မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / မွန်အမျိုးသားနေ့ ကျင်းပရေး ဗဟိုအလုပ်အမှုဆောင် ကော်မတီသစ်ရွေးချယ်

မွန်အမျိုးသားနေ့ ကျင်းပရေး ဗဟိုအလုပ်အမှုဆောင် ကော်မတီသစ်ရွေးချယ်

ရေးသားသူ: >
မွန်အမျိုးသားနေ့ကျင်းပရေး ဗဟိုအလုပ်အမှုဆောင်ကော်မတီသစ်ရွေးချယ်ပွဲMondemo Plus
မွန်အမျိုးသားနေ့ကျင်းပရေး ဗဟိုအလုပ်အမှုဆောင်ကော်မတီသစ်ရွေးချယ်ပွဲ (photo: Mondemo Plus)

ခတ္တာနန်း – ၂၀၁၄ ခုနှစ်တွင်ကျရောက်သော ၆၇ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကျင်းပရေး ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်များကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မွန်ဓမ္မာရုံ၌ ယမန်နေ့ ကျင်းပသော အစည်းအဝေးတွင် အသစ်ရွေးချယ်ဖွဲ့စည်းခဲ့ကြသည်။

၆၇ ကြိမ်မြောက် မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် ဥက္ကဌ နိုင်သက်လွင်၊ ဒု-ဥက္ကဌ(၁) ဒေါက်တာမင်းကြည်ဝင်း၊ ဒု-ဥက္ကဌ (၂) ဒေါက်တာမင်းထွန်းရှိန် (တမော့တိုင်း) ၊ ဒု-ဥက္ကဌ-(၃) နိုင်ငွေ၊ အထွေထွေအတွင်းရေးမှူး မင်းဗညားချမ်း၊ တွဲဖက်အတွင်းရေးမှူး(၁) မင်းစိုးဝင်း (မွန်ရာဇာ)၊ တွဲဖက်အတွင်းရေးမှူး(၂) နိုင်ဗညားဂုဏ်၊ တွဲဖက်အတွင်းရေးမှူး(၃) နိုင်အားမွန်တို့အား ရွေးချယ်ခဲ့ပြီး ဖြစ်သည်။

အစည်းအဝေးတက်ရောက်ခဲ့သူ မိစုက “ပြီးခဲ့တဲ့နှစ် ကျင်းပရေးကော်မတီဥက္ကဌ နိုင်တင်အောင်က ၆၆ ကြိမ်မြောက်ကုန်ကျစရိတ်စာရင်းတွေကို ရှင်းတယ်၊ မနှစ်ကစုစုပေါင်း ၃၆ သန်းကျော် ကုန်ခဲ့တယ်၊ လက်ကျန်ငွေနဲ့ စာရင်းတွေကို ကျင်းပရေးကော်မတီအသစ်လက်ထဲ လွှဲအပ်ပေးခဲ့တယ်” ဟု ပြောသည်။

အစည်းအဝေး တက်ရောက်လာသည့် မြို့နယ်ကိုယ်စားလှယ်များထဲမှ ဗဟိုကော်မတီဝင်ကိုယ်စားလှယ်အဖြစ် တစ်မြို့နယ်လျှင်၃ ဦးစီရွေးချယ်ခဲ့ပြီး ဗဟိုအခန်းအနားကျင်းပမည့် မြို့နယ်အတွက် ကိုယ်စားလှယ် ၆ ဦးရွေးချယ်ခဲ့ကြောင်း၊ စုစုပေါင်း မွန်အမျိုးသားနေ့ကျင်းပရေး ဗဟိုကော်မတီ ၃၃ ဦးတို့အား ရွေးချယ်ခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့နယ်ကိုယ်စားလှယ် နိုင်စိုးမြင့်က “ ဆပ်ကော်မတီရွေးချယ်ပြီးသွားရင်တော့ ပြိုင်ပွဲအစီအစဉ်တွေ၊ ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ အစီအစဉ်တွေကို ဗဟိုကော်မတီနဲ့ ဆပ်ကော်မတီတွေရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆက်လုပ်သွားကြမယ်” ဟု ပြောသည်။

လာမည့်နိုဝင်ဘာလ ၂ ရက်နေ့တွင် သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းစဉ်များရေးဆွဲရန် ဆပ်ကော်မတီများ ဆက်လက်ရွေးချယ်ဖွဲ့စည်းသွားမည် ဖြစ်သည်။

ယခုကျင်းပသည့် မွန်အမျိုးသားနေ့ကျင်းပရေး ဗဟိုကော်မတီဝင်များရွေးချယ်သည့်အစည်းအဝေးတွင် မြို့နယ်ကိုယ်စားလှယ် ၇၀ ဦးခန့် တက်ရောက်ခဲ့သော်လည်း အင်းဝ(မန္တလေးတိုင်း)၊ ဘီးလင်း၊ ခေါဇာ (ရေးတောင်ပိုင်း)၊ လမိုင်းမြို့နယ်ခွဲ၊ ရေဖြူ၊ ရေး၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ၊ မြဝတီ စသည့် မြို့နယ်ကိုယ်စားလှယ်များ တက်ရောက်လာခြင်း မရှိသေးပေ။

ရွေးချယ်ထားသည့် (၆၇) ကြိမ်မြောက် မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီများထဲတွင် မွန်ဒီမိုကရေစီပါတီမှ အင်အားစုများ ၉၀ ရာခိုင်နှုန်းကျော် ပါဝင်နေသဖြင့် ဝေဖန်စရာဖြစ်နေသည်ဟုလည်း မွန်အမျိုးသားရေးလှုပ်ရှားမှုနှင့် ပတ်သက်သော လူမှုကွန်ယက်အင်တာနက်စာမျက်နှာများတွင် ရေးသားထောက်ပြထားသည်။

ကမာဝက်တိုက်နယ်မှ မွန်လူငယ်တစ်ဦးက “ မြို့နယ်ပေါင်းစုံက နိုင်ငံရေးအဖွဲ့အစည်းထဲမပါတဲ့ ပုဂ္ဂိုလ်တွေ ဗဟိုကော်တီထဲ ပါဝင်စေချင်တယ်။ ပါတီတစ်ခုထဲက ပုဂ္ဂိုလ်တွေများများပါနေတာ၊ တခြားမွန်ပါတီက လူတွေမပါဝင်နိုင်တာက ဝေဖန်စရာဖြစ်နေတယ်” ဟု ပြောသည်။

(၆၇) ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟိုစင်မြင့်အခန်းအနားကို မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်ကျေးရွာ၌ လာမည့် ၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလ ၁၅ (တပို့တွဲလပြည့်ကျော်-၁ ) ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည် ဖြစ်သည်။

ထို့အတူ မုဒုံမြို့နယ်မွန်အမျိုးသားနေ့ အခန်းအနားကိုလည်း ကမာဝက်ကျေးရွာရှိ ဗဟိုစင်မြင့်အခမ်းအနားတွင် တပေါင်းတစည်းတည်း ကျင်းပမည်ဟုလည်း ယခုလ ၁၃ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် မုဒုံမြို့နယ် မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီ၏ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

မွန်အမျိုးသားနေ့ကျင်းပရေး(ဗဟို)အား နှစ်စဉ်နှစ်တိုင်း မြို့နယ်တစ်ခုစီတွင် အလှည့်ကျအခမ်းအနားများကို သတ်မှတ်ကျင်းပနေသကဲ့သို့ မွန်တိုင်းရင်းသားအများစုနေထိုင်ကြသည့် အခြားမြို့နယ်၊ ကျေးရွာများနှင့် ပြည်ပနိုင်ငံများတွင်လည်း အလားတူ တစ်ရက်တည်း၊ တပြိုင်တည်းကျင်းပလေ့ရှိသည်။

ယခင်နှစ် (၆၆) ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟိုအခန်းအနားကို မွန်ပြည်နယ်၊ ပေါင်မြို့တွင် ၃ ရက် ၃ ညတိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ သောင်းနှင့်ချီသော လူထုပရိသတ်များ တက်ရောက်ခဲ့ကြသည်။

About မွန်သတင်းအေဂျင်စီ

Check Also

အိမ်ကြီးပေါ်အိမ်ငယ်ဆောက်သဖြင့် ပါတီတွင်းသဘောထားကွဲနေဟု ဒေါက်တာမင်းစိုးလင်းဝေဖန်

မွန်အမျိုးသားပါတီ MNP ပါတီတွင်း အိမ်ကြီးပေါ်အိမ်ငယ်ဆောက်ထားသဖြင့် သဘောထားများကွဲနေပြီး မိမိသည်လည်း ပါတီမှထုတ်ပယ်ခံလိုက်ရကြောင်း ရေးမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မြေ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်းက ဇူလိုင်လ ၂၀ ရက်နေ့တွင် …

Leave a Reply

%d bloggers like this: