မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / သံလွင်ရေကာတာစီမံကိန်းများ ရပ်တန့်ရန် မြန်မာမြစ်ချောင်းများကွန်ယက်မှ ကြေညာချက်ထုတ်ပြန်

သံလွင်ရေကာတာစီမံကိန်းများ ရပ်တန့်ရန် မြန်မာမြစ်ချောင်းများကွန်ယက်မှ ကြေညာချက်ထုတ်ပြန်

ရေးသားသူ:
မြန်မာမြစ်ချောင်းများကွန်ယက်မှ ကြေညာချက်(BRN)
မြန်မာမြစ်ချောင်းများကွန်ယက်မှ ကြေညာချက်(BRN)
ဂျူရီချိုင်း – သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာစီမံကိန်းများသည် မြန်မာနိုင်ငံအတွင်းပဋိပက္ခပိုမို ဖြစ်ပေါ်စေပြီး ငြိမ်းချမ်းရေးတည်ဆောက်မှုကိုလည်း တိုက်ရိုက်ဖျက်စီးစေနိုင်သောကြောင့် ၎င်းစီမံကိန်းတို့ကို ချက်ချင်းရပ်တန့်ရန် မြန်မာမြစ်ချောင်းများကွန်ယက်မှ ယနေ့ပြုလုပ်သော သတင်းစာရှင်းပွဲတွင် တိုက် တွန်းတောင်းဆိုလိုက်သည်။

မြန်မာမြစ်ချောင်းကွန်ယက်မှ စိုင်းခေးဆိုင်က “မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အပစ် အခတ်ရပ်စဲထားတာ တော်တော်များများရှိတယ်၊ အဲဒီထဲမှာ ရေကာတာစီမံကိန်း ဆောက်ဖို့ဆိုပြီး မြန်မာစစ်တပ်ဘက် အင်အားတော်တော်များတိုးချဲ့လာတွေတွေ့နေရအတွက် ဒီစီမံကိန်းတွေဖြစ်ရင် ငြိမ်းချမ်း ရေးပဋိပက္ခပြသနာတွေ ထပ်ဖြစ်လာမယ်လို့ယူဆတယ်၊ ဒါတွေမဖြစ်ပေါ်စေဖို့ ကျနော်တို့ ဒီစီမံကိန်းရပ်တန့်ပေးဖို့ တောင်းဆိုလိုက်တာပါ” ဟု ပြောသည်။

အကယ်၍ ရေကာတာစီမံကိန်းတည်ဆောက်ပါက ရေကြီးမှု၊ လယ်ယာမြေနစ်မြုပ်မှုများဖြစ်ပေါ်ပြီး ဒေသခံများလည်း နေရာအပြောင်းအရွှေ့မှုပြသနာများနှင့် ကြုံတွေ့နိုင်သည်ဟု သူက ပြောသည်။

မြန်မာမြစ်ချောင်းကွန်ယက်က ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ ဒိုင်းမွန်းကွန်ဒို၌ ယနေ့ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ တိုက်တွန်းတောင်းဆိုလိုက်ခြင်းဖြစ်သည်။

ယနေ့တွင် ပြုလုပ်သောသတင်းစာရှင်းလင်းပွဲသို့ မြန်မာမြစ်ချောင်းများကွန်ယက်၏ အဖွဲ့ဝင်များဖြစ် သော ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့၊ ရှမ်းသဘာဝပတ်ဝန်းကျင်အဖွဲ့၊ ကရင်နီလူမှုအဖွဲ့ အစည်းများကွန်ယက်၊ သံလွင်ချစ်သူနှင့် တိုးတက်သော မွန်လူငယ်များအစည်းအရုံး တို့က တက်ရောက်ခဲ့ကြသည်။

သံလွင်မြစ်ပေါ်တွင် ရေကာတာတည်ဆောက်ပြီး တရုတ်နှင့်ထိုင်းနိုင်ငံသို့ လျှပ်စစ်ဓါတ်အား တင်ပို့ ရောင်းချရန် စီစဉ်ထားသောစီမံကိန်းများသည် ပဋိပက္ခများမပြီးဆုံးသေးဘဲ စစ်မက်များဖြစ်ပွားလျက်ရှိသော တိုင်းရင်းသားနယ်မြေများအတွင်းတွင် တည်ရှိနေသည်။

အဆိုပါ သံလွင်ရေကာတာစီမံကိန်းများသည် ပွင်းလင်းမြင်သာမှုလုံးဝမရှိသည့်အပြင် ရေကာတာတည်ဆောက်ရာတွင် လိုက်နာရမည့် အပြည်ပြည်ဆိုင်ရာ စံချိန်စံနှုန်းများကို ကျင့်သုံးခြင်း မရှိကြသောကြောင့် မြန်မာမြစ်များကွန်ယက်အနေဖြင့် နောက်ဖြစ်ပေါ်လာမည့်ဆိုးကျိုးများအတွက် အလွန်စိုးရိမ် မိသည်ဟု ၎င်းကြေညာချက်တွင် ဖော်ပြထားသည်။

ယခုနှစ်တွင် အကောင်အထည်ဖော်သွားရန်စီစဉ်ထားသော ကွမ်းလုံစီမံကိန်းအတွက် ပြင်ဆင်မှုများပြုလုပ်ခဲ့ရာတွင် မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေးပြုလုပ်ခဲ့သော ကိုးကန့်တပ်မတော်ကို စီမံကိန်း ဧရိယာမှပထုတ်ရန်အတွက် ၂၀ဝ၉ ခုနှစ်တွင် မြန်မာစစ်တပ် စစ်ဆင်ရေးများကြောင့် ဒုက္ခသည် ၃၀ဝ၀ဝ ကျော် တရုတ်ဘက်သို့ ထွက်ပြေးခိုလှုံခဲ့ရသည်။

ထို့အတူ ယခုနှစ်မေလတွင်လည်း ကရင်ပြည်နယ်အတွင်းရှိ ဟတ်ကြီးရေကာတာစီမံကိန်းဧရိယာတွင် အခြေချလှုပ်ရှားနေသော ဒီကေဘီအေလက်နက်ကိုင်အဖွဲ့အား မြန်မာစစ်တပ်၏နယ်ခြားစောင့်ကို ထိုနေရာမှစွန့်ခွာစေရန်အတွက် တိုက်ခိုက်ခဲ့သည်။

ယခုအခါ မြေမြုပ်မိုင်းများနှင့် ပြည့်နက်နေသော အဆိုပါဟတ်ကြီးရေကာတာစီမံကိန်းဧရိယာတွင် ယခင်နေထိုင်ခဲ့သောဒေသခံအများစုသည် ပြည်တွင်းစစ်ဒဏ်ကြောင့် ထိုင်းနိုင်ငံရှိဒုက္ခသည်စခန်းများသို့ သွားရောက်ခိုလှုံနေထိုင်ခဲ့ရသည်မှာ ဆယ်စုနှစ် မျှပင် ရှိခဲ့ပြီးဖြစ်သည်ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြပါရှိသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ၂၀ ရက်မြောက်နေ့တွင် အလုံမဲဆန္ဒနယ်မှ ဦးခိုင်မောင်ရည်က သံလွင် မြစ်ပေါ်တွင် တည်ဆောက်မည့် လျှပ်စစ် စီမံကိန်းများနှင့် ပတ်သက်၍ မေးမြန်းချက်ရာတွင် ဒု ဝန်ကြီး ဦးမြင့်ဇော်က ထိုစီမံကိန်း ၆ ခုမှာ ၁၄၀ဝ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် အထက်သံလွင် (ကွမ်လုံ)၊ ၁၀ဝ၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် နောင်ဖ၊ ၂၀ဝ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် မန်တောင်း၊ ၇၁၁၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် အထက်သံလွင် (မိုင်းတုံ)၊ ၄၀ဝ၀ မဂ္ဂါဝပ် ထုတ် လုပ်နိုင် မည့် ရွာသစ်၊ ၁၃၆၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ဟတ်ကြီး ရေအားလျှပ်စစ် စီမံကိန်းတို့ ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

အလားတူ မြန်မာနိုင်ငံ၏ ပင်မမြစ်ချောင်းပေါ် ရေကာတာတွေဆောက်လုပ်ခြင်းသည် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေသဖြင့် ရေကာတာစီမံကိန်းများ ရုတ်သိမ်းရပ်တန့်ပေးရန် မြန်မာနိုင်ငံ မြစ်ချောင်းများကွန်ရက်က လွန်ခဲ့သည့် စက်တင်ဘာလတွင် သဘောထားကြေညာချက်ထုတ်ပြန်ပြီး တရုတ်နှင့် ထိုင်း နှစ်နိုင်ငံအစိုးရတို့အား မေတ္တာရပ်ခံ တောင်းဆိုခဲ့သည်။

About မွန်သတင်းအေဂျင်စီ

Check Also

တာဝန်ရပ်လိုက်သည့်ရေးမြို့နယ်ကျေးရွာအုပ်ချုပ်ရေးမှူး (၄) ဦးနေရာ အသစ်ပြန်ရွေးမည်

ပြီးခဲ့သည့် အောက်တိုဘာလကုန်တွင် တာဝန်မှရပ်စဲလိုက်သည့် ရေးမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး (၄) ဦး နေရာတွင် အုပ်ချုပ်ရေးမှူးအသစ်ကို တစ်လအတွင်း ပြန်လည်ရွေးချယ်သွားမည်ဟု ရေးမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးမှူးမှ သိရသည်။ …

Leave a Reply

%d bloggers like this: