spot_img
Thursday, April 18, 2024
More
    spot_img
    Homeဆောင်းပါးမွန်နှစ်ပါတီပေါင်းစည်းရေး ဘာတွေခက်နေလဲ

    မွန်နှစ်ပါတီပေါင်းစည်းရေး ဘာတွေခက်နေလဲ

    -

    ဗညားအောင် – လတ်တလောမွန်တွေအသိုင်းအဝိုင်းမှာ ရေပန်းစားနေတဲ့အကြောင်းအရာတစ်ခုကတော့ မွန်နှစ်ပါတီ ဘယ်တော့ပေါင်းမှာလဲ၊ ဘယ်လိုပေါင်းမှာလဲ၊ ပေါင်းမယ် မပေါင်းဘူး ဆိုတဲ့မေးခွန်းတွေ၊ ထင်မြင် ယူဆချက်တွေက အသံအမျိုးမျိုးထွက်ပေါ်နေပါတယ်။ သံဃာတော်တွေ၊ စာပေယဉ်ကျေးမှုအဖွဲ့၊ ဂီတ၊ ဇာတ်သဘင်၊ မွန်လူငယ်အဖွဲ့အစည်း၊ စီးပွားရေး၊ နိုင်ငံရေးသမားတွေကအစ ရွာသူရွာသားတွေအဆုံး သူတို့သဘာဝ သူတို့သိရှိသလောက် ဒီမွန်နှစ်ပါတီအကြောင်းကိုပဲ ကိုယ်နားလည်ကြသလို ငြင်းခုံ၊ပြောဆိုသံတွေ နေရာအနှံ့ကြားနေရပါတယ်။

    မွန် ၂ ပါတီပေါင်းစည်းရေးအစည်းအဝေး ကျင်းပခဲ့စဉ်(IMNA)
    မွန် ၂ ပါတီပေါင်းစည်းရေးအစည်းအဝေး ကျင်းပခဲ့စဉ်(IMNA)
    ဒီဆောင်းပါးမှာ အဲဒီနှစ်ပါတီရဲ့ အားနည်းချက်တွေ အမှား၊ အမှန်တွေကို ထောက်ပြဝေဖန်တာမဟုတ်ဘဲ ဖြတ်သန်းပြီးခဲ့တဲ့အဖြစ်အပျက် အကြောင်းအရာတွေဟာ ဘက်နှစ်ဘက်အမြင်ရှိတတ်သလို နိုင်ငံရေး၊ အမျိုးသားရေးလုပ်ငန်းတွေအတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချမှတ်၊ လုပ်ဆောင်၊ အကောင်အထင်ဖေါ်ဆောင်ရတဲ့အခါမှာ တွေဝေနေစရာမလိုပဲ ပြတ်ပြတ်သားသား စိတ်ပိုင်းဖြတ်နိုင်၊ ဆုံးဖြတ်ဝံ့တဲ့ခေါင်းဆောင်တွေရဲ့ လုပ်ဆောင်ချက်တွေကို လေ့လာအတုယူနိုင်ပါစေလို့လည်း ဆန္ဒပြုအပ်ပါတယ်။

    နှစ်ပါတီပေါင်းစည်းရေး ဘာတွေခက်နေသေးလဲဆိုတာကို မွန်နှစ်ပါတီပေါင်းစည်းရေး ဦးဆောင်လှုပ်ရှားနေသူ သံဖြူဇရပ်မြို့၊ နန္ဒဝန်မွန်ပရိယတ္တိစာသင်တိုက် ကျောင်းထိုင်စာချဆရာတော် အသျှင်ခေမာနန္ဒ၊ မွန်ဒီမိုကရေစီပါတီ ဒု-ဥက္ကဌ(၁) နိုင်တင်အောင်နဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဒု-ဥက္ကဌ နိုင်လှအောင်တို့ကို မေးမြန်းခွင့်ရရှိခဲ့ပါတယ်။ သူတို့ရဲ့အင်တာဗျူးတွေကို အခြေခံပြီးဤဆောင်းပါးဖြင့် မှတ်တမ်းတင်ပါရစေ။

    ပြဿနာအစ
    မွန်ပြည်သူကိုယ်စားပြု ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေး ဆုံးဖြတ်ချက်ချမှတ်နိုင်ဖို့ (၁၅) ဦးပါ ကော်မတီကို ၂၀ဝ၉ ခုနှစ်၊ ဇွန်လကုန်ပိုင်းမှာ ဖွဲ့စည်းခဲ့ပါတယ်။ ဒီကော်မတီမှာ နာယကအဖြစ်အထင်ကရ မွန်သံဃာတော်တွေပါဝင်ခဲ့ပြီး ကော်မတီမှာ သက်ကြီးဝါရင့်မွန်နိုင်ငံရေးသမားဖြစ်ကြတဲ့ နိုင်ထွန်းသိန်း၊ နိုင်ငွေသိမ်း၊ မွန်ပြည်သစ်ပါတီက အနားယူခဲ့ကြတဲ့ နိုင်တင်အောင်၊ ဗိုလ်မှူးကြီးမြင့်ဆွေ(နိုင်လဝီအောင်)၊ ဒေါက်တာဗညားအောင်မိုး၊ အဖျက်သိမ်းခံ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့က ဒေါက်တာမင်းစိုးလင်း၊ ဒေါက်တာမင်းကြည်ဝင်း၊ အငြိမ်းစားဝန်ထမ်းတွေဖြစ်ကြတဲ့ နိုင်ငွေသိန်း၊ ဒေါက်တာမင်းနွယ်စိုးတို့ အဓိကပါဝင်လှုပ်ရှားခဲ့ကြပါတယ်။

    ကော်မတီရဲ့ပုံမှန်အစည်းအဝေး တစ်လတစ်ကြိမ်ကျင်းပခဲ့ပြီး ရွေးကောက်ပွဲနည်းဥပဒေ၊ ၂၀ဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ နိုင်ငံရေးအခြေအနေအရပ်ရပ်တွေကို သုံးသပ်ခဲ့ကြပါတယ်။ ၂၀၁၀ ခုနှစ်၊ မတ်လ(၃၁) ရက်နေ့ နောက်ဆုံးအစည်းအဝေးမှာ ကော်မတီကိုဖျက်သိမ်းလိုက်ကြပြီး ၂၀၁၀ ပါတီမဖွဲ့ရွေးကောက်ပွဲမဝင်တဲ့အဖွဲ့နဲ့ ပါတီဖွဲ့ရွေးကောက်ပွဲဝင်တဲ့အဖွဲ့ဆိုပြီး အုပ်စုနှစ်ခုဖြစ်ပေါ်ရာကနေ ပြဿနာနိဒါန်းစခဲ့တယ်လို့ ဆိုပါရစေ။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP
    ၂၀၁၀ ရွေးကောက်ပွဲတွင် မွန်အမျိုးသားကိုယ်စားပြုပါဝင်နိုင်ရေးအတွက် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီကို ၂၀၁၀ ခုနှစ်၊ ဧပြီက (၇) ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး တရားဝင်ပါတီရပ်တည်ခွင့် ရရှိခဲ့ပါတယ်။၂၀၁၀ ရွေးကောက်ပွဲကို မွန်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတွေမှာ အမတ်ကိုယ်စားလှယ် ၃၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်တဲ့အနက် ၁၆ နေရာ အနိုင်ရခဲ့ပါတယ်။ ပြည်သူ့လွှတ်တော် ၃ ဦး၊ အမျိုးသားလွှတ်တော် ၄ ဦး၊ ပြည်နယ်လွှတ်တော်အမတ် ၉ ဦးတို့အသီးသီးရရှိခဲ့ကြပြီး မွန်ပြည်နယ်အစိုးရဝန်ကြီးအဖွဲ့ဝင်အဖြစ် ဒေါက်တာမင်းနွယ်စိုး (စီးပွားရေးနှင့်စီမံကိန်းဝန်ကြီး)၊ နိုင်လဝီအောင်(လျှပ်စစ်စွမ်းအင်နှင့်လျှပ်စစ်စွမ်းအားဝန်ကြီး ဝန်ကြီး)နှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့တွင် မင်းစိုးသိန်း(စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး)နှင့် မွန်ရေးရာဝန်ကြီး နိုင်ချစ်ဦးတို့ ပြည်နယ်အစိုးရဝန်ကြီးနေရာများ အသီးသီးရရှိခဲ့ကြပါတယ်။

    မွန်ဒီမိုကရေစီပါတီ MDP
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ မဟာမိတ်ဖြစ်ပြီး UNA အဖွဲ့ဝင်ဖြစ်တဲ့ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ဟာ ၁၉၉၀ ခုရွေးကောက်ပွဲမှာ မဲဆန္ဒနယ်မြေ ၁၉ နေရာ ဝင်ပြိုင်တဲ့အနက် ၅ နေရာအနိုင်ရရှိခဲ့ပါတယ်။ နောက်ပိုင်း ၁၉၉၂ ခု-မတ်လ ၁၉ ရက်နေ့မှာ တရားဝင်ပါတီအဖြစ်ကနေ ရုတ်သိမ်းခံလိုက်ရပြီး ခေါင်းဆောင်တွေကိုလည်း ယခင်တပ်မတော်အစိုးရက မကြာခဏ ဖမ်းဆီးထောင်ချခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လိုပါပဲ ၂၀ဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံကိုလက်မခံ၊ ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံနိုင်လို့ ပါတီမှတ်ပုံပြန်မတင် ရွေးကောက်ပွဲမဝင်ခဲ့ပါ။ သို့ရာတွင်၂၀၁၁ ခုနှစ် သမ္မတဦးသိန်းစိန် အစိုးရတက်လာပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေးအခင်းအကျင်း ပြောင်းလဲလာမှုတွေကို လက်ခံ အသိမှတ်ပြုတဲ့အတွက် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ဟာ မွန်ဒီမိုကရေစီပါတီလို့ အမည်ပြောင်းပြီး မှတ်ပုံတင်လာတဲ့အခါ တရားဝင်ပါတီဖွဲ့စည်းခွင့်ရရှိခဲ့ပါတယ်။

    မွန်ပြည်သစ်ပါတီ NMSP
    မြန်မာအစိုးရ တည်ဆဲဥပဒေအရ တရားဝင်နိုင်ငံရေးပါတီမဟုတ်ပေမယ့်လည်း နိုင်ငံတော်အစိုးရနဲ့ အပစ်ရပ်စဲရေးသဘောတူညီမှု လက်မှတ်ရေးထိုးထားတဲ့ မွန်လက်နက်ကိုင်အဖွဲ့အစည်းအဖြစ် မွန်ပြည်သစ်ပါတီက ဆက်လက်ရပ်တည်နေပါတယ်။ ၁၉၅၈ ခုနှစ်ကတည်းက မိမိမွန်လူမျိုးနဲ့ မွန်ပြည်နယ် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် အုပ်ချုပ်သူအစိုးရအဆက်ဆက်ကို လက်နက်ကိုင်တိုက်ပွဲဆင်နွှဲလာခဲ့တာပါ။ လက်ရှိအနေအထားမှာလည်း မွန်အမျိုးသားတပ်မတော်ကို မွန်ပြည်သစ်ပါတီက ဆက်လက်ဦးဆောင်နေဆဲ ဖြစ်ပါတယ်။

    မွန် ၃ ပါတီဆက်စပ်နေမှု
    အထက်ပါ တရားဥပဒေဘောင်အတွင်းမှာရပ်တည်နေကြတဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ မွန်ဒီမိုကရေစီပါတီကို လက်ရှိဦးဆောင်နေကြတဲ့ ဗဟိုကော်မတီ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေထဲမှာ မွန်ပြည်သစ်ပါတီက အနားယူလာခဲ့ကြသူတွေ ပါဝင်နေပါတယ်။ ဆိုလိုတာက အထက်ပါမွန် ၃ ပါတီမှာပါဝင်နေကြသူတွေဟာ ပုဂ္ဂိုလ်ရေးအရ တစ်ဦးနဲ့တစ်ဦး သူစိမ်းတွေလည်းမဟုတ်ကြပါ၊ အားလုံးရင်းနှီးသိကျွမ်းခဲ့သူတွေ၊ အမျိုးသားရေးလုပ်ငန်းတွေကို နှစ်ကာလရှည်ကြာစွာ အတူလက်တွဲ ဆောင်ရွက်ခဲ့ကြဘူးသူတွေ ပါပဲ။ သို့သော်လည်း အခြေခံအားဖြင့် နိုင်ငံရေးအယူအဆအရ ရှုမြင်နားလည် ခံယူကြပုံ မတူကွဲပြားခြားနားနေကြတာကလည်း ဒီမိုကရေစီအနှစ်သာရမှာ ကြီးမားတဲ့ပြဿနာတွေလို့လည်း မယူဆလိုတော့ပါ။

    နှစ်ပါတီဖြစ်နေတာက မွန်တွေရဲ့ပြဿနာ
    မွန်နှစ်ပါတီပေါင်းစည်းရေး ဦးဆောင်လှုပ်ရှားနေသူ သံဖြူဇရပ်မြို့၊ နန္ဒဝန်မွန်ပရိယတ္တိစာသင်တိုက် ကျောင်းထိုင် စာချဆရာတော် အသျှင်ခေမာနန္ဒက “ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ဖို့ မွန်တစ်ပါတီထဲ စုစည်း နိုင်တာတောင်မှ ရွေးကောက်ပွဲအောင်နိုင်ရေးက လွယ်ကူမယ့်ကိစ္စမဟုတ်ပေဘူး၊ အဲဒါကြောင့် မွန်နှစ်ပါတီ ဖြစ်နေပြီး အချင်းချင်းအားပြိုင်နေရင်တော့ ၂၀၁၅ ရွေးကောက်ပွဲအတွက် ရလာဒ်ကောင်းတွေဖြစ်လာနိုင်ဖို့ လုံးဝလမ်းစမမြင်မိပါဘူး” လို့ မိန့်တော်မူပါတယ်။

    ဆိုလိုတာကတော့ ၂၀၁၀ ရွေးကောက်ပွဲကို NLD သပိတ်မှောက်ပြီး ဝင်ရောက်မယှဉ်ပြိုင်ခဲ့လို့ မွန်အမတ် ၁၆ ဦး အနိုင်ရရှိခဲ့တယ်လို့ ယူဆနိုင်ပါတယ်။ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲအတွင်း မော်လမြိုင်မြို့ မဲဆန္ဒနယ်မြေတစ်ခုမှာ မွန်လွှတ်တော်အမတ်က မဲအရေအတွက် ၈ သောင်းဝန်းကျင်ရရှိခဲ့ပေမယ့် ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်မှာ NLD ဝင်ရောက်ယှဉ်ပြိုင်လာတဲ့အခါ အဲဒီမဲဆန္ဒနယ်မြေက မွန်လွှတ်တော် အမတ်လောင်း ရရှိခဲ့တဲ့မဲအရေအတွက်ဟာ ၄ ထောင်ဝန်းကျင်သာသာပဲ ရရှိခဲ့တာကို သတိပြု သုံးသပ်စေလိုတယ်။

    မွန်ဒီမိုကရေစီပါတီ ဒု-ဥက္ကဌ(၂) နိုင်တင်အောင်ကလည်း “ကျနော်တို့ပါတီ ပြန်လည်မှတ်ပုံတင်ကတည်းက ဆုံးဖြတ်ချက်ချမှတ်ခဲ့တာကတော့ မွန်တစ်ပါတီဖြစ်ဖို့ပါပဲ၊ အဲဒီအတွက် တစိုက်မတ်မတ်ကြိုးပမ်းခဲ့ကြတယ်၊ မွန်တိုင်းရင်းသားတွေဟာ လူနည်းစုဖြစ်တဲ့အတွက် ပါတီတွေများများဖွဲ့စည်းထားရှိဖို့ မလိုအပ်ပါဘူး” လို့ ပြောပါတယ်။

    လက်ရှိသမ္မတဦးသိန်းစိန် ခေါင်းဆောင်တဲ့အရပ်သားအစိုးရဟာ ယခင်တပ်မတော်အစိုးရရဲ့သြဇာ မကင်းသေးသလို လက်ရှိ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာလည်း ယခင်စစ်အစိုးရကို ဆက်လက်အကာအကွယ်ပေးထားတယ်လို့လည်း ဆိုပါတယ်။ အဲဒါကြောင့် လက်ရှိ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံလိုက်ယင် ယခင်စစ်အာဏာရှင်တွေကို အကာအကွယ်ပေးရာ ရောက်တယ်လို့လည်း သူကသုံးသပ်ပါတယ်။ မွန်ဒီမိုရေစီပါတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲဝင်၊ မဝင်ရေးကို မဆုံးဖြတ်ရသေးသလို ပြင်ဆင်မှုလည်းမရှိသေးဘူးလို့ ဆိုပါတယ်။

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဒု-ဥက္ကဌနိုင်လှအောင်က “ကျနော်တို့ပါတီနှစ်ပတ်လည် အစည်းအဝေးလုပ်ဖို့ စီစဉ်ထားပါတယ်၊ အဲဒီမှာ နှစ်ပါတီအမြန်ပေါင်းစည်းရေး အတွက် နည်းလမ်းတွေရှာကြမယ်၊ ပေါင်းစည်းနိုင်မယ့်နည်းလမ်းတော့ ရှိရမှာပါ၊ အသက် ၅၀ ဝန်းကျင်နဲ့အောက် လူငယ်တွေကတော့ မွန်တစ်ပါတီဖြစ်ရေး မဖြစ်မနေ လုပ်ဆောင်သွားဖို့ဆန္ဒ အပြည့်ရှိနေကြတယ်” လို့ ပြောပါတယ်။

    လက်ရှိကာလမှာ ချောင်းဆုံ(ဘီလူးကျွန်း)မြို့နယ်မှာ နှစ်ပါတီမြို့နယ်အဆင့် ပေါင်းစည်းခဲ့ပြီးလို့ဆိုပါတယ်။ အလားတူ အခြားမြို့နယ်တွေမှာလည်း အောက်ခြေက ပေါင်းစည်းနေကြတယ်လို့လည်း သိရပါတယ်။

    “မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဗဟိုကော်မတီဝင်တွေကိုတော့ သက်ဆိုင်ရာမြို့နယ်က ကိုယ်စားလှယ်တွေနဲ့ ရွေးချယ်ဖွဲ့စည်းခဲ့တာဖြစ်ပေမယ့် မွန်ဒီမိုကရေစီပါတီဗဟိုကော်မတီဝင်တွေကတော့ အပေါ်ကနေ ဗဟိုဦးစီးစနစ်နဲ့ခန့်အပ်ထားတာဖြစ်လို့ ဗဟိုကော်မတီတွေအတူပေါင်းစည်းနိုင်ဖို့ ဒီအချက်ကလည်း အခက်အခဲတစ်ခုလို ဖြစ်နေတယ်”လို့ နိုင်လှအောင်က ဆက်ပြောပါတယ်။

    သို့သော်လည်း စာရေးသူအနေနဲ့ အကြံပြုလိုတာကတော့ တဖက်နဲ့တဖက်သဘောထားကြီးစွာနဲ့ အပြန်အလှန်အသိအမှတ်ပြုနိုင်ရင် ဒီအခက်အခဲကို ကျော်ဖြတ်နိုင်မယ်လို့ယူဆပါတယ်။ ဥပမာအားဖြင့် အရေအတွက်တူညီတဲ့ ဗဟိုကော်မတီ(တစ်ဖက် ၂၁ ဦးစီပဲဖြစ်ဖြစ်) တွေ အရင်ပေါင်းစည်းကြပြီး ဗဟိုအလုပ်အမှုဆောင်သစ်တွေကို မဲစနစ်နဲ့ရွေးချယ်ရင် ဦးဆောင်ကြမယ့်ခေါင်းဆောင်ပိုင်းပြဿနာလည်း ရှိနိုင်မည်မဟုတ်ပါ။ လက်ရှိနှစ်ဖက်ပါတီခေါင်းဆောင်များကိုလည်း ဗဟိုကော်မတီအများစုက လက်ခံနိုင်မယ်လို့ ယူဆရပါတယ်။

    ဆရာတော် အသျှင်ခေမာနန္ဒက “မွန်ဒေသလုံးဆိုင်ရာ ဗဟိုအလုပ်အမှုဆောင်အများစုက ပေါင်းစည်းရေးလိုလားတယ်ဆိုဦးတော့၊ နှစ်ပါတီပေါင်းစည်းရေးဟာ အချိန်မရောက်သေးဘူးလို့ ယူဆနေကြတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့သြဇာကို လွန်ဆန်နိုင်ပါ့မလား၊ တဖက်ပါတီ မွန်ဒီမိုကလည်း ပေါင်းစည်းရေးအတွက်လှုပ်ရှားနေတယ်လို့ပြောပြီး သူတို့ပါတီရုံးတွေနေရာအနှံ့ဖွင့်လှစ်နိုင်ဖို့နဲ့ ပါတီတည်ဆောက်ရေးကိုပဲ ဦးစားပေးလုပ်ဆောင်နေတာတွေ့နေရပါတယ်၊ အခုလိုအချိန်မှာ ကျန်တဲ့ကိစ္စတွေခဏဘေးဖယ်ထားပြီး နှစ်ပါတီပေါင်းစည်းဖို့ကို အမြန်ဆုံးအကောင်အထည်ဖေါ်သွားဖို့လိုတယ်” လို့ မိန့်တော်မူပါတယ်။

    သံဃာတော်များ ညှိနှိုင်းဆောင်ရွက်မှုကြောင့် ၂၀၁၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့မှာ နှစ်ပါတီပေါင်းစည်းရေး သဘောတူညီမှုရရှိခဲ့ကြပြီးဖြစ်ပါတယ်။ အချက်များကတော့ (၁) မွန်အမျိုးသားဒီမိုကရေစီပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ တစ်ပါတီအဖြစ်ပူးပေါင်းရန် (၂) ၂၀၁၄ ခုနှစ် ဒီဇင်ဘာလကို နောက်ဆုံးထား၍ နှစ်ပါတီကို တစ်ပါတီအဖြစ်ပူးပေါင်းသွားရန်(၃) နှစ်ပါတီအစည်းအဝေးပွဲကို တစ်လတစ်ကြိမ် မွန်မြန်မာလကုန်ရက်(ဥပုဒ်နေ့)တိုင်းတွင် သံဃာတော်တို့ ဖိတ်ခေါ်မည့်နေရာတွင်ပြုလုပ်ရန် (၄) ပါတီနာမည်အသစ်ဖြင့် ပူးပေါင်းဖွဲ့စည်းသွားဖို့ ဖြစ်ပါတယ်။

    စဉ်းစားစရာပြဿနာတစ်ခုက အကယ်၍သာ၂၀၁၅ နှစ်ဦးပိုင်းတွေမှာရွေးကောက်ပွဲဖြစ်ခဲ့မယ်ဆိုရင် ၂၀၁၄- ဒီဇင်ဘာလမှာ ပေါင်းစည်းဖို့ဆိုတာ အဓိပ္ပါယ်ရှိပါဦးမလား။ ပါတီအမည်သစ်တစ်ခုနဲ့ မှတ်ပုံတင်မယ်ဆိုလျှင် အချိန်တွေ ဘယ်လောက် ပေးရမှာလဲ၊ အချိန်ရဲ့တန်ဖိုးက အလွန်အရေးကြီးလာပါပြီ၊ ဒါကြောင့် စာရေးသူ တိုက်တွန်းလိုတာက ပထမအဆင့်မှာ အရေအတွက်တူညီသော နှစ်ဖက်ဗဟိုကော်မတီများပေါင်းစည်းရေး၊ ပါတီအမည်သစ်သတ်မှတ်ရေး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ်ရွေးချယ်ရေး၊ ဥပမာအားဖြင့် အသက် ၅၀-၆၀ အရွယ်ခေါင်းဆောင်တွေကို အတွင်းရေးမှူးအဖွဲ့၊ အသက် ၆၀-၇၀ အရွယ်ခေါင်းဆောင်တွေကို ဥက္ကဌအဖွဲ့နဲ့ အသက် ၇၀ လွန်ခေါင်းဆောင်တွေကို နာယကအဖွဲ့ဝင်တွေဖြစ်သင့်ပါတယ်လို့ အကြံပြုလိုပါတယ်။

    ဗဟိုအလုပ်အမှုဆောင်သစ်ရွေးချယ်ပြီးစီးပါက ပါတီတည်ဆောက်ရေးကို အောက်ခြေအထိ ပြန်လည်တည်ဆောက်ကာ ပါတီဗဟိုညီလာခံတရပ်ကို ခေါ်ယူကျင်းပသင့်ပြီး အဲဒီကတဆင့် မွန်တိုင်းရင်းသားညီလာခံတရပ် ကျင်းပနိုင်ရေးနဲ့ နိုင်ငံတော်၏ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ မွန်နိုင်ငံရေးပါတီတွေ ကျယ်ပြန့်စွာပါဝင်ပြီး စီးပွားရေးနဲ့အညီ ခေတ်မီတိုးတက်သော ပြည်နယ်အဖြစ်သို့ ချီတက်သွားနိုင်ဖို့ ညီညွတ်မှုကို လက်တွေ့အကောင်အထည်ဖေါ်ကြပါစို့။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts