spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းထိုင်း ကောင်စစ်ဝန်နှင့် အလုပ်သမားရုံးများ ထားဝယ်တွင် ဖွင့်မည်

    ထိုင်း ကောင်စစ်ဝန်နှင့် အလုပ်သမားရုံးများ ထားဝယ်တွင် ဖွင့်မည်

    -

    Dawei Watch – မြန်မာနိုင်ငံအတွင်းမှ ရွေ့ပြောင်းလုပ်သားများအတွက် ထိုင်း ကောင်စစ်ဝန်ရုံးနှင့် အလုပ်သမားမှတ်ပုံတင် ရုံးများ ထားဝယ်ဒေသတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြတ်ကိုက ပြောသည်။

    မဟာချိုင်မြို့ရှိ တူနာငါးသေတ္တာစက်ရုံတွင် ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်အလုပ်သမားများတွေ့ဆုံစဉ်
    မဟာချိုင်မြို့ရှိ တူနာငါးသေတ္တာစက်ရုံတွင် ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်အလုပ်သမားများတွေ့ဆုံစဉ်
    မြန်မာနိုင်ငံတောင်ပိုင်းမှ ရွေ့ပြောင်းအလုပ်သမားများ သွားလာရေး ခရီးတိုစေရန် ရည်ရွယ်၍ နယ်စပ်လမ်းကို မကြာမီ လပိုင်းအတွင်း ဖွင့်လှစ်မည်ဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေး စခန်းနှင့် အထက်ပါ ရုံးများ ထားရှိသွားမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

    ဦးမြတ်ကိုက “စက်ရုံတွေ ဖွင့်လှစ်ဖို့အတွက် သမ္မတကြီးကိုလည်း တင်ပြပြီးသား၊ သမ္မတကြီးကလည်း မူအားဖြင့် သဘောတူပါတယ်။ ထားဝယ်ကနေ မေတ္တာ ဒီဘက်ထီးခီးလမ်းကနေ လာလို့ရအောင် ကျွန်တော်တို့ မကြာခင်မှာ နယ်စပ်လမ်း ဖွင့်ပေးပါ့မယ်”ဟု ပြောသည်။

    အဆိုပါ ရုံးများဖွင့်လှစ်ရေးကို ထိုင်းနိုင်ငံ မဟာချိုင်မြို့ရှိ ယူနီကော့ တူနာ ငါးသေတ္တာစက်ရုံတွင် အလုပ်လုပ်ကိုင်နေသော ထားဝယ် နှင့် မွန် တိုင်းရင်းသား အလုပ်သမား အများစုနှင့်
    တွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

    ထားဝယ်၊ ထီးခီးနှင့် မေတ္တာ စသည့်နေရာတို့တွင် အလုပ်သမား မှတ်ပုံတင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ပြီး နယ်စပ်လမ်းဖွင့်လှစ်မည့် အချိန်အတိအကျကို မပြောဆိုနိုင်သေးသော်လည်း သုံးလအတွင်း ဖွင့်နိုင်ရန် ကြိုးပမ်းသွားမည်ဟု သူက ပြောသည်။

    ထိုင်း-မြန်မာနယ်စပ် ထီးခီး ဒေသတွင် ဖွင့်လှစ်မည့် ကုန်သွယ်ရေး ဂိတ်တွင် သွားလာခွင့်ပေးရန်နှင့် အပန်းဖြေစခန်းတခု ဆောက်လုပ်ပေးရန်တနင်္သာရီတိုင်း ဝန်ကြီးချုပ်မှ တဆင့် သမ္မတ ဦးသိန်းစိန်ထံ မဟာချိုင်ရှိ စက်ရုံများ၌ အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားများက တောင်းဆိုစာတစ်စောင် ပေးပို့ခဲ့သည်။

    “နယ်စပ်ဂိတ်ဖွင့်နိုင်ပြီ ဆိုရင် အဲမှာ သူတို့ တောင်းဆိုထားတာတွေ အလိုလိုပါပြီးသားပဲ။ ပြီးရင် ကောင်စစ်ဝန်ရုံးဖွင့်ဖို့ ကိစ္စတွေ၊ ထားဝယ်မှာ အဲဒီ ကိစ္စတွေလည်း ရှိတယ်။ လေးငါးခြောက် လအတွင်း အပြောင်းအလဲတွေ တော်တော်များများဖြစ်လာမယ်” ဟု ခရီးစဉ်တွင် လိုက်ပါလာသူ ထားဝယ်ဒေသခံ စီးပွားရေး လုပ်ငန်းရှင် ဦးကျော်ကျော်ဦးက ပြောသည်။

    မဟာချိုင်သို့ လာရောက် အလုပ်လုပ်ကိုင်သူ အများစုမှာ မြဝတီ သို့မဟုတ် ထားဝယ်၊ မြိတ်၊ ကော့သောင်းမှ တဆင့် ရနောင်းသို့ ကွေ့ပတ်ကာ နာရီပေါင်များစွာ ခရီးရှည် သွားလာနေရသော်လည်း မဟာချိုင်ဒေသနှင့် ထိုင်း-မြန်မာ နယ်စပ် ထီးခီးမှာ မော်တော်ယာဉ်မောင်းနှင်ချိန် သုံးနာရီခန့်သာ ကြာမြင့်သည်။

    တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ မြန်မာရွေ့ပြောင်းအလုပ်သမားများနှင့် တွေ့ဆုံပွဲတွင် အလုပ်သမားများက ၎င်းတို့၏ အခက်အခဲများကို မတင်ပြခဲ့ကြကြောင်း မဟာချိုင်ဒေသ အလုပ်သမားရေး လုပ်ကိုင်သူ နိုင်ဆူရက ဆိုသည်။

    ဝန်ကြီး၏ ဦးဆောင်သည့်အဖွဲ့သည် မဟာချိုင် မြန်မာ လုပ်သားများ၏ အခက်အခဲများ လာရောက်လေ့လာရုံဖြင့် မသိရှိနိုင်ဘဲစက်ရုံများသို့ ကိုယ်တိုင်ဝင်ရောက်လုပ်ကိုင်မှသာ ပိုမိုသိရှိနိုင်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့တွင် မြန်မာ အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူ ထားဝယ်အမျိုးသမီး တဦးက ပြောသည်။

    တပတ်ခန့်ကြာမြင့်သည့် ယင်းခရီးစဉ်ကို ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွား ရေးဇုန် စီမံကိန်း အကောင်ထည်ဖော်ခွင့် ရရှိထားသော အီတာလျံ-ထိုင်းကုမ္ပဏီနှင့် ထိုင်းအစိုးရတို့က စီစဉ်ခဲ့ခြင်းဖြစ်သည်။

    ထားဝယ်နှင့် မောင်းမကန်ဒေသ ဖွံ့ဖြိုးရေး ခရီးစဉ်အတွက် တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြတ်ကို၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီးအပါအဝင် သုံးဦး၊ တနင်္သာရီတိုင်း အစိုးရအဖွဲ့ဝင်များနှင့် ဒေသခံ စီးပွာရေး လုပ်ငန်းရှင်များက ထိုင်းနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းရှိ မတ်တာပွတ် စက်မှုဇုန်၊ ဖူးကက်ကမ်းခြေ -ဟိုတယ်နှင့် အပန်းဖြေလုပ်ငန်း၊ မဟာချိုင်ဒေသရှိ စက်ရုံများနှင့် ချင်းမိုင်မြို့ သို့ သွားရောက်လေ့လာခဲ့ပြီးဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts