spot_img
Saturday, April 20, 2024
More
    spot_img
    Homeသတင်းပျူလူမျိုးနှင့် ပျူနိုင်ငံတော်စာတမ်းဖတ်ပွဲကျင်းပ

    ပျူလူမျိုးနှင့် ပျူနိုင်ငံတော်စာတမ်းဖတ်ပွဲကျင်းပ

    -

    မင်းသုတ – ထွန်းဖောင်ဒေးရှင်း၏ ပျူလူမျိုးနှင့် ပျူနိုင်ငံတော်စာတမ်းဖတ်ပွဲကို ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ မြန်မာနိုင်ငံဘဏ်များ အသင်းတိုက် အဆောက်အအုံ၌ ယနေ့နံနက် ၉ နာရီခန့်တွင် စတင်ကျင်း ပခဲ့ကြောင်း တက်ရောက်သူများထံမှ သိရသည်။

    ပျူလူမျိုးနှင့် ပျူနိုင်ငံတော်စာတမ်းဖတ်ပွဲကျင်းပနေပုံ(photo:mikonhtaw)
    ဒေါက်တာချစ်စံဝင်း ဥက္ကဌအဖြစ်ဆောင်ရွက်နေသော အဆိုပါစာတမ်းဖတ်ပွဲသို့ ပြည်တွင်းပြည်ပမှ ပညာရှင်များ၊ လေ့လာသူများ ၁၅၀ ဦးခန့်တက်ရောက်ခဲ့သည်ဟု ခန့်မှန်းပြောဆိုကြသည်။

    “မူလက မနက် ၈ နာရီစာတမ်းစဖတ်မယ်လို့ အချိန်သတ်မှတ်ခဲ့တယ်၊ ၉ နာရီလောက်မှစဖွင့်ဖြစ် တယ်၊ အခုနေ့လည်ထမင်းစားချိန်ရောက်တော့ လူတစ်ရာလောက်ပဲကျန်တော့တယ်၊ ဒီနေ့တစ်ရက်ပဲလား၊ အရင်ကစီစဉ်ထားတဲ့အတိုင်း ၃ ရက်ပဲဖြစ်မလား၊ တိတိကျကျ မကြေညာသေးဘူး” ဟု စာတမ်းဖတ်ပွဲ တက်ရောက်လေ့လာနေသူ မိမိုးမိုးက ပြောသည်။

    ယင်းစာတမ်းဖတ်ပွဲကို နိုဝင်ဘာလ ၃၀ ရက်နေ့မှ ဒီဇင်ဘာလ၂ ရက်နေ့အထိ ၃ ရက်တိတိ ကျင်းပမည်ဖြစ်ပြီး စာတမ်းပေါင်းအစောင် ၄၀ ကျော်အား ပြည်တွင်း၊ ပြည်ပမှ ပညာရှင် ၆၀ ကျော်တက်ရောက်ဆွေးနွေးကြမည်ဟု သတင်းစာများ ကြေညာအသိပေးခဲ့ပြီး ဖြစ်သည်။

    ယနေ့စာတမ်းဖတ်ပွဲအဖွင့်တွင် ဒေါက်တာချစ်စံဝင်းက မိန့်ခွန်းပြောကြားပြီး သဘာပတိအဖြစ် ဒေါက်တာမျိုးသန့်တင့်က ဆောင်ရွက်သည်။

    သမိုင်းသုတေသနဌာနမှ အငြိမ်းစား လက်ထောက် ညွှန်ကြားရေးမှူး (အမျိုးသားပြတိုက် နှင့်စာကြည့်တိုက်) ဦးစံဝင်းက ပျူယဉ်ကျေးမှုဆိုင်ရာ ဆက်စပ်အထောက်အထားများနှင့် နောက်တွေ့အထောက်အထားများအား ရှေ့ဟောင်းသုတေသန နည်းဖြင့် လေ့လာခြင်းစာတမ်းကို ဖတ်ကြားခဲ့သည့်အပြင် အငြိမ်းစားလျှပ်စစ် အင်ဂျင်နီယာချုပ် ဦးဘိုခင်ဦးနှင့် ဦးဝင်းမောင် (တမ္ပဝတီ)တို့ကလည်း နံနက်ပိုင်းတွင် ပျူနှင့်ပတ်သက်သော စာတမ်းများဖတ်ကြားခဲ့သည်။

    “မွန်သမိုင်းနဲ့ဆန့်ကျင်ဖက်ဖြစ်နိုင်တဲ့ စာတမ်းတွေဖတ်ကြားမယ့်ပုံမပေါ်ဘူး၊ ဒီမွန်းလွဲပိုင်းမှာ မွန်အမျိုးသား နိုင်ရဲဇော်က မွန်တို့နှင့်ပတ်သက်ဆက်နွယ်သော ပျူစာတမ်းများ ခေါင်းစဉ်နဲ့စာတမ်းကိုဖတ်ကြားမယ်၊ ဒါက ဘုန်းတင့်ကျော်ရဲ့သမိုင်းရေးသားချက်တွေကို ပြန်လည်ချေပတဲ့စာတမ်းလို့ သိထားရပါတယ်” ဟု မိမိုးမိုက ဆက်ပြောသည်။

    ဘုန်းတင့်ကျော်၏ ပျူသမိုင်းဆိုင်ရာရေးသားချက်များတွင် အောက်မြန်မာနိုင်ငံရှိမွန်ဒေသများသို့ ပျူများအစောဆုံးဝင်ရောက်ခဲ့ကြောင်း သူ၏ရေးသားတင်ပြချက်များကြောင့် သမိုင်းဆိုင်ရာအငြင်း ပွားမှုများ မကြာခဏဖြစ်ပေါ်ခဲ့သည်ဟု မွန်သမိုင်းသုတေသီတစ်ဦးဖြစ်သည့် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန အငြိမ်းစားညွှန်ကြားရေးမှူး နိုင်မောင်တိုးက ပြောသည်။

    အဆိုပါ ပျူစာတမ်းဖတ်ပွဲတွင် မွန်တို့၏သမိုင်းကြောင်းများကို ဆေးဆိုးအရောင်ပြောင်းမည့် လုပ်ဆောင်ချက်များရှိခဲ့ပါလျှင် မွန်ပြည်သစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ မွန်ဒီမိုကရေစီပါတီတို့က ဦးဆောင်ပြီးဖြေရှင်းသွားမည်ဟု ယမန်နေ့ကျင်းပသော မော်လမြိုင်မြို့ မွန်လူထုအစည်းအဝေးတွင် မွန်ပါတီခေါင်းဆောင်များက အသိပေးပြောကြားခဲ့သည်။

    မွန်ဒေသအောက်မြန်မာပြည်သို့ ပျူလူမျိုးတို့အစောဆုံးဝင်ရောက်ခဲ့သူများဖြစ်ကြောင်း ဖော်ပြသည့် ဒေါက်တာချစ်စံဝင်းရေးသားထုတ်ဝေခဲ့သော“‘မြန်မာ့ဘူမိဖြစ်စဉ်နှင့် ပျူတို့၏ရှေးဦးမြို့ပြနိုင်ငံအခင်းအကျဉ်း” စာအုပ်တွင် သုဝဏ္ဏဘူမိ (သထုံ) ကို သထုံပျူမြို့၊ ဝင်းကပျူမြို့ဟု ဆိုပြီး တကောင်း၊ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ၊ ဓညဝတီ အစရှိသည်တို့သည်လည်း ပျူမြို့ပြနိုင်ငံကြီးများ ဖြစ်သည်ဟုဖော်ပြခဲ့ခြင်း ဖြစ်သည်။

    မွန်ဒီမိုကရေစီပါတီဒုဥက္ကဌ(၂) နိုင်တင်အောင်က “ မနေ့က လူထုအစည်းအဝေးပွဲမှာ မွန်တစ်မျိုးသားလုံးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့လုပ်ရပ်တွေကို အခုရော နောင်ရော ဆက်မလုပ်ဖို့ အာဏာပိုင်တွေက ပိတ်ပင်ပေးပါလို့ ကျနော်တောင်းဆိုခဲ့တယ်” ဟု ပြောသည်။

    မွန်တိုင်းရင်းသားတို့ကန့်ကွက်တောင်းဆိုနေမှုကြောင့် နိုဝင်ဘာ ၂၅ ရက်နေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း မွန်ပြည်နယ်မြို့တော် မော်လမြိုင်သို့ရောက်ခဲ့စဉ် ၄င်းပျူလူမျိုးနှင့် ပျူနိုင်ငံတော်စာတမ်းဖတ်ပွဲကို ပိတ်ပေးမည်ဟု ကတိပေးပြောကြားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts