မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / မာဒီမီဒီယာ / ပေးစာကဏ္ဍ / မွန်နှစ်ပါတီသို့ အိတ်ဖွင့်ပေးစာ

မွန်နှစ်ပါတီသို့ အိတ်ဖွင့်ပေးစာ

ရေးသားသူ: > > >

နိုင်မောင်တိုး
နိုင်မောင်တိုး
– “ဤစာကို မွန်သွေးပါသူတစ်ဦးအနေဖြင့် ရေးရပါသည်။ မွန်နှစ်ပါတီပေါင်းစည်းရေးကို ဆရာ တော်သံဃာတော်များထိတိုင် ဂယက်ရိုက်ခတ်သည်ကို သံလွင်တိုင်း(မ်)သတင်းမှ ဖတ်ခဲ့ရသည်မှ အစ ပြု၍ ဤစာကိုရေးဖြစ်ခဲ့သည်” ဟုသံလွင်တိုင်း(မ်) ဂျာနယ်အတွဲ (၁)အမှတ်(၇)၊ (၁၆-၃၀) စက်တင်ဘာလ၊ ၂၀၁၂-ခုထုတ်စာစောင်တွင် ဆရာတော်ဦးဉာဏ် (စရိယာဝါသ)က အစချီထားပါသည်။

ဆက်လက်၍ ပါတီစုံဒီမိုကရေစီနိုင်ငံရေးတွင် ပါတီကွဲများပေါ်ခြင်းမှာ မဆန်းပြားပါ။ အခြားတိုင်း ရင်းသားများ(ရှမ်း၊ ကရင်၊ ကယား၊ ရခိုင်) တို့တွင်လည်း ပါတီကွဲများရှိသည်သာ၊ အဘယ့်ကြောင့်ဆိုသော် တစ်ပါတီနှင့်တစ်ပါတီမှာ- (၁) မူဝါဒမတူနိုင်ပါ၊ (၂) နိုင်ငံရေးဗျူဟာ အခင်းအကျင်းမတူနိုင်ပါ၊ ထို မတူညီမူများကို ပေါင်းစည်းလျှင် ပါတီတွင်း ပဋိက္ခများ လွန်စွာ ပေါများ လာလိမ့်မည်။

အထက်ဖေါ်ပြပါ ဆရာဉာဏ် (စရိယာဝါသ) တင်ပြချက်အတိုင်း ကျွန်တော်တို့ မွန်လူမျိုးနှင့် ပတ်သက်၍ ကျွန်တော်၏သဘောထားအမြင်ကို တင်ပြလိုပါသည်။ ပါတီစုံဒီ်မိုကရေစီနိုင်ငံရေးခေတ်တွင် ပါတီကွဲများ ပေါ်ပေါက်ခြင်းမဆန်းပါဆိုသည်မှာလည်း သဘောတူပါသည်။ သို့သော် လူများစုဖြစ်သော ဗမာလူမျိုးတို့အတွက် ပါတီအရေအတွက် မည်မျှများပင်ဆိုစေကာမူ ဗမာလူမျိုးတို့အတွက် မည်သို့မျှ ထိခိုက်နစ်နာမှုမရှိလှပါ။ အဘယ့်ကြောင့်ဆိုသော် တိုင်းရင်းသားလူမျိုးစုထက်စာလျှင် ဗမာလူဦးရေများပြားနေခြင်းနှင့် ပထဝီအနေအထားအရလည်း ကျယ်ပြောပြန့်နှံ့လျှက်ရှိပါသည်။ ပါတီစုံခေတ်တွင် ပါတီများခြင်းသည် ဗမာလူမျိုးအတွက် မည်သို့မျှ မထိခိုက်ပါ။

“မွန်လူမျိုးမှာ ဘာသာစကား၊ စာပေတမျိုးတည်းသာ ရှိပါသည်။ ယဉ်ကျေးမူတူပါသည်။ မွန်လူ မျိုးကိုချစ်သော တိုးတက်လိုသော စေတနာအားလုံးတူပါသည်။ စေတနာရည်မှန်းချက်သာ အဓိကကျ ပါသည်” ဆရာဦးဉာဏ်(စရိယာဝါသ)၏ ဤစကားရပ်ကြောင့်ပင်လျှင် မွန်နှစ်ပါတီမဖြစ်သင့်ကြောင်း၊ မွန်တစ်ပါတီသာရှိသင့်ကြောင်း စာရေးသူ၏အမြင်ပင်ဖြစ်သည်။ အဘယ်ကြောင့်နည်း မွန်လူမျိုးသည် တစ်မျိုးတည်းသာရှိသည်။ ယုံကြည်ကိုးကွယ်မှု တစ်ဘာတည်းသာရှိသည်။ ဘာသာစကားစာပေသည် လည်း တစ်ခုတည်းသာရှိပါသည်။ ယဉ်ကျေးမှုဓလေ့ထုံးစံသည်လည်း တစ်ခုတည်းသာဖြစ်ပါသည်။ မွန်လူမျိုးကိုချစ်သော တိုးတက်လိုသော စေတနာအားလုံးတူပါသည်။ မှန်ပါသည်၊ စေတနာရည်မှန်းချက်သာ အဓိကကျပါသည်။ ထို့ကြောင့်လည်း မွန်လူမျိုးတို့အနေဖြင့် တစ်ပါတီသာ ရှိသင့်ပါသည်။

ဤသို့ဆိုရင် မွန်(၂)ပါတီခေါငး်ဆောင်များသည် မွန်လူမျိုးကို ချစ်သောတိုးတက်လိုသော စေတနာ အားလုံးတူညီကြပြီး ရည်မှန်ချက်ကို တူအောင်အလျော့ အတင်းလုပ်ကြလျှင် တစ်ပါတီ နှင့်တစ်ပါတီ ဆရာဦးဉာဏ် (စရိယာဝါသ) ဆိုသော (၁) မူဝါဒမတူနိုင်သော အချက်သည် တူသွားနိုင်ပါသည်။(၂) နိုင်ငံရေးဗျူဟာအခင်းအကျင်း အလျော့အတင်းလုပ်လျှင် တူနိုင်ပါသည်။ ယခုခေတ်စကားနှင့်ဆိုလျှင် ပြိုင်တူတွန်းလျှင်ရွေ့ နိုင်ပါသည်။ အဓိကမှာ ခေါင်ဆောင်များ၏ စိတ်ထားပင် ဖြစ်ပါသည်။

မွန်လူမျိုးတို့၏ သမိုင်းတစ်လျှောက်ကိုကြည့်ပါက ခေါင်ဆောင်(ဘုရင်) ကောင်းသော အချိန် တွင် မွန်သမိုင်းသည် အထွဋ်အထိပ်ရောက်ခဲ့ပါသည်။ ဥပမာ- ရာဇာဓိရာဇ်လက်ထက်တွင် ပညာရှိနှင့် သူရဲကောင်းကိုမြှောက်စားခြင်း၊ သတ္တိဗျတ္တိရှိခြင်း၊ ပြတ်သားခြင်း၊ ကိုယ်ကျိုးစွန့်ခြင်း စသည့်ခေါင်း ဆောင် အရည်အချင်းရှိသော သမိုင်းကွက်သည် ထွန်လင်းလျှက်ရှိသည်။ သို့သော် ရာဇာဓိရာဇ်သည် ပင်လျှင် စစ်ရေး (အင်းဝကိုအနိုင်သိမ်းရေး) နှင့် အင်းဝသား ရဟန်းတစ်ပါး၏ တောင်းပန်မူ(ဘာသာရေး) တွေဝေမှုကြောင့် သမိုင်းတစ်ကွေ့ အချိုးအဆစ်ပြောင်းလဲခဲ့ရပါသည်။

ညီတော်ဝိမလက နောင်တော်သမလ ဘုရင်ကြီးအား သတ်ဖြတ်မူကြောင့် အင်အားချိနဲ့ပြီး ကု လားများ ရန်ပြုခဲ့သည့် သမိုင်းသင်ခန်းစာများ ရှိခဲ့သည်။ သထုံမင်းဆက် (၅၇) ဆက်မြောက် မနုဟာ မင်း၏ ကိုယ်ရည်ကိုယ်သွေး ညံ့ဖျင်းမူဖြစ်သော လူမျိုးခြားမိဖုရားအား ပံ့စားမှုကြောင့် သူရဲကောင်းအ သတ်ခံရခြင်း၊ ဖားစည်အဖောက်ခံရခြင်း၊ အာဏာခံတွင်း အာဏာစက်ပျက်စီးရခြင်း၊ ထေရ်ရဝါဒကိုင်းရှိုင်းမှုအားနည်းပြီး ဂမ္ဘီရအားကိုယ်းမှုကြောင်း ရဟန်းကောင်း ရဟန်းမြတ်များ ရှောင်ကွင်းထွက်ခြင်း၊ ပြည့်စစ်အင်အား၊ ပြည့်ဝမ်းစာကိုမဖြည့်ဆည်းထားမှုကြောင့် ပိဋိကတ်တော်နှင့်တကွ ဓာတ်တော်မွေတော်များပါမကျန် သယ်ဆောင်ခံရပြီး သူ့ကျွန်ဘဝရောက်ရခြင်း သမိုင်တွင်ခဲ့ပါပြီ။

ဟံသာဝတီ၏ နောက်ဆုံးမင်းဆက်ဖြစ်သော ဗညားဒလသည် အင်းဝကို တိုက်နိုင်သော သူရဲကောင်းများအား သမီးကညာနှင့်ပေးသနားတော်မူမည်ဟု ကတိပြုထားသော်လည်း တလဗန်း စစ် သူကြီးအင်းဝကို အောင်မြင်တိုက်ခိုက်ပြီးနောက် စိုးရိမ်စိတ်ကြောင့် စစ်သူကြီးတလဗန်းအင်းဝကို ကြာ ရည်စွာ မထိန်းထားစေလို၍ အရည်အချင်းမရှိသော မိမိညီတော်နှင့်အစားထိုးခန့်ထားပြီး တလဗန်းသည်တော်ဝင်သွေးမပါသူ စစ်ပင်တိုက်ကောင်းသော်လည်း သမီးကညာနှင့်မထိုက်သူ၊ လူမှာဂတိ မင်းမှာသစ္စာကို ဖျက်ခဲ့သည့်အတွက်ကြောင့် သူရဲကောင်းတို့၏ စိတ်ဓာတ်ကို ပျက်ပြားစေသည်မှအစ မွန်သမိုင်း ဇာတ်သိမ်းမလှ ဖြစ်ခဲ့ရသည်။

အထက်ပါသမိုင်းဖြစ်ရပ်မှန် အကြောင်းအရာကို သင်ခန်းစာယူပြီ်း၊ ယနေ့ မွန်သမိုင်းကိုရေး သားမည့် မွန်ခေါင်းဆောင်များသည်လည်း သမိ်ုင်းသင်ခန်းစားများယူရန် လိုအပ်ပါသည်။ ကျွန်တော်တို့လူမျိုး များသည် ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်ကြသည်။ မြတ်စွာဘုရားသည် အတ္တကိုချိုးနှိပ်ရန် ဟော ကြားသွန်သင်ဆုံးမထားသော်လည်း ကျွန်တော်တို့ မွန်လူမျိုးများသည် ကျွန်တော်အပါအဝင် အထူးသဖြင့် ခေါင်ဆောင်ပိုင်းများသည် မာန်၊မာန အလွန်ကြီးကြပါသည်။ သည့်အတွက်လည်း ခေါင်းမာမာတင်းခံ ကြသည်ဟု ဝန်ခံကြရပါမည်။ ကျွန်တော်တို့သည် မွန်အမျိုးကိုချစ်သော တိုးတက်လိုသော စေတနာ အားလုံးတူပါသည်။ ထိုစေတနာသည် မိမိ၏ အတ္တနှင့် မိမိ၏ပရကို မျှတစေရန်ဖြစ်သည်။ မိမိ၏ လိုအင်ဆန္ဒအတ္တကိုလျော့ပြီး မွန်လူမျိုးအတွက်ဆိုသော စေတနာပရဟိတကို ပံ့ပိုးပေးနိုင်လျှင် မွန်လူမျိုးအားလုံးတို့၏ လက်ခံသော တစ်ပါတီစနစ်သို့ အရောက်တွန်းပို့ နိုင်ပါမည်။

မွန်သမိုင်းတွင် မွန်လူမျိုးတို့သည် ပုသိမ်မဏ္ဍလ၊ ဟံသာဝတီမဏ္ဍလ၊ မုတ္တမမဏ္ဍလ(၉၆)မြို့နှင့် ရှိခဲ့သော်လည်း ယခုမုတ္တမမဏ္ဍ (၃၂) မြို့တွင်ပင်မကျန်တော့ပါ။ မွန်ပြည်နယ်တွင်ပင် ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်တွင် မွန်အင်အားမရှိတော့ပါ။ တစ်ဖြည်းဖြည်းနှင့်မွန်လူမျိုးတို့အတွက် ဒေသကျဉ်းလာပါတော့သည်။

ဤသို့ မွန်ဒေသအခြေနေမျိုးတွင် မွန်နှစ်ပါတီဖြစ်နေပါက သည့်ထက်အင်အားနည်းရုံသာ ရှိ လာပါတော့မည်။ ပိုဆိုးသည်မှာ ပါတီနှစ်ခုကွဲရာမှ အောက်ခြေကျေးရွာများတွင် အစိပ်စိပ်အမြွှာမြွှာကွဲ လာ ပါတော့မည်။ အပေါ်လွှာပါတီပါတီခေါင်းဆောင် (၂)ခုသည် ညနေပိုင်းတစ်ဝိုင်းတည်း စားသောက် နေထိုင်ကြသော်လည်း အောက်ခြေကျေးရွာများတွင် ညီအစ်ကိုအချင်းချင်း၊ သူငယ်ချင်းအချင်းချင်း၊ ဆွေ မျိုးသားချင်းအချင်းချင်း၊ ကျောင်းဒါယကာအချင်းချင်း၊ ဆရာတော်အချင်းချင်းတို့သည် အစိပ်စိပ်အမြွာ မြွာ ဖြစ်ကုန်ပါတော့သည်။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မရကာ ကမ္ဘာ့ရန်သူအလားဖြစ်လာပါတော့မည်။နောက်ဆုံးအောင်ခြေ မွန်ကျေးလက်ဒေသ အကွဲကွဲအပြားပြားဖြစ်ပြီး၊ နွားကွဲကျားဆွဲသည့်အလား ဖြစ်လာပါတော့မည်။

သမိုင်းတစ်ကွေ့၏ ဆိုးမွေကိုလည်း နောင်လာနောက်သား ဆက်ခံစားရပါဦးမည်။ မတွေးဝံ့အောင်ပင် ဖြစ်နေရပါသည်။ “မွန်အမျိုးသားရေး စိတ်ဓါတ်ပွားများဖို့ လုပ်ကြပါ။ ပြည်ထောင်စု စိတ်ဓါတ်ကြီး ခိုင်မာပြည့်ဝလာဖို့လည်း လိုပါသည်” ဆရာဦးဉာဏ် (စရိယာဝါသ)ပြောသည်မှာ မှန်ပါသည်။ ကျွန်တော်တို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝ (၁၉၆၇)ခုက၊ ဆရာကြီးရှမ်းပြည်ဦးတင်အေး (ပင်လုံစာချုပ်လက်မှတ်ထိုးရာတွင် ရှမ်းပြည်နယ်မှပါဝင်သူ) က ကျွန်တောတိ်ု့ကျောင်းသားများအား ပြောကြားခဲ့သောစကား တစ်ခွန်း ယနေ့တိုင်မမေ့နိုင်ပါ။ ဆရာကြီးက “ကိုယ့်လူမျိုးကို ကိုယ်ချစ်ရမည်၊ ကိ်ုယ့်လူမျိုးကို ချစ်တာနဲ့ သူများလူမျိုးကို မုန်းဖို့မဟုတ်ပါဘူး” အလွန်တန်ဖိုးရှိသောစကားပင်ဖြစ်သည်။ ဤစကားသည် ပြည်ထောင်စုစိတ်ဓါတ် ကြီး ခိုင်မာစေဖို့ပင်ဖြစ်ပါသည်။

“ယခုချိန်အဓိကလိုနေသည်မှာ ကျေးလက်နေ မွန်အမျိုးသားတို့ နိုင်ငံရေးအသိ မြင့်မားတိုးတက ်အမြင်ကျယ်လာစေရေး မနားမနေဆောက်ရွက်ရတော့မည့် အချိန်ဖြစ်ပြီး ထိုတာဝန်သည် ဦးဆောင်သူများ၏ တာဝန်ပင်ဖြစ်ကြောင်း သတိပေးလိုပါသည်”

မိမိတို့၏ လိုအပ်ချက် ရရှိရရမည်ဆိုသော အတ္တမာန်မာနများကို လျော့ချပြီး အထက်ဖေါ်ပြပါအချက်များကိုထောက် ရှု၍ မွန်တစ်မျိုးသားလုံး၏ဆန္ဒအတွက် မိမိ၏ပရဟိတကို ဖေါ်ပြကာ မွန်တစ်မျိုးသားလုံးတိုးတက်ရေးအတွက် ကျရာအခန်းမှ “က” မည်ဟု မာန်လျှော့ပြီးမွန်လူမျိုးကောင်းစားရေး ဒို့အရေး၊ မွန်လူမျိုးစည်းလုံညီညွတ်ရေး ဒို့အရေး၊ မွန်(၂)ပါတီအစား တစ်ပါတီဖြစ်ရေး ဒို့အရေး၊ ဦးထိပ်ထားပြီး ပြိုင်တူတွန်း ဆောင်ရွက်ပေးပါဟု အနူးအညွတ်တောင်းပန်မေတ္တာရပ်ခံအပ်ပါကြောင်း။

နိုင်မောင်တိုး

About မွန်သတင်းအေဂျင်စီ

Check Also

ကျည်တစ်တောင့် ထမင်းတစ်နပ်

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်ရေးရရှိခဲ့သည်။လွတ်လပ်ရေးရရှိသည်နှင့် တ ဆက်တည်း ပြည်တွင်းစစ် ကပ်ပါလာခဲ့သည်မှာ ယနေ့ အချိန်ထိဆိုလျှင် နှစ်ပေါင်း ၇၀ …

Leave a Reply

%d bloggers like this: