်းအစုံအလင်နဲ့ စန္ဒယား၊ လျှပ်စစ်ဂစ်တာ၊ ကီးဘုတ်၊ ဒရမ်ဆက်စတဲ့ နောက်ဆုံးပေါ်တူရိယာတွေ၊ လေမှုတ်တူရိယာတွေနဲ့ ဘယ်ညာတူရိယာမျိုးစုံ တင်ဆက်နိုင်တဲ့အတွက် သူ့ခေတ်နဲ့သူ့အခါ နာမည်အလွန်ကြီးမားခဲ့တဲ့မွန်တီးဝိုင်း အဖြစ် ပုရိသတ်နှုတ်ဖျားမှာ ရေပန်းစားခဲ့တာပါ။ ထိုင်းနိုင်ငံမှောင်ခိုလမ်းကြောင်းက တဆင့်တီးဝိုင်ပစ္စည်းတွေ အလွယ်တကူတင်သွင်းလာနိုင်ခဲ့တဲ့အတွက်လည်း အဲဒီကာလတွေမှာ ရန်ကုန်က နာမည်ကြီးတီးဝိုင်းပစ္စည်းများ “လျးဟံသာ” တီးဝိုင်းပစ္စည်းတွေကို လိုက်မမီဘူးလို့လည်း ဆိုစမှတ်ပြုကြပါတယ်။

    တစ်ခုတည်းသော နာမည်ကြီးမွန်တီးဝိုင်းဖြစ်တဲ့အတွက် လယ်ကွင်းပြင်ကြီးမှာ တစ်ကောင်တည်းလျှောက် သွားနေတဲ့ဆင်ကြီးဖြစ်နေတဲ့အတွက် မဆလပါတီကေဒါရဲ့ ပစ်မှတ်ဖြစ်ခဲ့ဟန်တူပါတယ်။ မွန်တွေမွန်စာပေသင်ကြားတာ၊ မွန်သီချင်းသီဆိုတီးခတ်တာ လိုလားဟန်မရှိကြပါဘူး။ ဒါကြောင့်လဲ အဲဒီကာလက ဒေသခံအာဏာပိုင်တွေရဲ့ ညစ်ပတ်မှုဒဏ်တွေကို အလူးအလဲခံခဲ့ရပါတယ်။ တီးဝိုင်းပါမစ်မပေးတာ၊ စင်ပေါ်သီဆိုမယ့်မွန်သီချင်းအဓိပ္ပါယ်တွေကို သက်ဆိုင်ရာဒေသအာဏာပိုင်တွေဆီ လုံးစေ့ပတ်စေ့ပါမကျန် မြန်မာဘာသာပြန်ဆိုပေးရတာ၊ မွန်ဂီတသမားတွေဟာ မွန်သူပုန်တွေဖြစ်သယောင်ယောင်၊ စောင့်ကြည့်ခံလူသားတွေအဖြစ် စာရင်းသွင်းခံထားရတာပါ။

    တီးဝိုင်းပစ္စည်းဝယ်ယူစုဆောင်းခဲ့သူ မင်းအဏ္ဏဝါမွန်(မျိုးညွန့်)က ““လျးဟံသာတီးဝိုင်း အရှိန်ကောင်းတဲ့ကာလ ၁၉၇၇ ခုနှစ် ဖားအောက်ရိုးဂိုးရွာ မွန်အမျိုးသားနေ့အခမ်းအနားကျင်းပအပြီး စက်ပစ္စည်းတွေ သိမ်းနေတုန်း ကျနော့်ကိုစစ်ထောက်လှန်းရေးတွေခဏလာပါဆိုပြီး ဖမ်းသွားတယ်၊ ကျနော့်ကို ပုဒ်မ ၁၇/၁ နဲ့ဆွဲတယ်၊ အဲဒီအချိန်မှာမိဘဆွေမျိုးတွေကငွေလည်းတတ်နိုင်တော့ ငွေနဲ့လိုက်တာ ရွှေ ၃၀ သားလောက်ကုန်သွားတယ်၊ ၃ လနဲ့ရက်ပေါင်း ၂၀ တိတိ မော်လမြိုင်ကန်သုံးကန်၊ ထောက်လှန်းရေးစစ်ကြောရေးမှာ အချုပ်ခံခဲ့ရပြီး ပြန်လွတ်လာတယ်၊ ဒါပေမယ့် ကျနော်တို့တီးဝိုင်းနဲ့စက်ပစ္စည်းအားလုံး သိမ်းဆည်းခံလိုက်ရတယ်”လို့ ပြောပါတယ်။

    အဲဒီနောက်ပိုင်းမှာ “လျးဟံသာ” တီးဝိုင်းစက်ပစ္စည်းမရှိတော့တဲ့အတွက် တီးဝိုင်းမထွက်နိုင်တော့ပါ၊ ဒါကြောင့်လည်း သီချင်းစီးရီးတိတ်ခွေထုတ်နိုင်လုပ်ဖို့အတွက် ဆက်ပြီးလှုပ်ရှားပြန်ပါတယ်၊ ဒီလိုနဲ့ ၁၉၈၃-၈၄ ခုနှစ် ရောက်ချိန်မှာ ဂီတမှူး အိုင်းမွန် “လျးဟံသာ”ကနေ ထွက်ပြီး တစ်ကိုယ်တော် “ဂီတမွန်” တီးဝိုင်းအဖွဲ့ကို ဖွဲ့စည်းတည်ထောင်လိုက်ပါတယ်။ ဘာကြောင့်ထွက်လိုက်တာလဲလို့လဲ မေးရင်အဆင်မပြေလို့ပဲ ပြောရမှာပါဘဲ။ အဲဒီကာလက မွန်ဂီတသမားတွေဟာ ဘယ်အခအကြေးငွေမှမရယူကြဘဲ အမျိုးသားရေးအတွက် လုပ်အားပေးကြတယ်လို့ပဲ သဘောထားကြပါတယ်။ မဆလခေတ်ထဲမှာ လုပ်အားပေးစနစ်အမျိုးမျိုးရှိနေတော့ မွန်ဂီတလုပ်ငန်းတွေမှာ အခကြေးငွေမရကြတာက အထူးအဆန်းလဲမဟုတ်ကြပါ။ မွန်တေးဂီတထွန်းကားရေး တတ်နိုင်တဲ့ဘက်က တတ်နိုင်သမျှကြိုးစားဆောင်ရွက်ပေးတတ်ကြတဲ့ မွန်ဂီတချစ်မြတ်နိုးသူတွေရဲ့ အရင်းခံစိတ်ဓါတ်တွေပါ။

    “ဂီတမွန်” စတင်ဖွဲ့စည်းတာနဲ့ ဂီတမှူးအိုင်းမွန်အတွက် စိန်ခေါ်မှုအမျိုးမျိုးကြုံခဲ့ရပါတယ်၊ အဆိုတော်၊ အတီးသမား၊ တီးဝိုင်းပစ္စည်း၊ ကိုယ်ပိုင်သီချင်း လုံးဝမရှိ၊ မွန်မျိုးချစ်ဆိုသော ပုဂ္ဂိုလ်အမျိုးမျိုးတို့ကလည်း မွန်တီးဝိုင်း ၂ ဝိုင်းမရှိသင့်၊ အပြိုင်အဆိုင်ဖြစ်နေရင် ညီညွတ်မှုမရှိ၊ မွန်ဆိုတာ ၁ မွန်ပဲဖြစ်ရှိရမယ်၊ အသစ်ဖြစ်လာတဲ့ “ဂီတမွန်” ကို “လျးဟံသာ” မှ ပါတီ ၂ ခြမ်းကွဲလာသယောင်ယောင် လေသံနှောကြပြန်တယ်။ ဂီတမွန်ကို မထောက်ခံဖို့လှုပ်ရှားသူတွေကိုလည်း တွေ့မိကြုံဆုံခဲ့ဘူးပါတယ်။ ခုတော့ပြီးသွားကြပါပြီပဲ။

    ဒီကာလမတိုင်မီ အခြားပုဂ္ဂိုလ်တွေ အဖွဲ့အစည်းအလိုက် တေးဂီတစီးရီးတွေ ထုတ်လုပ်နေချိန်မှာလည်း “မင်းကိုသာ” တစ်ကိုယ်တော်စီးရီးတွေ ထွက်ရှိနေပါပြီ။ ဂီတမှူးအိုင်းမွန်ကို မွန်ဂီတချစ်မြတ်နိုးသူတွေ အားပေးထောက်ပံ့ကြပါတယ်၊ ရန်ကုန်မြို့မှာ သီချင်းအသံသွင်းတဲ့ကိစ္စအတွက် မင်းကိုသာက ပံ့ပိုးမှုအမျိုးမျိုးပေးအပ်ခဲ့ပါတယ်။ အဲဒီကာလ မျိုးချစ်မွန်ဂီတသမားတွေရဲ့ကျွေးကြော်သံဟာ မွန်သီချင်းအရေအတွက်အများအပြား ထွက်ရှိရေးဖြစ်ပါတယ်။

    “ဂီတမွန်”တီးဝိုင်းပေါ်ပေါက်လာပြီးနောက်ပိုင်းတွေမှာ မွန်တေးရေးဆရာတွေ ထပ်မံပေါ်ထွန်းလာခဲ့ပါတယ်။ ယနေ့ဟံသာ၊ ဒူးရင်းအိန်၊ ရာမညမင်းအောင်သန်း၊ ဗညားအောင်၊ တလဗန်း၊ ဇဲ့ဟာန်မွန်၊ ဟံသာမာန်၊ ထောဗု၊ တလမွန်၊ ကန္တာဂျနူမာန်၊ မွန်ချမ်းမွန်၊ ခေမာနွန်တို့အပြင် အသစ်အသစ်သောတေးပြုစာဆိုတွေနဲ့အတူ မွန်အဆိုတော်တွေလည်း အများအပြားပေါ်ထွန်းခဲ့ပါတယ်။ လက်ရှိကာလမှာ ခေတ်နဲ့လိုက်ဖက်တဲ့ မွန်တေးပြုစာဆိုတွေလည်း အများအပြားပေါ်ထွန်းနေပါပြီ။ မွန်တွေရောက်ရှိနေထိုင်ကြတဲ့နေရာတိုင်းလိုလိုမှာ အရောင်အသွေးစုံလင်လှတဲ့ မွန်သီချင်းသံတွေ ကြားနေရပါပြီ။

    ဒီလိုဒီလိုနဲ့ပဲ မွန်တွေ ဒီနေ့“ခရီး” ဘယ်လောက်ရောက်နေပြီလဲ? ဆရာမင်းရွှေကိတ်ရဲ့မေးခွန်းနဲ့ မေးလိုက်ချင်ပါတယ်။ ဂီတမွန် လျှောက်လှမ်းခဲ့တဲ့ ဒီကနေ့ မွန်ဂီတခရီး ရေစီးကြောင်း ဘယ်လိုစီးဆင်းနေပါသလဲ၊ ခရီးဘယ်လောက်ပေါက်နေပြီလဲ၊ ပန်းတိုင်းက ဘယ်မှာလဲ စတဲ့မေးခွန်းတွေ စိန်ခေါ်မှုတွေ အများကြီးရှိနေဆဲ- ဂလိုဘယ်လ်လိုက်ဇေးရှင်းဆိုတဲ့ ခုကာလခေတ်ရေစီးကြောင်းမှာ အမျိုးသားဂီတနဲ့အတူ ရှေ့ပန်းတိုင်ရောက်အောင် ခရီးဘယ်လိုဆက်ကြမှာလဲဆိုတာ ဝေခွဲသုံးသပ်ပြီး ဆက်လက်ကြိုးပမ်းကြပါဦးလို့ တိုက်တွန်းပါရစေ။

    တောင်းပန်ချက်။ ။ စာရေးသူပါဝင်ခဲ့တဲ့ဂီတမွန်အနှစ် ၃၀ ခရီးမှာ ကိုယ်တိုင်တွေ့ကြုံခဲ့တဲ့အကြောင်းအရာတွေထဲက ပြန်လည်မှတ်မိသမျှကိုသာ ရေးသားထားပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် နာမည်မဖေါ်ပြမိသောသူများအနေဖြင့် နားလည်ခွင့်လွှတ်ပေးစေလို။

    ဗညားအောင်

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts