spot_img
Tuesday, April 16, 2024
More
    spot_img
    Homeသတင်းမွန်သမိုင်းသုတေသနအဖွဲ့ ဖျက်သိမ်းသည့်သတင်းမဟုတ်မမှန်ကြောင်း အဖွဲ့ဝင်များပြော

    မွန်သမိုင်းသုတေသနအဖွဲ့ ဖျက်သိမ်းသည့်သတင်းမဟုတ်မမှန်ကြောင်း အဖွဲ့ဝင်များပြော

    -

    မင်းသုတ – လွန်ခဲ့သည်လတွင် ဖွဲ့စည်းခဲ့သော မွန်သမိုင်းသုတေသနအဖွဲ့ ဖျက်သိမ်းလိုက်သည့်သတင်း မဟုတ်မမှန်ကြောင်း အဖွဲ့ဝင်တစ်ဦးဖြစ်သူ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် နိုင်တလညီက ပြောသည်။

    မွန်သမိုင်းသုတေသနအဖွဲ့အစည်းအဝေး၌ နာယကဘဒ္ဒန္တပါလိတ သြဝါဒမြွက်ကြားခဲ့စဉ်(IMNA)
    “လိုအပ်လို့ မွန်သမိုင်းသုတေသနအဖွဲ့ ကိုဖျက်သိမ်းမယ်ဆိုရင် အဖွဲ့ဝင်တွေအားလုံး အစည်း အဝေးထိုင်ပြီး ဆုံးဖြတ်ချက်ချကြပေါ့၊ အခုဟာက သူသဘောနဲ့သူ အတွင်းရေးမှူးတစ်ဦးအနေနဲ့ စာထုတ်တာ တရားဝင်မှုလည်းမရှိပါဘူး၊ သူ့တစ်ဦးတည်းအမြင်ပဲ၊ အဖွဲ့အစည်းရဲ့သဘောထား မဟုတ်ဘူး” ဟု နိုင်တလညီက ပြောသည်။

    ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့စွဲ၊ စာအမှတ်-မသတဖ/၄/၂၀၁၂ ဖြင့် မွန်သမိုင်းသုတေသနအဖွဲ့ အထွေထွေမင်းခင်မောင်လေး လက်မှတ်ရေးထိုး၍ အသိပေးအကြောင်းကြားစာ ပေးပို့ခဲ့ရာ မိတ္တူကို အဖွဲ့ဝင်အားလုံးထံအတူ မွန်ပြည်နယ်ဝန်ကြီးချုပ်ထံသို့လည်း ပေးပို့ခဲ့သည်ဟု ဖေါ်ပြပါရှိသည်။

    ပေးပို့စာ အပိုဒ်(၁)တွင် ၃၀-၁၁-၂၀၁၂ မှ ၂-၁၂-၂၀၁၂ အထိပြုလုပ်မည့် ဒေါက်တာချစ်စံဝင်း ဦးဆောင်သော ပျူလူမျိုးနှင့် ပျူနိုင်ငံတော်သုတေသနစာတမ်းဖတ်ပွဲအား ကန့်ကွက်တားမြစ်ရန် အတွက် မွန်သမိုင်းသုတေသနအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု နိဒါန်းချီရေးသားခဲ့သည်။

    နိုဝင်ဘာ ၃၀ ရက်နေ့တွင် ကျင်းပမည့် ပျူလူမျိုးနှင့် ပျူနိုင်ငံတော်သုတေသနစာတမ်းဖတ်ပွဲ ရပ်ဆိုင်းသွားသည့်အတွက် မွန်သမိုင်းသုတေသနအဖွဲ့၏လုပ်ငန်းပြီးဆုံးသွားပြီဖြစ်၍ အဖွဲ့ကိုဖျက်သိမ်းကြောင်း အကြောင်းကြားစာများ ယမန်နေ့စွဲဖြင့် ရေးသားပေးပို့ခဲ့ခြင်း ဖြစ်သည်။

    သို့ရာတွင် ရန်ကုန်၊ မွန်အမျိုးသားနေ့ကျင်းပရေးအထွေထွေအတွင်းရေးမှူး နိုင်စိုးကြည်က “ကျနော်သိရသလောက်တော့ အဲပျူဒီစာတမ်းဖတ်ပွဲကျင်းပဖြစ်မယ်၊ ဒါပေမယ့် မွန်ဒေသတွေဟာ ပျူနိုင်ငံဖြစ်ခဲ့ဘူးတဲ့အကြောင်း စာတမ်းတွေဖတ်ဖြစ်မဖြစ်တော့မသေချာဘူး၊ မူလစီစဉ်ထားသလို ၃ ရက်တိတိဆိုတာလည်း ဖြစ်ချင်မှဖြစ်မယ်၊ အစီအစဉ်အချို့ပြောင်းလိုက်တာ ကြားမိတယ်” ဟု ပြောသည်။

    အထက်ပါ ပျူလူမျိုးနှင့် ပျူနိုင်ငံတော်သုတေသနစာတမ်းဖတ်ပွဲတွင် မွန်တို့၏မြို့ဟောင်း သုဝဏ္ဏဘုမ္မိ(သထုံ) ဒေသအား ပျူလူမျိုးများ အစောဆုံးဝင်ရောက်လာသည့် သမိုင်းလိမ်ပွဲတစ်ရပ် လုပ်ကြံဖန်တီးခြင်းသာ ဖြစ်ကြောင်း မွန်တိုင်းရင်းသားတို့ယူဆကြသဖြင့် ယင်းစာတမ်းဖတ်ပွဲအား ကန့်ကွက်တားဆီးသွားရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိသည်။

    အမျိုးသားလွှတ်တော်အမတ်ဒေါက်တာဗညားအောင်မိုးက “မွန်ပြည်နယ်အစိုးရဝန်ကြီးအချို့က ဒီပျူစာတမ်းဖတ်ပွဲ မလုပ်ဖြစ်တော့ဘူးလို့ ကျနော့်ကိုပြောလာပါတယ်၊ ဒါပေမယ့် အတည်ပြုဖို့က အချိန်စောသေးတယ်၊ စောင့်ကြည့်ဖို့လိုသေးတယ်၊ မနေ့ကအထိတော့ ပျူစာတမ်းဖတ် ပွဲကိစ္စအစီအစဉ်မရပ်သေးဘူးလို့ ကျနော်သိထားတယ် ” ဟု ပြောသည်။

    လွန်ခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်နေ့တွင်လည်း ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနှင့် လွှတ်တော်အဖွဲ့ဝင် အစိုးရဝန်ကြီးများ မွန်ပြည်နယ်သို့လာရောက်ပြီး ဒေသခံများနှင့် အလွတ်သဘောတွေ့ဆုံမှုတွင် ဒေသခံမွန်တိုင်းရင်းသားတို့၏ တောင်းဆိုမှုအရ ပျူလူမျိုးနှင့် ပျူနိုင်ငံတော်သုတေသနစာတမ်းဖတ်ပွဲအား ပိတ်ပေးမည်ဟု ကတိပြုပြောကြားခဲ့သည်။

    ထို့အပြင် ရွှေအဆင်းဝင်းသော သုဝဏ္ဏဘူမိပထမအကြိမ်ဒေသတွင်းစာတမ်းဖတ်ပွဲကို နိုဝင်ဘာ ၃ နှင့် ၄ ရက်နေ့များတွင် မော်လမြိုင်မြို့၊ မွန်ပြည်နယ်ခန်းမ၌ ကျင်းပခဲ့ရာ သုဝဏ္ဏဘုမ္မိသည် မွန်မြို့ဟောင်း သထုံဖြစ်ကြောင်း နယ်ပယ်အသီးသီးက သမိုင်းပညာရှင်အတည်ပြုကြသည်။

    မွန်သမိုင်းသုတေသနအဖွဲ့ကို အထင်ကရမွန်သံဃာတော်ကြီးများ၊ မွန်စာပေပညာရှင်များ၊ သမိုင်းသုတေသီများ၊ နိုင်ငံရေးပါတီနှင့် စာပေယဉ်ကျေးမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်အဖွဲ့ဝင် ၃၇ ဦးပါဝင်သော မွန်သမိုင်းသုတေသနအဖွဲ့ကို လွန်ခဲ့သော အောက်တိုဘာလ ၂၉ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,300SubscribersSubscribe
    spot_img

    Latest posts