spot_img
Thursday, April 25, 2024
More
    spot_img
    Homeသတင်းမြန်မာကိုယ်စားလှယ်အဖွဲ့နှင့် UNFC ဒုတိယအကြိမ် ဆွေးနွေးပွဲ တိုးတက်မှုမရှိ

    မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် UNFC ဒုတိယအကြိမ် ဆွေးနွေးပွဲ တိုးတက်မှုမရှိ

    -

    မင်းသုတ – မြန်မာအစိုးရဝန်ကြီးဦးအောင်မင်းခေါင်းဆောင်သော ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဒုတိယအကြိမ်ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲ ယနေ့(စက်တင်ဘာ ၈-ရက်)တွင်ကျင်းပခဲ့ရာ တိုးတက်မှုရလဒ်များမတွေ့ရှိကြောင်း ယင်းတို့၏ပူးတွဲကြေညာချက်အရ သိရသည်။

    ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ယနေ့တစ်ရက်တာကျင်းပခဲ့သော အစည်းအဝေးအပြီးတွင် အချက် ၄ ချက်ပါ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

    ယင်းထုတ်ပြန်ချက်တွင် နှစ်ဖက်အလုပ်အဖွဲ့များ(Technical Team) အခါအားလျှော်စွာ ဆက်လက်တွေ့ဆုံညှိနှိုင်းပြီး နိုင်ငံရေးဆွေးနွေးပွဲပေါ်ပေါက်သည်အထိ ကြိုးပမ်းသွားကြရန်နှင့် နောက်တစ်ကြိမ်ညှိနှိုင်းအစည်းအဝေးကို သင့်လျှော်သည့်အချိန်နှင့် နေရာတွင်ကျင်းပသွားရန် ဆွေးနွေးခဲ့ကြသည်ဟု အဓိကဖေါ်ပြပါရှိသည်။

    ယင်းဆွေးနွေးပွဲသို့ ညီညွတ်သောတိုင်းရင်းသားမဟာမိတ်များအဖွဲ့ UNA ကိုယ်စားလှယ်အဖြစ် တက်ရောက်လေ့လာသူ မွန်ဒီမိုကရေစီအလုပ်အမှုဆောင် နိုင်စိုးမြင့်က “UNFC နဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ နှစ်ဖက်သဘောတူညီမှုက ဒီထုတ်ပြန်ချက်အတိုင်းပါပဲ၊ ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြပေမယ့် ကြေနပ်လောက်တဲ့အဖြေမရခဲ့ပါဘူး” ဟု ပြောသည်။

    UNFC တင်ပြချက်များတွင် တိုင်းရင်းသားညီလာခံ(ချင်းမိုင်)၏ လမ်းပြမြေပုံပါ အချက်များ၊ အခြေခံဥပဒေအသစ်ရေးဆွဲရေး၊ တစ်နိုင်ငံလုံးအပစ်ရပ်စဲနိုင်ရေးအတွက် တပ်နေရာချထားရေးကိစ္စများ ပါရှိသည်။

    ဆွေးနွေးပွဲတွင် ဝန်ကြီးဦးအောင်မင်းက “ဦးနိုင်ဟံသာတို့တောင်းဆိုချက်အတိုင်း ခင်ဗျားတို့ခေါ်တဲ့နေရာကို ကျနော်တစ်ခုမှ မငြင်းခဲ့ပါဘူး၊ လိုက်ခဲ့ပြီးပါပြီ၊ လာမယ့်ဆွေးနွေးပွဲကိုတော့ ကျနော်ခေါ်တဲ့နေရာကို ခင်ဗျားတို့ လိုက်လာဖို့လိုအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။

    ဝန်ကြီးဦးအောင်မင်းက ရှေ့ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ မြန်မာ့ငြိမ်းချမ်းရေးစင်တာ၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံအရေးကို မြန်မာ့မြေပေါ်တွင် ဆွေးနွေးအဖြေရှာလိုသည်ဟု ဆိုသည်။

    ထို့အပြင် တစ်ပြည်လုံးအတိုင်းအတာဆောင်သော အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ ကျင်းပသည့်အခါ အပစ်ရပ်အဖွဲ့များ လာရောက်လိမ့်မည်ဟုလည်း မျှော်လင့်ကြောင်း ဦးအောင်မင်းက ဆက်ပြောသည်။

    ဆွေးနွေးပွဲသို့ ဝန်ကြီးဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့တွင် လဝကဝန်ကြီး ဦးခင်ရီ၊ မြန်မာငြိမ်းချမ်းရေးစင်တာမှ ဦးလှမောင်ရွှေနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

    ထို့အတူ UNFC ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် နိုင်ဟံသာ(NMSP) ဦးဆောင်၍ ဒေါက်တာလဂျာ(KIO)၊ နော်စီဖိုးရာစိန်(KNU) နှင့် UNFC အဖွဲ့ဝင် ၁၁ ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

    မြန်မာအစိုးရပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ပထမအကြိမ်ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲကို ယခုနှစ် ဖေဖေါ်ဝါရီလ၌ ချင်းမိုင်မြို့တွင် ကျင်းပခဲ့ပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,700SubscribersSubscribe
    spot_img

    Latest posts