spot_img
Friday, March 29, 2024
More
    spot_img
    Homeဆောင်းပါးအတိတ်ဇူလိုင်ရဲ့ အရိပ်မဲကြီး

    အတိတ်ဇူလိုင်ရဲ့ အရိပ်မဲကြီး

    -

    ဗညားအောင် – မွန်တိုင်းရင်းသားတော်လှန်ရေးကို စတင်ဦးဆောင်ခဲ့တဲ့ပြည်သူ့တပ်ဦးဟာ လွန်ခဲ့တဲ့ ၅၅ နှစ်ကာလကတည်းက အခုလို ဇူလိုင်လထဲမှာ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို စွန့်လွှတ်ပြီး တရားဥပဒေဘောင်အတွင်းကနေ မွန်တိုင်းရင်းသားအခွင့်အရေးတွေကို တောင်းဆို တိုက်ပွဲဝင်ခဲ့တယ်လို့ သမိုင်းမှတ်တမ်းတွေ ရှိခဲ့ပါတယ်။

    မွန်ပြည်သူ့တပ်ဦး ဥက္ကဌနိုင်အောင်ထွန်း(Copy)
    မွန်ပြည်သူ့တပ်ဦး ဥက္ကဌနိုင်အောင်ထွန်း(Copy)

    မွန်ပြည်သူ့တပ်ဦးဟာ ဥပဒေဘောင်အတွင်း မွန်ပြည်နယ်ရရှိရေးအတွက် ဆက်လက်တိုက်ပွဲဝင်ဖို့ ၁၉၅၈ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့ မှာ အစိုးရနဲ့ငြိမ်းချမ်းရေးသဘောတူညီမှုရရှိခဲ့ပြီး ဇူလိုင် ၂၃ ရက်နေ့မှာ တပ်ဦးအဖွဲ့ဝင် ၁၁၁၁ ဦးတိတိ ဝန်ကြီးချုပ်ဦးနုအစိုးရထံ လက်နက်အပ်နှံပွဲ ကျင်းပခဲ့ပါတယ်။ တဆက်ထဲ မွန်ကျေးရွာကြီးတွေမှာ ကြိုဆိုပွဲတွေလုပ်ခဲ့ကြတာ သိပ်ကိုစည်ကားတယ်လို့လည်း အဲဒီခေတ်ကာလ ကြုံဆုံခဲ့ဘူ့းသူတွေက ဆိုကြပါတယ်။

    ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးချိန်မှာ မွန်၊ ကရင်၊ ရခိုင်တိုင်းရင်သားတွေအတွက် ပြည်နယ်သတ်မှတ်ပေးခြင်းမရှိခဲ့ပါ။ လက်ရှိ မွန်ပြည်နယ်ကို တနင်္သာရီတိုင်း(၁) လို့လည်း သတ်မှတ်ခေါ်ဆိုခဲ့ပါတယ်။

    ရာဇဝင်သမိုင်းတွေထဲ ပထဝီနယ်မြေအရ သုဝဏ္ဏဘူမိ၊ ဟံသာဝတီ၊ မုတ္တမ ဆိုပြီး ရာမညတိုင်း ခေါ် လက်ရှိအောက်မြန်မာပြည်မှာ နှစ်ပေါင်းထောင်နဲ့ချီ ကိုယ့်ထီးကိုယ့်နန်း အချုပ်အချာ အာဏာ ခိုင်ခိုင်မာမာနဲ့ နေထိုင်လာခဲ့ကြတဲ့ လူမျိုးတစ်မျိုးကို သူ့ကျွန်ဘဝလွတ်မြောက်လာကာစ လွတ်လပ်ရေးရလာတဲ့အခါ ဗမာ့ခေါင်းဆောင်တွေဟာ အမည်ခံပြည်နယ်အဆင့်တစ်ခုမျှတောင် သတ်မှတ်ခြင်းမပြုခဲ့ပါ။ အဲဒါကြောင့် မွန်တို့ရဲ့ တော်လှန်ရေးခရီးအစမှာ မွန်ပြည်နယ်ရရှိရေးကိုသာ အဓိကထား တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

    မွန်တော်လှန်ရေးဖြစ်စဉ်တွေမှာ ကိုယ်တိုင်ပါဝင်ခဲ့သူ နိုင်ငွေသိမ်း (လက်ရှိ မွန်ဒီမိုကရေစီပါတီဥက္ကဌ) က “ရေဒီယိုကနေ တဆင့် နိုင်ငံတော်ဝန်ကြီးချူပ်ဦးနု ပြောကြားသွားတဲ့မိန့်ခွန်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ လက်နက်စွန့်ရင် သင်ပုန်းချေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ တရားဝင်တည်ရှိခွင့်တို့ကို ဥပဒေပြု ပြဌာန်းပေးမယ်၊ ဒီမိုကရေစီ အပြည့်အဝ ရစေရမယ်၊ မွန်ပြည်နယ်ကို ဖေါ်ထုတ်ပေးမယ့် အချက်တွေပါရှိခဲ့တယ်” လို့ ပြောပါတယ်။ အဲဒီကာလ မွန်ပြည်သူ့တပ်ဦး(၁၉၄၈-၅၈) ရဲ့ ဌာနချုပ်ဟာ ယခုသံဖြူဇရပ်မြို့နယ်၊ ဝဲခမိရွာနဲ့ စခန်းကြီးကျေးရွာအနီးတဝိုက်မှာ အခြေပြုတယ်လို့လည်း သိရပါတယ်။

    သူက “အဲဒီလို ဦးနုအစိုးရကမ်းလှမ်းချက်တွေကို ကျနော်တို့မွန်ပြည်သူ့တပ်ဦး ဗဟိုကော်မတီအများစုက လက်ခံပြီးတော့ ကျနော်နဲ့ နိုင်ချမ်း(နိုင်ချမ်းမွန်) ကို အစိုးရကိုယ်စားလှယ်တွေနဲ့တွေ့ဖို့ နိုင်အောင်ထွန်း တာဝန်ပေးလိုက်တယ်” လို့ ဆိုပါတယ်။ သံဖြူဇရပ်မြို့၊ ခလရ ၂၈ တပ်ရင်းမှာ အစိုးရကိုယ်စားလှယ်တွေနဲ့ ပထမအကြိမ်တွေ့ဆုံဖြစ်ခဲ့ပေမယ့် ဆွေးနွေးပွဲမအောင်မြင်ခဲ့ပါ။ အစိုးရကိုယ်စားလှယ်များကို မြန်မာစစ်တပ်အရာရှိ ဗိုလ်မှူးကြီးဘသန်း(ဓမ္မိက ဦးဘသန်း) ဦးဆောင်တယ်လို့ သိရပါတယ်။ နှစ်ဖက်တွေ့ဆုံ ဆွေးနွေးပွဲကို သံဖြူဇရပ်မြို့၊ ခလရ (၂၈) တပ်ရင်းမှာ ကျင်းပခဲ့တာပါ။

    “အစိုးရကိုယ်စားလှယ်တွေဆိုပေမယ့် အားလုံးစစ်တပ်ကအရာရှိတွေပါပဲ၊ သူတို့ပြောတာက ကျနော်ခေါင်းဆောင်တဲ့အဖွဲ့နဲ့ မဆွေးနွေးလိုဘူးတဲ့၊ အဲဒီတော့ ဌာနချုပ်ကိုပြန်ပြီးတင်ပြတော့ နိုင်အောင်ထွန်းက ဗဟိုကော်မတီဆုံးဖြတ်ချက်အတိုင်းပဲဆက်လုပ်၊ လူတော့ လဲမပေးနိုင်ဘူး၊ အဲဒီတော့ နိုင်ဆိတ်(နိုင်ဆိတ်နို့) ကို ကိုယ်စားလှယ်တစ်ဦးထပ်ထည့်ပြီး သွားဆွေးနွေးကြပြန်တယ်” လို့ ပွင့်လင်းစွာနဲ့ နိုင်ငွေသိမ်း ရှင်းပြပါတယ်။

    သူက “ကျနော်တို့ ပထမတောင်းဆိုချက်မှာ မွန်ပြည်သူ့တပ်ဦး ဗဟိုကော်မတီအများစုက လက်နက်စွန့်မယ်လို့ကြေညာရင် ဥပဒေဘောင်အတွင်း တရားဝင်ရပ်တည်ခွင့်ပြုပါ၊ ကျန်တဲ့အချက်တွေကတော့ ရုံးဖွင့်ခွင့်တို့၊ ထောက်ပံ့ရေးတို့တောင်းခံတာလည်းရှိတယ်၊ အဓိကတောင်းဆိုတာ မွန်ပြည်သူ့တပ်ဦး တရားဝင်ဖြစ်ဖို့ပါပဲ” လို့ ဆက်ပြောပါတယ်။

    မွန်ပြည်သူ့တပ်ဦး ဗဟိုကော်မတီ ၁၀ ဦးရှိတဲ့အနက် ၈ ဦးက အစည်းအဝေးကျင်းပခဲ့ပြီး လက်နက်စွန့်ဖို့ သဘောတူညီကြတယ်လို့ ဆိုပါတယ်။ ကျန် ၂ ဦးကတော့ ပဲခူးရိုးမရှိ ဗမာပြည်ကွန်မျူနစ်ပါတီဌာနချုပ်ကိုရောက်ရှိနေတဲ့ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ နိုင်ရွှေကျင်(ကွယ်လွန်သူ မွန်ပြည်သစ်ဥက္ကဌဟောင်း) နဲ့ ဘန်ကောက်ကိုရောက်ရှိနေတဲ့ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ နိုင်ထွန်းသိန်း(မွန်ဒီမိုကရေစီပါတီ-ဂုဏ်ထူးဆောင်နာယကကြီး) တို့နှစ်ဦး အစည်းအဝေး မတက်ရောက်နိုင်ခဲ့ပါ။

    မွန်ပြည်သူ့တပ်ဦးအနေနဲ့ ပြည်နယ်ရရှိရေးအတွက် ဥပဒေဘောင်အတွင်းကနေ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဒေသခံမွန်ပြည်သူတွေကို ရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။ လက်နက်ကိုင်လမ်းစဉ်ကို မကျင့်သုံးပဲနဲ့ လွှတ်တော်ပါလီမန်ကနေ မွန်အမျိုးသားအခွင့်အရေးတွေကို ဆက်လက်တောင်းဆိုသွားမယ်။ မဟာဗျူဟာကို မပြောင်းလဲဘူး၊ နည်းဗျူဟာကို ပြောင်းလဲတာလို့လည်း မွန်ပြည်သူတွေကို ချပြခဲ့တယ်လို့ ဆိုပါတယ်။

    အချို့ခေါင်းဆောင်တွေအနေနဲ့ ဖဆပလအစိုးရအပေါ်အယုံအကြည်မရှိတဲ့အတွက် အချို့သောလက်နက်ကောင်းတွေကို ဖွက်ထားပြီး အချို့ကိုသာ အပ်နှံစေဖို့ နိုင်အောင်ထွန်းကို အကြံပြုတင်ပြခဲ့ပေမယ့် “မွန်တွေအနေနဲ့ ရိုးသားမှုမရှိလျှင် မိမိရန်သူနဲ့ ယုံကြည်မှုကို တည်ဆောက်နိုင်မှာ မဟုတ်ဘူး” လို့ပြောဆိုခဲ့ပြီး လက်နက် တစ်လက်မကျန် အကြွင်းမဲ့အပ်နှံခဲ့တာပါ။

    နှစ်ဖက်ကိုယ်စားလှယ်တွေ ဒုတိယအကြိမ် ပြန်လည်ဆွေးနွေးကြပြီးနောက် ၁၅ ရက်ခန့်အကြာမှာ အစိုးရက သဘောတူကြောင်း အကြောင်းပြန်ကြားခဲ့ပါတယ်။ အဲဒါကြောင့် ဇူလိုင် ၁၉ ရက်နေ့မှာ တရားဝင် သဘောတူညီမှုပြုလုပ်ပြီး ဇူလိုင်လ (၂၃) ရက်နေ့၊ မော်လမြိုင်မြို့၊ မိုင်ဒါကွင်းမှာ “မွန်ပြည်သူ့တပ်ဦး၏ လက်နက်ကိုင်တိုက်ပွဲအသွင်မှ ဥပဒေဘောင်အတွင်းသို့ ပြောင်းလဲခြင်းအခမ်းအနား” ကျင်းပရာခဲ့ရာမှာ ထောင်နဲ့ချီတဲ့ လူထုပုရိသတ်ကြီးတွေ တက်ရောက်ခဲ့ပါတယ်။

    နိုင်ထွန်းသိန်းက “ဗမာအစိုးရရဲ့အကြံအစည်အတိုင်းအလိမ်မခံမိဖို့ ထိုင်းမွန်တွေက ကျနော်တို့ကို အတန်တန်သတိပေး ကြပါတယ်၊ အဲဒီအချိန်က အာဏာရထိုင်းအစိုးရတွေမှာ မွန်တွေအများကြီး ပါရှိနေတယ်၊ ကျနော်တို့ဗဟိုကော်မတီအများစုက သဘောတူထားတာ အကျိုးအကြောင်းရှင်းပြပြီး ဘန်ကောက်ကနေ မြဝတီကတဆင့် အခမ်အနားကို အချိန်မှီတက်ရောက်နိုင်ခဲ့တယ်”လို့ ပြောပါတယ်။ ဗဟိုကော်မတီဝင်နိုင်ရွှေကျင် တစ်ဦးထဲသာ မြန်မာအစိုးရထံ လက်နက်စွန့်ပြီး တရားဥပဒေဘောင်ဝင်ရောက်တဲ့လုပ်ရပ်ကို လက်မခံခဲ့ပါ။

    ဇူလိုင် ၂၃ ရက်နေ့ မော်လမြိုင်မြို့ရှိ မိုင်ဒါကွင်းအခမ်းအနားကျင်းပခဲ့စဉ် နိုင်အောင်ထွန်းရဲ့မိန့်ခွန်း(မူလမှတ်တမ်းပါရေးသားချက်) မှာ “(၁) ဆယ်နှစ်ဆယ်မိုးကျော်ခန့် ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်၏ ဘေးဒါဏ်ကြောင့် မွန်အမျိုးသားအပါအဝင် ပြည်သူ့လူထုကြီးတရပ်လုံးမှာ သားသေလင်ကွဲ ပစ္စည်းဥစ္စာ အိမ်ရာအဆောက်အဦ ကုဋေကုဋာ ပျက်စီးဆုံးပါးပြီး ဒုက္ခပင်လယ် ဝေနေတာကို ခံစားနေကြရတဲ့အတွက် စစ်မလိုလားတဲ့ ပြည်သူတရပ်လုံးဟာ ပြည်တွင်းငြိမ်းချမ်းရေးတိုက်ပွဲကို မနားမနေ တိုက်ပွဲဆင်နွှဲခဲ့ခြင်းသည် မွန်ပြည်သူ့တပ်ဦး၏ ပြည်တွင်းငြိမ်းချမ်းရေးလမ်းစဉ်နှင့် ကိုက်ညီသည့်အတွက် ပြည်သူ့ဆန္ဒအရ ပြည်တွင်းငြိမ်းချမ်းရေးကို ပြန်လည် တည်ဆောက်လိုခြင်းကြောင့် တကြောင်း။

    ယနေ့ ကမ္ဘာ့အခြေအနေနှင့် ပြည်ထောင်စု၏ လက်ရှိ အခြေအနေများကို သုံးသပ်ပါက ပြည်ပနယ်ချဲ့အန္တရာယ်ဟာ ဒီပြည်ထောင်စုအတွက် အလွန်ပင် စိုးရိမ်ဘွယ်ရာကောင်းကြောင်းကို ဝန်ကြီးချူပ် ဦးနုကိုယ်တိုင်လည်း မိန့်ကြားခဲ့ပြီး ဖြစ်ပါတယ်၊ ဒီစိုးရိမ်ဘွယ်ရာကောင်းတဲ့ ပြည်ပနယ်ချဲ့ အန္တရာယ်ကို ကာကွယ်ဖို့ရန်မှာ ပြည်ထောင်စုအတွင်းရှိ လူမျိုးတိုင်းတို့၏ မဟာတာဝန်ကြီးတရပ်ဟု ယူဆပါတယ်။

    အဲဒီကြောက်မက်ဘွယ်ကောင်းတဲ့ အန္တရာယ်ကြီးကို ကာကွယ်ဘို့အတွက် ယနေ့အချိန်တွင် အလွန်ရေးကြီးတဲ့ ပြည်တွင်းငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရေးကို မရမနေ ကြိုးပမ်းဆောင်ရွက်ပြီး တရားမျှတခြင်းဖြင့် ကျေနပ်မှုပေါ်တွင် အခြေခံတဲ့ တိုင်းရင်းသားပေါင်းစုံ သွေးစည်းညီညွတ်မှုဖြင့် ခုခံကာကွယ်ကြပါမှ ရနိုင်ပါမယ်လို့၊ ကျွန်တော်တို့ ယုံကြည်ကာကွယ်ကြပါမှ ရနိုင်ပါမယ်လို့ ကျွန်တော်တို့ ယုံကြည်တာလည်းတကြောင်း။

    (၃) ဖ-ဆ-ပ-လ ပြိုကွဲပြီးတဲ့နောက် သန့်ရှင်း ဖ-ဆ-ပ-လ နဲ့ နိုင်ငံတော်အစိုးရရဲ့ သဘောထားလည်းဖြစ်တဲ့ သန့်ရှင်း ဖ-ဆ-ပ-လ ဥက္ကဌကြီး (ဝါ) နိုင်ငံတော်ဝန်ကြီးချူပ်ဦးနု၏ ဇွန်လ (၂၄) ရက်နေ့တွင် မိန့်ကြားသော မိန့်ခွန်းအရ သင်ပုန်းချေ လွတ်ငြိမ်းချမ်းသာခွင့်နှင့် တရားဝင်တည်ရှိခွင့်တို့ကို ဥပဒေပြု ပြဌာန်းပေးမည်ဟု ဆိုထားခြင်း၊ ဒီမိုကရေစီ အပြည့်အဝ ရစေရမည်ဆိုခြင်းနှင့် မွန်အမျိုးသားများအထွက် ပြည်နယ်လိုလားကြောင်း ဆန္ဒပြပါရင် မွန်ပြည်နယ်ကို ဖေါ်ထုတ်ပေးပါမည်ဟု ဂတိပေးထားချက်ကြောင့် နိုင်ငံတော်ဝန်ကြီးချူပ်နှင့် သန့်ရှင်း ဖ-ဆ-ပ-လ ၏ ဂုဏ်သိက္ခာကို ယုံကြည်တာလဲတကြောင်း။

    (၄) လွန်ခဲ့သည့် ဇွန်လ (၂၃) ရက်နေ့ ရန်ကုန်တွင် ကျင်းပသော တပ်မှူးများညီလာခံတွင် မိန့်ကြားသော ဗိုလ်မှူးချူပ်နေဝင်း၏ မိန့်ခွန်းအရ ဗမာတပ်မတော်၏ သဘောထားကို သိရှိရတဲ့အတွက် ဗမာတပ်မတော်၏ ဂုဏ်သိက္ခာကို ယုံကြည်ကိုးစားမိတာလည်းတကြောင်း။

    (၅) ပြည်တွင်းငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရန်အတွက် တိုးတက်သည့်ပြည်သူ့ အဖွဲ့အစည်းများ၏ ဖိတ်ခေါ် ချက်များကို လေးစားသောအားဖြင့်တကြောင်း။

    (၆) နိုင်ငံတော်အစိုးရနှင့် ဗမာ့တပ်မတော်၏ သဘောထားအရ ယနေ့အချိန်တွင် ဥပဒေ ဘောင်အတွင်းမှ ပါလီမန် ဒီမိုကရေစီနည်းအရ ကျွန်တော်တို့၏ နိုင်ငံရေးယုံကြည်ချက်ကို ဖိနှိပ်မှုကင်းရှင်းစွာဖြင့် လက်ကိုင်ပြုနိုင်မည်ဟု ယုံကြည်တာလည်းတကြောင်း။

    (၇) မွန်အမျိုးသားများ၏ ရသင့်ရထိုက်သည့် အခွင့်အရေးမှန်သမျှကို ပါလီမန်ဒီမိုကရေစီနည်းအရ ဥပဒေဘောင် အတွင်း၌ လုပ်ကိုင်ဆောင်ရွက်ခွင့်ရပါက မည်သည့်အခါမှ လက်နက်ကိုင် တော်လှန်ရေးကို လုပ်မည်မဟုတ်ဟု မွန်ပြည်သူ့တပ်ဦးမှ ဆုံးဖြတ်ချိန်တွင် ကျွန်တော်တို့ဟာ လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို လုံးဝ စွှန့်လွှတ်လိုက်ခြင်းဖြစ်ပါကြောင်း”လို့ ပြောကြားခဲ့ပါတယ်။

    အဲဒီကာလတွေမှာ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တွေနဲ့ ပြဿနာအငြင်းပွားစရာတွေ ရှိခဲ့ပါတယ်။ အခမ်းအနားမှာ မွန်ပြည်သူ့တပ်ဦးရဲ့လက်နက်တွေအပြင် တပ်ဦးအလံကိုပါအပ်နှံဖို့ အစိုးရဘက်က တောင်းဆိုခဲ့ပေမယ့် မွန်ပြည်သူ့တပ်ဦး ဆွေးနွေးမှုသဘောတူညီချက်တွေထဲ မပါဝင်တဲ့အတွက် ငြင်းပယ်လိုက်ပါတယ်။ ထို့အပြင် ဇူလိုင် ၁၉ အပြီး နိုင်အောင်ထွန်းရဲ့ ပငရွာမှာ မွန်ပြည်သူ့တပ်ဦး အလံလွှင့်ထူခဲ့တာကိုလည်း အစိုးရဘက်က ပြဿနာရှာခဲ့ပါတယ်။ မကြာမီလွတ်ငြိမ်းချမ်းသာခွင့် ကြေညာပြီးတော့မှ မွန်ပြည်သူ့တပ်ဦးအလံတင်ပါလို့ အစိုးရတွေ အကြောင်းပြပြောဆိုပါတယ်။ မွန်ပြည်သူ့တပ်ဦးအနေနဲ့ လက်နက်စွန့်ပြီးဖြစ်လို့ အလံတင်တာ၊ ရုံးခန်းဖွင့်တာ ခွင့်တောင်းဖို့၊ ကန့်ကွက်ဖို့ မလိုဘူးလို့ ဖြေရှင်းပါတယ်။ မော်လမြိုင်မြို့၊ ထားဝယ်တံတားလမ်းမှာ မွန်လုပ်ငန်းရှင် ဦးစိုးတင်က မွန်ပြည်သူ့တပ်ဦးရုံးခန်းတစ်နေရာပေးထားပြီး မွန်ပြည်သူ့တပ်ဦးအလံကို ထောင်လိုက်ကြပါတယ်။ အလားတူ မွန်ပြည်သူ့တပ်ဦးအလံတွေ၊ ရုံးခန်းတွေက မြို့ပေါ်ကျေးရွာအသီးသီး နေရာအနှံ့ပါပဲ။

    အဲဒီလိုလက်နက်အပ်နှံလိုက်တဲ့အတွက် မွန်ပြည်သူ့တပ်ဦး ဥပဒေဘောင်အတွင်းတရားဝင်ရပ်တည်ခွင့် ရရှိခဲ့ပါပြီ။ ၁၉၆၀-ခု၊ ဖေဖေါ်ဝါရီလ (၆) ရက်နေ့က ဗိုလ်နေဝင်းအိမ်စောင့်အစိုးရ ကျင်းပပြုလုပ်တဲ့ အထွေထွေရွေးကောက်ပွဲမှာ ကျိုက္ခမီမြို့နယ်ကနေ ဥက္ကဌနိုင်အောင်ထွန်း ဝင်ရောက်ယှဉ်ပြိုင်မဲအနိုင်ရရှိခဲ့ပြီး ဦးနုအစိုးရအဖွဲ့ဝန်ကြီးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ အစိုးရအဖွဲ့ဝင် မွန်ရေးရာဝန်ကြီးအဖြစ် ၁၉၆၁-ခု၊ ဧပြီလ(၂၇) ရက်နေ့မှာ ကျမ်းသစ္စာကျိန်ဆိုပါတယ်။ ထို့အပြင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးဌာနများကိုပါ ပူးတွဲတာဝန်ယူခဲ့တဲ့ မှတ်တမ်းတွေရှိခဲ့ပါတယ်။

    သို့သော်လည်း မွန်ပြည်သူ့တပ်ဦးဟာ လက်နက်စွန့်ပြီး ၄ နှစ်ပင်မပြည့်တဲ့ကာလ ဗိုလ်ချုပ်နေဝင်းရဲ့ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုနဲ့အတူ မွန်ခေါင်းဆောင်အားလုံးကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး နှစ်ရှည်ထောင်ဒဏ်အသီးသီးချမှတ်လိုက်ပါတယ်။ အဲဒီသမိုင်းဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး မွန်ပြည်သူ့တပ်ဦး ခေါင်းဆောင်အချို့ကို အလွတ်သဘော မေးမြန်းဆွေးနွေးခဲ့တဲ့အခါ မွန်တွေအလိမ်ခံလိုက်ရတယ်လို့ပဲ မှတ်ချက်ချပြောဆိုခဲ့ကြတာပါ။ သက်သေကတော့ ဦးနုကတိအတိုင်း မွန်ပြည်နယ်သတ်မှတ်ပေးမယ့်ကိစ္စကိုလည်း မဆောင်ရွက်နိုင်ခဲ့ပါ။

    မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ရွှေကျင်(Photo-ဗညားအောင်)
    မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ရွှေကျင်(Photo-ဗညားအောင်)

    အဖမ်းဆီးခံထောင်နန်းစံ မွန်တပ်ဦးခေါင်းဆောင်တွေအနက် ထင်ရှားသူတွေကတော့ နိုင်အောင်ထွန်း၊ နိုင်ချမ်းမွန်၊ နိုင်ဆိတ်နို့(နိုင်နွန်လာ)၊ နိုင်အောင်တင်၊ နိုင်ဖိုးစိန်၊ နိုင်ငွေသိမ်း၊ နိုင်ထွန်းသိန်း၊ နိုင်သိမ်းမောင်နဲ့ နိုင်အောင်ထွန်းရဲ့သားကြီး နိုင်တင်အောင်(ဒုဥက္ကဌ(၁)-MDP) တို့ ဖြစ်ကြပါတယ်။ အခြားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ “နိုင်ထင်”ကတော့ အဲဒီကာလမှာ နိုင်ရွှေကျင် ခေါင်းဆောင်တဲ့ မွန်ပြည်သစ်ပါတီကို ဝင်ရောက်နေပြီဖြစ်လို့ မွန်ခေါင်းဆောင်တွေထဲမှာ ထောင်နန်းစံဘဝနဲ့ ကင်းဝေးခဲ့ရသူတစ်ဦးဖြစ်ခဲ့ရပါတယ်။

    “မွန်ပြည်နယ်ရရှိရေး၊ မွန်ပြည်နယ်ဖေါ်ထုတ်ပေး” စတဲ့ ကြွေးကျော်သံနဲ့အတူ ကောဇာသက္ကရာဇ် ၁၃၁၀ ခုနှစ်(၁၉၄၈ ခုနှစ်) ဝါခေါင်လပြည့်ကစတင်ခဲ့တဲ့ မွန်တော်လှန်ရေးကို ဦးဆောင်ခဲ့သူ ခေါင်းဆောင်အားလုံးနီးပါး လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်အပြီး ထောင်နန်းစခံခဲ့ရတဲ့အဖြစ်အပျက်တွေကို ကိုယ်တွေ့ကြုံဆုံခဲ့လေသူ သက်ရှိထင်ရှားဆဲ ဖြစ်ကြတဲ့ ဆရာကြီးနိုင်ထွန်းသိန်း(မွန်ဒီမိုကရေစီပါတီ-ဂုဏ်ထူးဆောင်နာယက) နဲ့ ဆရာနိုင်ငွေသိမ်း(ဥက္ကဌ-မွန်ဒီမိုကရေစီပါတီ) ရဲ့ ပြောကြားချက်တွေဟာ အဲဒီကာလက အတိတ်ဖြစ်ရပ်တွေကို သင်ခန်းစာတစ်ရပ်အဖြစ်မှတ်ယူမိတဲ့ ဇူလိုင်လရဲ့ အရိပ်မဲကြီးကို လက်ရှိပြည်တွင်း ငြိမ်းချမ်းရေးခရီးစဉ်တွေအကြောင်း ပြန်ပြောင်းသုံးသပ်မိရင်း ရင်တွင်းစိုးတထိတ်ထိတ် ဖြစ်နေပါတော့တယ်။

    ကိုးကားချက်များ

    -နိုင်ထွန်းသိန်း-ရုပ်သံမှတ်တမ်း(Oral History)။
    -နိုင်ငွေသိမ်း-ရုပ်သံမှတ်တမ်း(Oral History)။
    -မွန်ပြည်သူ့တပ်ဦး ဥပဒေဘောင်အတွင်းသို့ ပြောင်းလဲခြင်းအခမ်းအနားမှတ်တမ်းစာအုပ်(၁၉၅၈)။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts