မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / မွန်ရိုးရာ အခြေခံမိကျောင်းတူရိယာနှင့် ပတ္တလားသင်တန်းဆင်းပွဲ ကျင်းပပြီးစီး

မွန်ရိုးရာ အခြေခံမိကျောင်းတူရိယာနှင့် ပတ္တလားသင်တန်းဆင်းပွဲ ကျင်းပပြီးစီး

ရေးသားသူ:

ခတ္တာနန်း – မွန်ရိုးရာ မိကျောင်းတူရိယာနှင့် ပတ္တလား အခြေခံသင်တန်းဆင်းပွဲအခမ်းအနားကို ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့တွင် မော်လမြိုင်မြို့ မွန်ဓမ္မာရုံ၌ ကျင်းပပြီးစီးခဲ့ကြောင်း သင်တန်းဦးစီးသင်ကြားသူ မွန်ဂီ တပညာရှင် ဆရာနိုင်ထောပိုင်က ပြောသည်။

မွန်ရိုးရာ အခြေခံမိကျောင်းတူရိယာနှင့် ပတ္တလားသင်တန်းဆင်းပွဲကျင်းပခဲ့စဉ် (ဓါတ်ပုံ-မိကောန်ထဝ်)
မွန်ရိုးရာ အခြေခံမိကျောင်းတူရိယာနှင့် ပတ္တလားသင်တန်းဆင်းပွဲကျင်းပခဲ့စဉ် (ဓါတ်ပုံ-မိကောန်ထဝ်)
ယင်းသင်တန်းဆင်းပွဲကို မော်လမြိုင်မြို့ သာသနာ ၂၅၀ဝ ကျောင်း၌ မွန်ဒေသလုံးဆိုင်ရာ နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့် မွန်စာပေသင်တန်းဆင်းပွဲတို့အတူ ပူးတွဲကျင်းပပြုလုပ်ခဲ့ရာ တက်ရောက် အားပေးသူ တစ်ထောင်ခန့်ရှိသည်ဟု သိရသည်။
ဆရာနိုင်ထောပိုင်က “ လက်ရှိမှာ မိကျောင်းတူရိယာကို မွန်တိုင်းရင်းသားတွေရဲ့ တေးဂီတတွေမှာ အဓိကတူရိယာအနေနဲ့ တီးခတ်ကြတယ်၊ မွန်လူမျိုးတွေရဲ့ အမျိုးသားသင်္ကေတ လက္ခဏာ တူရိယာ တစ်မျိုးပေါ့၊ ဒါကြောင့် ဒီတူရိယာတီးခတ်နိုင်ဖို့ မျိုးဆက်သစ်တွေကို မွေးထုတ်လိုတဲ့ ရည်ရွယ် ချက်နဲ့ အခုလိုသင်တန်းက ဒုတိယအကြိမ်ပါ” ဟု ပြောသည်။

မိကျောင်းတူရိယာသည် ရှေးဟောင်းမွန်တေးသီချင်းများတွင် တီးခတ်ကြ၍ ကမ္ဘောဒီယား၊ ထိုင်း၊ လာအို၊ ပီယက်နမ်နိုင်ငံများတွင် ပင်လယ်လိပ်ပုံသဏ္ဍာန် မိကျောင်းတူရိယာများဖြင့် တီးခတ်ကြပြီး မိကျောင်းပုံသဏ္ဍာန်တူရိယာကို မွန်လူမျိုးတို့တွင်သာ အသုံးပြုကြသည်ကို တွေ့ရကြောင်း သူက ပြောသည်။

အဆိုပါသင်တန်းတွင် သင်ကြားတက်ရောက်သူ သင်တန်းသား ၁၂ ဦးဖြင့် မိကျောင်းတူရိယာကို အဓိကထား သင်ကြားပို့ချခဲ့ကြောင်း တီးခတ်နိုင်သည့် သင်တန်းသား ၈ ဦးအနက် ထူးချွန်အဆင့် တစ်ဦးသာရရှိသည်ဟု ဆိုသည်။

ယခုအခါ မွန်မိကျောင်းတူရိယာတီးခတ်နိုင်သည့် ပညာရှင်အနည်းအကျဉ်းသာ ကျန်ရှိတော့ကြောင်း၊ နည်းလမ်းမှန်ကန်စွာသင်ကြားနိုင်လျှင် အခြေခံအဆင့်အား သုံးပတ်အတွင်း တတ်မြောက်နိုင်သည်ဟု ဆရာနိုင်ထောပိုင်က ဆက်ပြောသည်။

မိကျောင်းတူရိယာ၏ ထူးခြားချက်တွင် သံစဉ်များအား ၄င်း၏အသံအိုး Tuning Box မှ အသံထွက် ထွက်ပေါ်ကြောင်း ဂီတအခေါ်အဝေါ်အားဖြင့် ၁၂ သံစဉ်စနစ် Chromatic Scale ဖြစ်သဖြင့် အခြားအမျိုးအစားမတူညီသော တူရိယာပစ္စည်းများနှင့်လည်း တွဲဖက်တီးခတ်နိုင်သည်ဟု သိရသည်။

“ကျနော့်အနေနဲ့ မိကျောင်းတူရိယာတီးခတ်နိုင်ဖို့ သင်ယူရတာ ခက်ခဲမှုရှိပါတယ်၊ အဓိက scale ကျဖို့၊ နရီစည်းဝါး မှန်ကန်ဖို့ကို အကြိမ်ကြိမ်အဖန်ဖန်လေ့ကျင့်ယူရပါတယ်၊ ကျနော်က တူရိယာနဲ့ နီးစပ်မှု နည်းခဲ့တဲ့အတွက်လည်း သင်ကြားရတာ ခက်ခဲမှုတွေရှိခဲ့ပါတယ်” ဟု မိကျောင်းတူရိယာတီးခတ် မှု ပညာလေ့လာနေသူ မင်းအဲမွန်က ပြောသည်။

သင်ကြားမှုကာလတစ်လျှောက်လုံး လေ့ကျင့်ခန်းများကို နေ့စဉ်လေ့ကျင့်ပေးရ၍ လေ့လာမှု ၃ နှစ်တာ ကာလအတွင်း သီချင်းကြီး ၅ ပုဒ်ခန့်နှင့် နားယဉ်သည့် သီချင်းများကိုသာ တီးခတ်နိုင်သေးသဖြင့် ပညာရှင်အဆင့်ရောက်ရှိနိုင်ရန် ဆက်လက်လေ့ကျင့်သွားရမည်ဟု သူကဆက်ပြောသည်။

မိကျောင်းတူရိယာသည် ကြိုး ၃ ချောင်းတပ်ပြီး လက်ခတ်ဖြင့်တီးခတ်ရကြောင်း မိကျောင်းတစ်ကိုယ် လုံးပုံကို ပိတောက်သား(သို့မဟုတ်) ယမနေသားဖြင့် ထွင်းလုပ်ထားခြင်းဖြစ်သည်။

About မွန်သတင်းအေဂျင်စီ

Check Also

ရေရှည်တည်တန့် ခိုင်မြဲသည့် ကုလသမဂ္ဂ၏ ဖွံ့ ဖြိုးရေးပန်းတိုင်များသတင်းရေးသားရန် မြန်မာသတင်းထောက်များအတွက်အမြင်

မြန်မာနိုင်ငံပြန်ကြာရေးဝန်ကြီးဌာနနှင့် အာရှ-ဥရောပ ဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် နိုဝင်ဘာလ (၁၈) ရက်နှင့် (၁၉) ရက် (၁၁) ကြိမ်မြောက် အာရှ-ဥရောပသတင်းထောက်များအစည်းအဝေးတွင် ကုလသမဂ္ဂမှ ချမှတ်ထားသည့် ရေရှည်တည်တန့် …

Leave a Reply

%d bloggers like this: