မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / ရေးမြို့- ဘုရားသုံးဆူနယ်စပ် မော်တော်ကားလမ်းပိုင်းတိုင်းတာမှုပြီးစီး

ရေးမြို့- ဘုရားသုံးဆူနယ်စပ် မော်တော်ကားလမ်းပိုင်းတိုင်းတာမှုပြီးစီး

ရေးသားသူ:

မင်းလုံး – မွန်ပြည်နယ်၊ ရေးမြို့ တံတားဖြူမှ ဘုရားသုံးဆူအနီးရှိ ကျုံကွီးရွာအထိ ရာသီမပြတ်သွားလာနိုင်မည့် မော်တော်ကားလမ်းဖေါက်လုပ်ရေးအတွက် ပဏာမတိုင်းတာမှုများ လွန်ခဲ့သည့်သောကြာနေ့တွင် ပြီးစီးခဲ့ပြီဟု သိရသည်။

ရေး-ဘုရားသုံးဆူလမ်း၌ ပွင့်လင်းရာသီတွင်ပြေးဆွဲနေသောကားတစ်စီး(BNA)
ရေး-ဘုရားသုံးဆူလမ်း၌ ပွင့်လင်းရာသီတွင်ပြေးဆွဲနေသောကားတစ်စီး(BNA)
မွန်ပြည်သစ်ပါတီလက်အောက်ခံ ရာမညကုမ္ပဏီလီမိတက်မှ လမ်းတိုင်းတာရေးဦးစီးတာဝန်ခံ အင်ဂျင်နီယာ ဦးဌေးဝင်းက “စုစုပေါင်း ၄၇ မိုင် ၁ ဖာလုံကျော်ဝေးတယ်၊ ချောင်းကူးတံတား ၅ ခုလောက်တည်ဆောက်ရပါမယ်၊ ကျန်တာက တံတားအသေးတွေပါ” ဟု ပြောသည်။

ယင်းလမ်းတိုင်းတာမှုများကို ရေးမြို့အထွက် တံတားဖြူအရှေ့ဘက်မှ စတင်ဆောင်ရွက်ခဲ့ရာတွင် ဘုရားသုံးဆူမြို့အဝင် ကျုံကွီးရွာအရောက် လုပ်သားအင်အား ၁၇ ဦးဖြင့် အချိန်နှစ်လတိတိကြာမြင့်သည်ဟု ဆိုသည်။
သူက “ဟိုးအရင် နတလစီမံကိန်းလက်ထက်က ဒီလမ်းကိုတိုင်းခဲ့တာ ၄၂ မိုင်ပဲရှိတယ်လို့ဆိုပါတယ်၊ အခု ၅ မိုင်ကျော်ပိုလာတာပေါ့၊ တောင်ပေါ်လမ်းလည်းဖြစ်တော့ ကျနော်တို့က GPS ရော လူရော ကရိယာတွေပါ အကွေ့အဝိုက် အနိမ့်အမြင့် အတိအကျတိုင်းခဲ့တာပါ” ဟု ပြောသည်။

မွန်ပြည်သစ်ပါတီ၊ ဒေသဖွံ့ဖြိုးရေးရုံးတာဝန်ခံ ဒုဗိုလ်မှူးကြီး အမ်စိုက်ချမ်းက “ နေရာအလိုက် မြေလမ်း၊ ကျောက်ခင်းလမ်း၊ ကတ္တရာလမ်းနေရာ ရွေးချယ်ရပါတယ်၊ မြစ်ကူးတံတားတွေဆောက်လုပ်ဖို့လိုတယ်၊ ဒါတွေကိုကုန်ကျစရိတ်ခန့်မှန်းတွက်ချက်ပြီး အထက်ကိုတင်ပြရဦးမှာပါ” ဟု ပြောသည်။

ရေးမြို့-တံတားဖြူမှ ဖလန်းချောင်းဝအထိ ၁၀ မိုင်လမ်းပိုင်းကို ယာယီကျောက်လမ်းခင်းထား၍ လာမည်ပွင့်လင်းရာသီအချိန်တွင် ကတ္တရာလမ်းခင်းရန် စီစဉ်လျှက်ရှိပြီး ကျန်လမ်းပိုင်းကို အောက်ခံမြေသားမာကျောစေရန် ကျောက်ခင်းမြေသားလမ်းအဖြစ် ၃ နှစ်ခန့်ထားရှိမည်ဟုလည်း သူကဆိုသည်။

အလားတူ ဘုရားသုံးဆူ-သံဖြူဇရပ်မြို့နှင့် ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးမြို့သို့ ဆက်သွယ်မည့် မော်တော်ကားလမ်းများကိုလည်း လာမည့်ပွင့်လင်းရာသီတွင် ဆက်လက်ဖောက်လုပ်မည်ဟုလည်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဘုရားသုံးဆူနယ်စပ်သို့ ရောက်ရှိစဉ် ပြောကြားခဲ့သည်။

သံဖြူဇရပ်မြို့နယ်၊ သက္ကော့ကျေးရွာမှ ဘုရားသုံးဆူမြို့အထိ အရှည် ၆၄ မိုင် ၅ ဖာလုံရှိသည့် မြေသားလမ်းကို
ယခုနှစ်အတွင်း ဖောက်လုပ်မည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်မတိုင်မီကတ္တရာလမ်းချောကို အပြီးသတ်ဖောက်
လုပ်သွားမည်ဟုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ သိရသည်။

ထို့အတူ အရှည် ၅၇ မိုင်ကျော်ကွာဝေးသည့် ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးမြို့ မော်တော်ကားလမ်းကိုလည်း ကေအဲန်ယူလက်အောက်ခံ ရွှေချောင်းဆုံကုမ္ပဏီက နိုင်ငံတော်ဘတ်ဂျက်ဖြင့် ယခုနှစ်ဆန်းပိုင်းမှ စတင်ဖောက်လုပ်ခဲ့ရာ ယခုမိုးရာသီကာလတွင် ခေတ္တရပ်နားထားလျှက် ရှိသည်။

၄င်းအပြင် ထိုင်းနိုင်ငံနှင့် ဆက်သွယ်နိုင်မည့် ဘုရားသုံးဆူ- သံဖြူဇရပ် – မီးရထားလမ်း ဖောက်လုပ်နိုင်ရန်
လေ့လာစမ်းသပ်ချက်များ ပြုလုပ်ခဲ့ပြီးနောက် ရထားပို့ဆောင်ရေးပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်က ယခင် ယိုးဒယား-မြန်မာမီးရထားလမ်းကို အကောင်အထည်ဖော်မည်ဟုလည်း သတင်းဌာနများသို့ ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်သည်။
သို့ရာတွင် ဘုရားသုံးဆူသည် မြို့နယ်ခွဲအဆင့်သာ သတ်မှတ်ခံထားရသဖြင့် တရားရုံးနှင့် ဘဏ်ခွဲများထားရှိခွင့် မပြုသောကြောင့် ထိုင်းနိုင်ငံနှင့်နယ်ခြားကုန်သွယ်မှုတရားဝင်လမ်းကြောင်းဖွင့်လှစ်နိုင်ရန် အခက်အခဲရှိနေသေးသည်ဟု ကရင်ပြည်နယ်ဝန်ကြီးချုပ် မိန့်ခွန်းအရသိရသည်။
ဘုရားသုံးဆူဒေသသည် မွန်၊ ကရင်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ လှုပ်ရှားရာဒေသဖြစ်ပြီး လက်ရှိတွင် မွန်ပြည်သစ်ပါတီ၊ ကေအဲန်ယူ၊ ဒီကေဘီအေ၊ ကေအဲန်ယူငြိမ်းချမ်းရေးကောင်စီ၊ နယ်ခြားစောင့်တပ်ဖွဲ့နှင့် မြန်မာအစိုးရတပ်ဖွဲ့များ လှုပ်ရှားလျှက်ရှိသည်။

၄င်းလက်နက်ကိုင်တပ်ဖွဲ့တို့သည် ဘုရားသုံးဆူ-ရေး၊ ဘုရားသုံးဆူ-သံဖြူဇရပ်၊ ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးလမ်းမများပေါ်တွင် ဂိတ်စခန်းများဖွင့်လှစ်ကာ နယ်မြေဖြတ်သန်းခများ ကောက်ခံလျှက်ရှိသည်ကို တွေ့ရသည်။

About မွန်သတင်းအေဂျင်စီ

Check Also

ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းတွင် တံတား ၂ စင်း ရေစီးထဲမျော၍ လမ်းပိတ်ထား

မိုးသည်းထန်စွာရွာပြီး တောင်ကျရေတိုက်စားမှုကြောင့် ကရင်ပြည်နယ်၊ကြားအင်း ဆိပ်ကြီး-ဘုရားသုံးဆူလမ်းရှိ တံတား(၂)စင်း ရေစီးထဲ မျောပါသွားပြီး လမ်းခရီးသွားလာမှု ခေတ္တပြတ်တောက်နေကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ သတင်းရရှိသည်။ Related

Leave a Reply

%d bloggers like this: