spot_img
Saturday, April 20, 2024
More
    spot_img
    Homeသတင်းကျိုက်မရောမြို့နယ်တွင် လယ်မြေဧက ၁၇၀ ကျော် မူလပိုင်ရှင်မသိဘဲ ရောင်းချခံထားရ

    ကျိုက်မရောမြို့နယ်တွင် လယ်မြေဧက ၁၇၀ ကျော် မူလပိုင်ရှင်မသိဘဲ ရောင်းချခံထားရ

    -

    ဂျူရီချိုင်း – မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ မယ်ကရိုကျေးရွာအုပ်စု ကွင်းအမှတ်(၄၀၆)တွင် ရှိသည့် လယ်ယာမြေ ဧက ၁၇၀ ကျော်အား မူလလယ်ပိုင်ရှင်များမသိရှိရဘဲ ရောင်းချခံထားရကြောင်း ဒေသခံလယ် သမားများပြောပြချက်အရ သိရသည်။

    လယ်ယာမြေရောင်းစားခံထားရသူ လယ်သမား ဦးဝင်းအောင်က “ကိုယ့်လယ်မြေ ကိုယ့်ပစ္စည်း ကိုယ်ပိုင်ဆိုင်တာဖြစ်လို့ ပုံမှန်ထွန်ယက်၊ စပါးစိုက်လာတာ ခါတိုင်းနှစ်လို လုပ်နေကြအတိုင်းပါပဲ၊ ဒါပေမယ့် အခုလယ်လုပ်ခွင့်ပုံစံသစ် သွားလျှောက်တင်တဲ့အချိန်ကျတော့မှ ဒီလယ်မြေတွေ ကုမ္မဏီတစ်ခုက ဝယ်ထားလိုက်ပြီးလို့ ပြောလာတယ်၊ ဘယ်သူကနေ ဘယ်လိုရောင်းလိုက်တာလဲတော့ မသိရဘူး၊ ပိုင်ရှင်အစစ်ကကျနော်တို့ပါ” ဟု ပြောသည်။

    သီးစားအမည်ပြောင်းလဲချထားပေးရန်တင်ပြသည့်လျှောက်လွှာမိတ္တူ(IMNA)
    သီးစားအမည်ပြောင်းလဲချထားပေးရန်တင်ပြသည့်လျှောက်လွှာမိတ္တူ(IMNA)
    လက်ရှိတွင် ယင်းလယ်မြေပေါ်၌ တစ်ချို့ လယ်သမားများက မူလအတိုင်းထွန်ယက်စိုက်ပျိုးနေကြသော်လည်း တစ်ချို့က စိတ်ဓါတ်ကျဆင်းကာ ဆက်လက်မလုပ်ကိုင်တော့ဘဲ ရပ်နားထားသည်ဟုလည်း ၎င်းလယ်သမားက ဆက်ပြောသည်။

    ယင်းမြေဧက ၁၇၀ တွင်လုပ်ကိုင်နေသူ မူလပိုင်ရှင် ၃၀ ကျော်တို့က ပြီးခဲ့သည့် အောက်တိုဘာတတိယပတ်တွင် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှတဆင့် လယ်ယာမြေ လုပ်ပိုင်ခွင့်နှင့် ပုံစံသစ်လျှောက်တင်ခဲ့ရာတွင် ကျိုက်မရောမြို့နယ်၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနက လယ်လုပ်ပိုင်ခွင့်လက်မှတ် မထုတ်ပေးခဲ့ကြောင်း သိရသည်။

    လယ်ယာမြေပြဿနာကူညီဖြေရှင်းရေးကော်မတီဝင် မင်းကရိုင်းက “သူတို့မိဘဘိုးဘွား အစဉ်အဆက်က ဒီလယ်မြေပေါ်မှာ နှစ်စဉ်စပါးစိုက်ပျိုးခဲ့ အသက်မွေးဝမ်းကျောင်းပြုနေသူတွေပါ၊ ကုမ္ပဏီက ဝယ်လိုက်ပြီပြောလာပေမယ့် အဲဒီကုမ္ပဏီက ဒီလယ်သမားတွေနဲ့ တစုံတရာသဘောတူညီချက်၊ တန်ရာတန်ကြေး ဘာအပေးအယူမှ လုပ်ခဲ့တာမရှိဘူး” ဟု ပြောသည်။

    ယင်းလယ်ယာမြေကိစ္စနှင့်ပတ်သက်၍ ၂၀၁၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၁) ရက်နေ့စွဲဖြင့် မယ်ကရိုကျေးရွာအုပ်စု၊ ကွင်းအမှတ်(၄၀၆) ကော့လစပ်ကွင်းရှိ တောင်သူပေါင်း (၃၂) ဦး၊ မြေဧက ၁၇၆.၁၅ အား နစ်နာကြေးများပေးအပ်ခဲ့ပြီးဖြစ်ပါသဖြင့် သီးစားအမည်ပြောင်းလဲချထားပေးရန် JUNE Industry Ltd မန်းနေးဂျင်းဒါရိုက်တာ ဒေါက်တာနုနုဝင်း (နိုင်ငံသားစိစစ်ရေးအမှတ်- ၁၀/မလမ(နိုင်————) အမည်ဖြင့် လျှောက်ထားခဲ့သည့် အထောက်အထားစာရွက် စာတမ်းများ လက်ခံတွေ့ရှိခဲ့ရသည်။

    ထိုလယ်မြေများကို လွန်ခဲ့သော ၂၀၁၀ ခုနှစ်ကတည်းက ဘိလပ်မြေစီမံကိန်းတည်ဆောက်ရန်အတွက် JUNE Industry Ltd ကမ္မဏီကို ဝယ်ယူထားသည်ဟုဆိုပြီး လယ်သမားများအား လယ်ယာမြေလုပ်ပိုင်ခွင့်ကို မထုတ်ပေးခဲ့ခြင်းဖြစ်သည်ဟု မြေစာရင်းဦးစီးဌာနကပြောဆိုကြောင်း လယ်သမားများက ပြောသည်။

    မင်းကရိုင်းက “ ပိုင်ရှင်မသိရဘဲ ဒီလယ်ယာမြေတွေ ရောင်းစားခံထားရတဲ့ အကျိုးအကြောင်းကိစ္စတွေကို ဝိုင်းဝန်းဖြေရှင်းပေးဖို့ ကျနော်တို့ မွန်ပါတီ ၃ ပါတီစလုံးကို အကြောင်းကြားစာပေးပို့ထားပါတယ်” ဟု ပြောသည်။

    ယင်းသို့ မူလပိုင်ရှင်ခွင့်ပြုချက်မရှိဘဲ လယ်ယာမြေလွှဲပြောင်းရယူခဲ့သည့်ကိစ္စအပေါ် နစ်နာသူဒေသခံမွန်လယ်သမားများ၏ အကူအညီတောင်းခံမှုများကို မွန်ပြည်သစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနှင့် မွန်ဒီမိုကရေစီပါတီတို့အား ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့တွင် စုပေါင်းလက်မှတ်ရေးထိုးပေးပို့ခဲ့ခြင်းဖြစ်သည်။

    ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ မပြဌာန်းမီကတည်းက တည်ဆဲမြေရာဥပဒေများနှင့်အညီ လက်ရှိ လယ်ယာမြေတရားဝင်လုပ်ကိုင်နေသူများ လယ်လုပ်ပိုင်ခွင့်လက်မှတ်အတွက် မည်သူမဆို ပုံစံသစ် လျှောက်လွှာတင်ခွင့်ရှိပြီး ပုံစံ၂ အရ မည်သူမဆို ပိုင်ဆိုင်မှု အထောက်အထားရှိပါက လာရောက် ကန့်ကွက်နိုင်သည်ဟုလည်း လယ်ယာမြေပိုင်ဆိုင်ခွင့်လက်မှတ် လုပ်ထုံးလုပ်နည်းမှ ဖော်ပြထားသည်။

    မြန်မာအစိုးရအနေဖြင့် လယ်ယာမြေနှင့်ပတ်သက်သည့် ဥပဒေများဖြစ်သည့် လယ်ယာမြေ နိုင်ငံပိုင်ပြု လုပ်ရေးဥပဒေ၊ သီးစားခချထားရေးဥပဒေ၊ လယ်ယာမြေဥပဒေ စသည့်ဥပဒေသုံးခုကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts