spot_img
Tuesday, April 16, 2024
More
    spot_img
    Homeသတင်းနည်းလမ်းမကျသော ဝင်ငွေခွန်စည်းကြပ်မှု ဘုရားသုံးဆူမြို့ခံအချို့ ကန့်ကွက်

    နည်းလမ်းမကျသော ဝင်ငွေခွန်စည်းကြပ်မှု ဘုရားသုံးဆူမြို့ခံအချို့ ကန့်ကွက်

    -

    မင်းသုတ – ထိုင်းမြန်မာနယ်စပ်ရှိ ဘုရားသုံးဆူမြို့နယ်ခွဲတွင် အခွန်ဦးစီးမှူး၏ နည်းလမ်းမကျသော ဝင်ငွေခွန်စည်းကြပ်ကောက်ခံသည်ဟု ဆိုကာ ရပ်ကွက်(၃) အုပ်ချုပ်ရေးမှူးရုံးအတွင်း အခွန်ထမ်းဆောင်သူအချို့ ယမန်နေ့နံနက်ပိုင်း၌ စုရုံးကန့်ကွက်ခဲ့ကြသည်ကို တွေ့ရှိရသည်။

    ဘုရားသုံးဆူမြို့ခံ အခွန်ထမ်းဆောင်သူ ၁၀ ဦးကျော်ခန့်က မြို့ပေါ်ရှိနိုင်ငံရေးပါတီများ၊ ဌာနဆိုင်ရာအချို့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများရှေ့မှောက်၌ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အခွန်ဦးစီးမှူး ဒေါ်စန်းစန်းအေးအား ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် ကန့်ကွက်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

    မြို့နယ်အခွန်ဦးစီးမှူးက မြို့ခံ ၂ ဦး (BNA)
    မြို့နယ်အခွန်ဦးစီးမှူးက မြို့ခံ ၂ ဦး (BNA)
    အခွန်ထမ်းဆောင်သူ ကိုသားချိုက “ပထမဆုံးတစ်ရွက် အခွန်ဆောင်ဖို့ဆိုပြီး ရောက်လာတယ်၊ မနှစ်ကနဲ့မတူဘူး၊ မနှစ်ကအမြတ်ခွန်၊ ဒီနှစ်မှာ ဝင်ငွေခွန်ဆိုပြီးရောက်လာတာ အသစ်လိုဖြစ်နေတယ်၊ အခွန်ဦးစီးမှူးနေရာမှာ လက်မှတ်ထိုးမထားဘူး၊ ကျနော်တို့အခွန်မဆောင်ချင်လို့မဟုတ်ဘူး၊ အခွန်ဆောင်ရတာကိုလည်း ဂုဏ်ယူတယ်၊ နည်းလမ်းမကျလို့ ပြောနေရတာ” ဟု ပြောသည်။

    ယင်းကဲ့သို့ နည်းလမ်းကျစွာအခွန်ထမ်းဆောင်သူများအား မရှင်းပြသည့်အတွက် အခွန်ဦးစီးမှူးချိန်းဆိုထားရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ မြို့ခံများလာရောက်မေးမြန်းကြစဉ် မြို့နယ်အခွန်ဦးစီးမှူးနှင့် အပြန်အလှန်ငြင်းခုံနေကြသည်ကို တွေ့ရှိရသည်။

    “ပြီးခဲ့တဲ့နှစ်မှာ ကျနော် ဘတ်ငွေ ၁၂၀ဝ ဆောင်ခဲ့ရတယ်၊ ဗမာငွေနဲ့တွက်ရင်ကျပ် ၃ သောင်းခွဲလောက်ရှိမယ်၊ ကျနော့်ကို ပြန်ပေးတဲ့ချလံမှာ ငွေကျပ် ၂ သောင်း ၉ ထောင်လို့ရေးထားတယ်၊ ကျနော်တို့လိုက်စုံစမ်းကြည့်တော့ အခွန်ဆောင်ထားသူတိုင်းလိုလို အနည်းဆုံးကျပ် ၅ ထောင်လောက် ဒီလိုကွာဟနေတာဟာ တိုင်းပြည်အတွက် နစ်နာတယ်လို့ ကျနော်တို့မြင်တယ်” ဟု ကိုသားချိုက ဆက်ပြောသည်။

    ထို့အပြင် အခွန်ဦးစီးမှူးသည် အခွန်ထမ်းဆောင်သူများအား နားလည်သဘောပေါက်စေရန် ရှင်းလင်းပြောဆိုမှုမရှိခြင်း၊ အခွန်ထမ်းဆောင်သူများအား အဆင့်အတန်းမရှိသူများဟု ပြောဆိုခြင်း၊ နိုင်ငံတော်အကြီးအကဲများအား ပုတ်ခတ်ပြောဆိုသည်ကို ကိုယ်တိုင်ကြားသိရသဖြင့် သင့်လျှော်သည့်ဌာနများသို့ အသံမှတ်တမ်းများနှင့်တကွ တိုင်ကြားမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

    မြို့နယ်အခွန်ဦးစီးမှူး ဒေါ်စန်းစန်းအေးအား လွတ်လပ်သောမွန်သတင်းအေဂျင်စီက အခင်းဖြစ်ပွားရာနေရာ၌ တွေ့ဆုံမေးမြန်းခဲ့ရာတွင် “ဒီကိစ္စနဲ့ပတ်သက်လို့ ကျမဒီနေရာမှာ မပြောလိုပါဘူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို လိုက်လာခဲ့ပါ” ဟု ပြောသည်။

    လက်ရှိတွင် ပြည်တွင်းအခွန်ဦးစီးဌာနမှ ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ တံဆိပ်ခေါင်းခွန်၊ အောင်ဘာလေသိန်းဆုခွန် စသည့် အခွန်လေးမျိုးကို ကောက်ခံလျက်ရှိပြီး နှစ်တနှစ်၏ အခွန်ကောက်ခံမှုကို နှစ်စဉ်ဧပြီလမှ ဇွန်လအတွင်းတွင် ကောက်ခံလေ့ရှိကြောင်း သိရသည်။

    လက်ရှိတွင် ပြည်တွင်းအခွန်ဦးစီးဌာနမှ ကိုယ်တိုင်အခွန်စည်းကြပ်စနစ်အား လက်တွေ့တွင် အကောင်အထည်ဖော်ရန်အတွက် ကြိုးစားနေလျက်ရှိကြောင်း၊ ကိုယ်တိုင်အခွန် စည်းကြပ်စနစ်ဆိုသည်မှာ လုပ်ငန်းရှင်ကိုယ်တိုင် မိမိစီးပွားရေးလုပ်ငန်း၏ ဝင်ငွေ ထွက်ငွေ စာရင်းကို အများသိစေရန် ထုတ်ပြန်ကြေညာခြင်းအပေါ် မူတည်၍ ပြည်တွင်းအခွန်ဦးစီးဌာနက အခွန်စည်းကြပ်သည့်စနစ်ဖြစ်ကြောင်း သက်ဆိုင်ရာမှ ထုတ်ပြန်ထားပြီး ဖြစ်သည်။

    ပြည်တွင်းအခွန်ဦးစီးဌာနဝန်ထမ်းတစ်ဦးက “တစ်လကို ထုတ်လုပ်ရောင်းချမှုတန်ဖိုး ကျပ်ငွေကိုးသိန်းကျော်မှ အခွန်ဆောင်ရမယ်။ တစ်လကိုထုတ် လုပ်ရောင်းချမှုတန်ဖိုး ကိုးသိန်းမကျော်ရင်တော့ လုပ်ငန်းငယ် အဖြစ်သတ်မှတ်ပြီးတော့ အခွန်ဆောင်ဖို့ မလိုအပ်ပါဘူး”ဟု မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွေ့ဆုံ မေးမြန်းချက်တရပ်တွင် ဖေါ်ပြထားသည်။

    ထို့အပြင် မူလသတ်မှတ်ထားသည့် ဥပဒေအရ ဝယ်ယူရောင်း ချသည့် လုပ်ငန်းတွင်လည်း တစ် နှစ်ရောင်းရငွေတန်ဖိုး ကျပ်သုံးသိန်းဖြစ်ပါက အခွန်ပေးဆောင်ရမည် ဖြစ်သော်လည်း ယခုထုတ်ပြန် လိုက်သည့် ဥပဒေအရ တစ်နှစ်ရောင်းရငွေတန်ဖိုး သိန်းတစ်ရာ ကျော်မှသာ အခွန်ဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

    ဘုရားသုံးဆူမြို့နယ်ခွဲသည် ကြာအင်းဆိပ်ကြီးမြို့နယ်လက်အောက်ဖြစ်ပြီး ဈေးဆိုင်၊ စားသောက်ဆိုင်၊ ရွှေဆိုင်၊ အိမ်ခန်းတန်းလျားငှားရမ်းခြင်း၊ ပရိဘောဂလုပ်ငန်းအမျိုးမျိုးမှ နှစ်စဉ်ကုန်သွယ်ခွန်နှင့် ဝင်ငွေခွန်ထမ်းဆောင်သူ ၅၀ဝ ဦးခန့်ရှိကြောင်း၊ ဝင်ငွေခွန် ထမ်းဆောင်သူများမှာ တစ်နှစ်လျှင်အနည်းဆုံး ဘတ်တစ်ထောင်ခန့် အခွန်ဆောင်ကြရကြောင်း၊ အိမ်အသစ်ဆောက်လုပ်သူများသည် ဘတ်ငွေ ၅ သောင်းခန့် အခွန်ဆောင်ကြရကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ စုံစမ်းသိရှိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,300SubscribersSubscribe
    spot_img

    Latest posts