spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းပြည်နယ်အတွင်း မွန်ဘာသာ သတင်းစာ၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားလိုင်းများ ရရှိစေရေး မွန်ဒေသဖွံ့ဖြိုးတိုးတက်ရေး နှီးနှောဖလှယ်ပွဲတွင်တောင်းဆို

    ပြည်နယ်အတွင်း မွန်ဘာသာ သတင်းစာ၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားလိုင်းများ ရရှိစေရေး မွန်ဒေသဖွံ့ဖြိုးတိုးတက်ရေး နှီးနှောဖလှယ်ပွဲတွင်တောင်းဆို

    -

    ခတ္တာနန်း – မွန်ပြည်နယ်၊ ကမာဝက်ကျေးရွာ၌ ကျင်းပခဲ့သော ပထမအကြိမ် မွန်ဒေသဖွံ့ဖြိုးတိုးတက်ရေး နှီးနှောဖလှယ်ပွဲတွင် မွန်ပြည်နယ်ဒေသတွင်း မီဒီယာဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေသည့်အတွက် မွန်တိုင်းရင်းသားဘာသာဖြင့် သတင်းစာ၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားလိုင်းများ ရှိလာစေရန်အတွက် မွန်ပြည်နယ် အစိုးရအား တောင်းဆိုလိုက်ကြောင်း သိရသည်။

    မွန်ဒေသဖွံ့ဖြိုးတိုးတက်ရေး နှီးနှောဖလှယ်ပွဲအခမ်းအနား
    မွန်ဒေသဖွံ့ဖြိုးတိုးတက်ရေး နှီးနှောဖလှယ်ပွဲအခမ်းအနား
    မွန်ဒေသတွင်းရှိ မွန်မီဒီယာ ဖွံ့ဖြိုးမှု များစွာ နောက်ကျနေသောကြောင့် မွန်ဘာသာစကား ၊ စာပေနှင့် ယဉ်ကျေးမှု ထိန်းသိမ်းရေးတွင် များစွာထိခိုက်စေသဖြင့် မွန်မီဒီယာဖွံ့ဖြိုးရေးအတွက် အရေးကြီးသည့် မွန်ဘာသာ မာတီမီဒီယာ လုပ်ငန်းများ ပံ့ပိုးဆောင်ရွက်ပေးရန် မွန်ဒေသဖွံ့ဖြိုးရေး နှီးနှောဖလှယ်ပွဲ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

    “ ဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင် အစိုးရမှာလည်း တာဝန်ရှိသလို ပြည်သူလူထုတွေမှာလည်း တာဝန်ရှိပါတယ်၊ အစိုးရကလည်း နားလည်မှုတွေရှိရမယ်၊ နောက်ပြီး CBO အဖွဲ့တွေလည်း တာဝန်ရှိတာပါပဲ၊ ပြည်သူတွေကလည်း သိတတ်နားလည်ရမယ်၊ ဒါမှ ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်လာမယ်” ဟု မွန်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး နှီးနှောဖလှယ်ပွဲ ဖြစ်မြောက်ရေး ဥက္ကဌ နိုင်စိန်တီက ပြောသည်။

    ထိုနှီးနှောဖလှယ်ပွဲတွင် ပညာရေး၊ ကျန်းမာရေး၊ မူယစ်ဆေးဝါးကိစ္စရပ်များ၊ မီဒီယာဖွံ့ဖြိုးတိုးတက်မှု ကိစ္စရပ်များ၊ လယ်ယာခြံမြေသိမ်းဆည်းခြင်းကိစ္စများ အလုပ်သမား၊ လယ်သမား၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ငြိမ်းချမ်းရေး လုပ်ငန်စဉ်များ၊ ဖွံ့ဖြိုးရေးဆိုင်ရင် လုပ်ငန်းဆောင်တာများ စသည့် နိုင်ငံရေး၊ လူမှုရေး၊ စီပွားရေး အခန်းကဏ္ဍများတွင် အမျိုးသမီးများ၏ ဦးဆောင်မှု အခန်းကဏ္ဍများ ပါဝင်နိုင်စေရေး အတွက်ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း နိုင်စိန်တီက ပြောသည်။

    “ ဒါက ပထမဆုံးအကြိမ် ဆိုတော့ အကြောင်းအရာတွေက များနေတယ်၊ နောက်ဆိုရင် အချိန်နဲ့ တပြေးညီ အကြောင်းအရာများကို ပိုပြီးဦးစားပေးသွားဖို့အတွက်ကို စီစဉ်ထားပါတယ်” ဟု သူက ဆက်ပြောသည်။

    ထို့အပြင် နှီးနှောဖလှယ်ပွဲတွင် မူးယစ်ဆေးဝါးပပျောက်ရေးအတွက် လူထုတစ်ရပ်လုံးက တိုက်ဖျက်ရန်၊ မွန်ဘာသာ ‘မိခင်ဘာသာစကား’ ကို မူလတန်းမှ စတင် သင်ကြားခွင့်ပြုရန်နှင့် မွန်ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု၊ လူနေမှုဘဝနှင့် ကိုက်ညီသည့် သင်ရိုးညွှန်းတမ်းကို အစိုးရနှင့် မွန်ပညာရှင်များ ပူပေါင်းပြီး ပြုစုနိုင်ရန် တာဝန်ရှိသူများအား တောင်းဆိုခဲ့သည်။

    မွန်လူထု ကိစ္စရပ်များအား အချိန်မှီတင်ပြနိုင်ရန်အတွက် ‘မွန်လူထုအခြေပြု အဖွဲ့အစည်းကွန်ယက် ( Mon Civil Society Network) ကိုလည်း ဖွဲ့စည်းခဲ့ပြီး အလားတူနှီးနှောဖလှယ်ပွဲများကို တစ်နှစ် တစ်ကြိမ်ကျင်းပသွားရန် ဆုံးဖြတ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားပါသည်။

    မွန်ဒေသဖွံ့ဖြိုးတိုးတက်ရေး နှီးနှောဖလှယ်ပွဲကို ဧပြီလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ (၃) ရက်ကြာပြုလုပ်ခဲ့ပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ မွန်စာပေနှင့် ယဉ်ကျေးမှု ဆိုင်ရာ အဖွဲ့အစည်းများ၊ မွန်လူမှုအဖွဲ့အစည်းများ၊ မွန်အမျိုးသမီးနှင့် လူငယ်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ နှင့် လူမှု အဖွဲ့အစည်း ပေါင်း (၃၁) ဖွဲ့ နှင့် မြို့နယ် အသီးသီးမှ ကိုယ်စားလှယ်ပေါင်း (၁၅၀) ဦးကျော် တက်ရောက်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    1 COMMENT

    1. မွန်ဘာသာစကားထက် ပိုပြီးအရေးကြီးတာတွေကိုတောင်းဆိုကြပါ။ ဒီအကြာင်းက သိပ်အရေးမပါဘူး။ အလုပ်အကိုင်တွေဖန်တီးပေးဖို့က ပိုရေးကြီးတယ်။မွန်ပြည်နယ်မှာများများလာလုပ်ကြပါ။

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts