Home » အမြင်နှင့်သုံးသပ်ချက် » ပျူလူမျိုးနှင့်ပျူနိုင်ငံတော် စာတမ်းဖတ်ပွဲ ဘာလဲ?ဘယ်လဲ?

ပျူလူမျိုးနှင့်ပျူနိုင်ငံတော် စာတမ်းဖတ်ပွဲ ဘာလဲ?ဘယ်လဲ?

ရေးသားသူ: > Thursday, November 29th, 2012

မင်းထက်အောင် – ၂၁ ရာစုအစ မြန်မာ့သမိုင်းလောကမှာ ပျူသမိုင်းဖေါ်ထုတ်လိုသူ လက်သစ် ဗမာ့သမိုင်းဆရာအချို့ရဲ့ ကြိုးပမ်းချက်တွေခုဆိုဘွားကနဲ ပေါ်လာပါပြီ။ ပျူလူမျိုးနှင့် ပျူနိုင်ငံတော်စာတမ်းဖတ်ပွဲဆိုတာပါပဲ။ လက်ရှိမြန်မာပြည်မြေပုံထဲ အစောဆုံးရောက်ရှိသူတွေဟာ ပျူလူမျိုးများဖြစ်ကြပြီး အဆိုပါပျူတို့သည် ယနေ့ဗမာလူမျိုးများဖြစ်နေကြောင်း ခိုင်မာတဲ့သုတေသနပြုချက်တွေဆိုပြီး ဖြီးဖြန်းရမ်းတုတ် သမိုင်းအချက်အလက်တွေကို နောင်လာများအမွေဆက်ခံရန်အလို့ငှာ ကြိုးပမ်းအားထုတ်မှုတွေ ရှိနေပါတယ်။

ချစ်စံဝင်း၏ သမိုင်းရေးသားခဲ့ချက် Facebook)

ယခင်သမိုင်းပညာရှင်များ (မြန်မာအပါဝင်) သုတေသနပြုစု ရေးသားထားခဲ့တဲ့မြန်မာ့သမိုင်း၊ တိုင်းရင်းသားတို့ ရှေးယခင်က ယုံကြည် လက်ခံထားတဲ့သမိုင်းတို့ကို ပြောင်းပြန်လှန်ပြီး သေနေတဲ့လူမျိုး Extinet ပျူဟာ လက်ရှိတိုင်းရင်းသား နယ်မြေအားလုံးမှာ အရင်ဦးဆုံးပြန့်နှံ့စွာနေထိုင်ခဲ့ကြောင်း၊ ပျူလူမျိုးတို့ဟာ အရင်ဦးဆုံးနေထိုင်ခဲ့တဲ့ နယ်မြေဖြစ်ခဲ့ပါကြောင်း လိုရာအတင်းဆွဲသွင်းမယ့် ပျူနိုင်ငံတော်စာတမ်းဖတ်ပွဲလို့လည်း လေ့လာသိရှိခဲ့ပါတယ်။ ပစ်မှတ်ကတော့ မွန်သမိုင်းတွေကို ပြောင်းပြန်လှန်ပစ်ဖို့ပါပဲ။ သုဝဏ္ဏဘုမ္မိ(သထုံ)ရော ဟံသာဝတီ(ပဲခူး)ပါမကျန် ပျူဒေသလို့ သတ်မှတ်အတည်ပြုလိုတဲ့ “အများညီ-ဤကိုကျွဲဖတ်” ကိစ္စမျိုးတွေပါ။

ပျူစာတမ်းဖတ်ပွဲ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာချစ်စံဝင်း ရေးသားခဲ့တဲ့ ‘မြန်မာ့ဘူမိ ဖြစ်စဉ်နှင့် ပျူတို့၏ရှေးဦးမြို့ပြနိုင်ငံ အခင်းအကျဉ်း’ စာအုပ် စာမျက်နှာ ၅၄ မှာ “မွန်ပြည်နယ်အတွင်းရှိ သုဝဏ္ဏဘူမိ (သထုံ) ကို သထုံပျူမြို့၊ ဝင်းကပျူမြို့ဟု ဆိုသကဲ့သို့ တကောင်း၊ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ၊ ဓညဝတီ အစရှိသည်တို့သည်လည်း ပျူမြို့ပြနိုင်ငံကြီးများ ဖြစ်သည်ဟု ဆိုထားပါတယ်။ “မွန်၊ ပျူ- တရုတ်မှတ်တမ်းများ အရ ယနေ့နယ်နိမတ်နှင့် အမျှဖြစ်သော ဒေသများအားလုံးတွင် ပျူများနေထိုင်ခဲ့ကြောင်း အထောက်အထားများအရ သိရပါသည်။ ပျူဒေသ(၃၂) နေရာတွင် မွန်ဒေသများဖြစ်သော ပဲခူး၊ သထုံ၊ မုတ္တမတို့တွင်လည်း ပါဝင်သည်ကို တွေ့ရသည်။ နောက်ပိုင်းတူးဖေါ်တွေ့ရှိချက်အထောက်အထားများအရ တရုတ်မှတ်တမ်းပါဒေသများသည် ပျူတို့၏ဒေသများဖြစ်ကြောင်း တွေ့ရှိရပါသည်။

ပျူစာတမ်းဖတ်ပွဲအစီစဉ်(IMNA)

မွန်တို့၏ဌာနေဖြစ်သော ဘီးလင်းမြို့နယ် အရက်သည်မမြို့ဟောင်းနေရာ၊ ဝင်းကရွာမြို့ဟောင်းနေရာ၊ ကျောက်လုံးကြီးရွာ၊ တောင်ကြီးရွာတို့သည် ရှေးကပျူတို့နေထိုင်ရာမြို့ဖြစ်ကြောင်း ၂၀ဝ၂ ခုနှစ်က တက္ကသိုလ်များသမိုင်း သုတေသနဦးစီးဌာနအနေနှင့် ဒေါက်တာသန်းထွန်း အဖွဲ့ခေါင်းဆောင်အဖြစ်ပါဝင်၍ ဦးစံဝင်း အတွင်းရေးမှူးအဖြစ်ပါဝင်သောအဖွဲ့က မှတ်တမ်းတင်ခဲ့သည်။ သထုံ၊ မုဒုံနှင့် ဘားအံမြို့နယ်များ တွင်လည်း ပျူတို့နေထိုင်ခဲ့သောအထောက်အထားများ တွေ့ရှိရသည်ဟု အထက်ပါကွင်းဆင်း သုတေသနအဖွဲ့က ဆိုပါသည်။ မော်လမြိုင်တက္ကသိုလ်သုတေသနအဖွဲ့၏ ကွင်းဆင်းလေ့လာချက်အရ အရက်သည်မ၊ ဝင်းက၊ ဇုတ်သုတ်ရွာများတွင်သာမက မုတ္တမ၊ ကျိုက်မရော၊ ကျိုက္ခမီ၊ သံဖြူဇရပ်၊ ထားဝယ်၊ သာဂရ၊ မော်လမြိုင်၊ ပေါင်၊ မုဒုံနှင့် ရေးမြို့များတွင်ပါ ပျူအထောက်အထားကို တွေ့ရှိရသည်” ဟု ဘုန်းတင့်ကျော် ပေါက္ခရဝတီ သမိုင်းမစ်(သ်)နှင့် တွံတေးရှေးဟောင်းနယ်မြေ၊ ရုပ်ရှင်တေးကဗျာရသစုံမဂ္ဂဇင်း၊ ၂၀ဝ၇၊ စာ ၁၇၄ ကို ကိုးကား၍ရေးသားခဲ့တာပါ။

အထက်ပါ ရေးသားတင်ပြချက်တွေဟာ လက်ရှိမွန်သမိုင်းတွေကို အကြီးအကျယ်စိန်ခေါ်နေတာပါပဲ၊ ရုပ်ရှင်တေးကဗျာရသစုံမဂ္ဂဇင်းစာအုပ်တစ်အုပ်ကနေ အရေးကြီးတဲ့သမိုင်းဆိုင်ရာဖေါ်ပြရေးသားချက်ကို ဒေါက်တာချစ်စံဝင်းလို သမိုင်းဆရာတစ်ယောက်အနေနဲ့ မစူစမ်းမလေ့လာပဲ တိုက်ရိုက် ကော်ပီကူးဖော်ပြခဲ့တဲ့ သမိုင်းလိမ် ရိုက်ချက်ကတော့အပျံစားပါပဲ။ သမိုင်းလေ့လာသူ ဒေါက်တာချစ်စံဝင်းရော ပေါက္ခရဝတီ ဘုန်းတင့်ကျော်ဆိုသူ သမိုင်းသုတေသီဆိုသူကပါ မွန်၊ ပျူ၊ တရုပ်မှတ်တမ်းရေးသားချက်တွေကနေ ကူးယူရေးသားခဲ့တယ်လို့လည်း ကိုးကားချက်အရင်းအမြစ်တွေ သက်သေပြပါတယ် ။ ပညာရှင်လို့ခေါ်ကြတဲ့ ဦးချစ်စံဝင်းနဲ့ ဘုန်းတင့်ကျော်တို့က တရုပ်နဲ့ ပျူစာပေကို တတ်ကျွမ်းသူတွေလို့ ထင်ယောင်ထင်မှားဖြစ်ချင် စရာပါ၊ အဲဒီသမိုင်းဆရာ-သုတေသီဆိုသူတွေဟာ မြစေတီမွန်ကျောက်စာကို ထားပါဦး၊ မွန်စာကိုပဲ ဗျည်းအသံမှန်ကန်စွာနဲ့ ဖတ်တတ်ကြတာတော့မဟုတ်ပါ။

ဒီနေရာမှာ ပျူနဲ့ဗမာ စာပေဘယ်မှာဆုံခဲ့ကြသလဲဆိုတာရှင်းပြချင်ပါတယ်၊ မြစေတီကျောက်စာမှာ ပျူအက္ခရာသက်သက်က တစ်ခု၊ ကျန်တာက မွန်၊ ပါဠိ၊ ဗမာ (၃)ဘာသာကို မွန်အက္ခရာနဲ့ ရေးထိုး မှတ်တမ်းတင်ခဲ့တာပါ။ ထူးခြားချက်က အဲဒီကျောက်စာတစ်တိုင်ထဲမှာပဲ ပျူစာပေရဲ့ နောက်ဆုံးရေးသားချက်နဲ့ ဗမာစာပေရဲ့ ပထမဦးဆုံးရေးသားတင်ပြချက်တွေကို တွေ့ရှိရပါတယ်။ ပုဂံခေတ်မှာ ပျူစာပေရဲ့နေဝင်ချိန်နဲ့ ပေါ်ထွန်းစဗမာစာပေရဲ့အာရုံဦး တွေ့ဆုံကြတဲ့နေရာလို့လည်း ဆိုချင်ပါတယ်။ ဒါ့ကြောင့် အဲဒီကာလအရေးအသားကို သက်သေပြပြီး ပျူလူမျိုး၊ ဗမာလူမျိုးသက်သက်စီ သီးခြားရှိခဲ့တဲ့ သာဓကတွေရှိခဲ့လို့ ပျူကပျူ၊ ဗမာကဗမာလို့ ဆိုတာပါ။ အတူတူပဲဆိုရင် ဗမာရယ်လို့ သီးသန့်နာမည်သစ်တစ်ခု ထပ်မံပေါ်ပေါက်စရာကြောင်းမရှိပါ။ ဒီကိစ္စကိုလည်း တင်ပြစရာလိုမယ် မထင်ပါ။

မြန်မာနိုင်ငံအစိုးရသုတေသနလုပ်ငန်းတွေဟာ ပျူနှင့်ဗမာ ယဉ်ကျေးမှုကိုပဲ သုတေသနလုပ်ပြီး အခြားတိုင်းရင်းသားတွေရဲ့ သမိုင်းယဉ်ကျေးမှုကို လုံးဝမတူးဖေါ် သုတေသနမပြုသေး သလောက်ဖြစ်နေတယ်။ ပျူနှင့်ဗမာတူလျှင် ပုဂံခေတ်အစောဆုံးဗမာစာအရေးအသားတွေမှာ ပျူအက္ခရာကို ဘာကြောင့် မသုံးစွဲခဲ့ပါသလဲ။ ပျူစာမှ ဗမာစာအဖြစ်ကို တိုးတက်ပြောင်းလဲမှု Evolution မဖြစ်ခဲ့ပါ။ မွန်စာကနေ ဗမာစာအဖြစ် Evolution ဖြစ်လာတယ်။ ဒီအချက်ဟာ ပျူနဲ့ဗမာ ဘာသာစကား မတူကြောင်း မြစေတီကျောက်စာက သက်သေခိုင်ခိုင်မာမာပြနေဆဲဖြစ်တယ်လို့ မွန်လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ ဒေါက်တာဗညားအောင်မိုးက နေပြည်တော် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးနောက်ဆုံးရက်(၂၃-နိုဝင်ဘာ)မှာ တင်ပြခဲ့ပါတယ်။

ဒေါက်တာဗညားအောင်မိုးက “(၁) ပျူနှင့်ဗမာလူမျိုးတစ်မျိုးတည်းဖြစ်လျှင် ပုံဂံခေတ်မှစ၍ ဘာကြောင့်ပျူစာကို နန်သုံးအဖြစ် ဗမာဘုရင်များက မသုံးဘဲ မွန်စာကို သုံးရပါသလဲ?

(၂) မွန်နှင့်အခြားတိုင်းရင်းသားများတို့၏ သမိုင်းသုတေသနပြည့်စုံလုံလောက်စွာ လေ့လာမှုရှိပြီဟု ယူဆပါသလား? (၃) မပြည်စုံသောသမိုင်းသုတေသနဖြင့် နိုင်ငံရေး၊ လူမျိုးရေးအမြင်တို့ကို လိုရာဆွဲပြီး ကောက်ချက်ချ ပြောဆိုရေးသားခြင်းကြောင့် ဖွဲစည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၅ နှင့် ငြိစွန်းခြင်း၊ ယုံကြည်ကိုးကွယ်မှုကိုထိပါးခြင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးကို ထိပါးခြင်းတို့မှ မည်သို့တားဆီးကာကွယ်ရမည်နည်း? (၄) ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၄ ကို ဆန့်ကျင်လျှင် မည်သို့ပြစ်ဒဏ်ပေးနိုင်သည်ကို သိလိုသည်?” လို့ မေးမြန်းခဲ့ပါတယ်။

အဲဒီအဆိုကို ဝန်ကြီးဌာန ၃ ခုကဖြေကြားခဲ့ပါတယ်၊ ယဉ်ကျေးမှုဌာနဒုတိယဝန်ကြီး ဦးသိန်းဆွေက “ယင်းပျူစာတမ်းဖတ်ပွဲသည် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် မည်သို့မျှသက်ဆိုင်ခြင်းမရှိပဲ နိုင်ငံတော်အဆင့်စာတမ်းဖတ်ပွဲလည်းမမည်ပါကြောင်း၊ ယင်းစာတမ်းဖတ်ပွဲမှ ကြေညာချက်သည် ဦးစီးကျင်းပသောအဖွဲ့အစည်း၏ သဘောထားယူဆချက်များသာဖြစ်ပါကြောင်း၊ မွန်နှင့် အခြားတိုင်းရင်းသားများ၏သမိုင်းသုတေသန ပြည့်စုံလုံလောက်စွာလေ့လာမှုရှိပြီဟု ယူဆပါသလား မေးခွန်းနှင့်ပတ်သက်ပြီး မွန်နှင့် အခြားတိုင်းရင်းသားတို့၏ သမိုင်းသုတေသန ပြည့်စုံလုံလောက်စွာလေ့လာမှုရှိပြီဟု မယူဆပါကြောင်း၊ သုတေသန၏သဘောမှာ ပြီးပြည့်စုံသည်ဟု မရှိပါကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားများ၏ ရှေးဟောင်းယဉ်ကျေးမှုသမိုင်းကို စူးစမ်းလေ့လာမှုများ၊ တူးဖော်သုတေသနပြုမှုများ၊ ပတ်ဝန်းကျင်နိုင်ငံများရှိ ယဉ်ကျေးမှုဓလေ့ထုံးစံများနှင့် နှိုင်းယှဉ်လေ့လာမှုများနှင့် သုတေသနစာတမ်းများရေးသားထုတ်ဝေခြင်း စသည်ဖြင့် စဉ်ဆက်မပြတ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်နှင့်နောက်နှစ်များတွင်လည်းနှစ်စဉ်ဆောင်ရွက်ရန်စီမံချက်များ ရေး ဆွဲထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ သုတေသနလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ဟု မြန်မာအစိုးရဝန်ကြီးတို့၏ ခေါက်ရိုးကျိုးနေသောဖြေကြားမှုကို ဖတ်ကြားပြခဲ့ပါတယ်။

အဲဒီနောက်မှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်းကလည်း “မပြည့်စုံသောသမိုင်း သုတေသနဖြင့် နိုင်ငံရေး၊ လူမျိုးရေးအမြင်ဖြင့် လိုရာဆွဲပြီး ကောက်ချက်ချပြောဆိုရေးသားခြင်းကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၆၅ နှင့် ငြိစွန်းခြင်း၊ ယုံကြည်ကိုးကွယ်မှုကိုထိပါးခြင်း၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးကို ထိပါးခြင်းအား မည်သို့တားဆီး ကာကွယ်ရမည်နည်း မေးခွန်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှ ပိုင်းခြားသုံးသပ်ဆန်းစစ်ခဲ့ရာတွင် ယုံကြည်ကိုးကွယ်မှုကို ထိပါးခြင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးကို ထိပါးခြင်းတို့မှ တားဆီးကာ ကွယ်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၅ တတိယအပိုဒ်တွင်ပါသည့် အခြားတိုင်းရင်းသား လူမျိုး တစ်မျိုးကိုဖြစ်စေ၊ လူမျိုးများကိုဖြစ်စေ ထိခိုက်နစ်နာစေနိုင်ပ ါက သက်ဆိုင်သူများအချင်းချင်း ညှိနှိုင်းပြီး ပြေလည်မှုရရှိရန် ဆောင်ရွက်ခြင်းနှင့် စာတမ်းတွင် လူမျိုး၊ဘာသာ၊သာသနာနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းတို့ကို ထိခိုက်စေနိုင်သည့် အချက်များပါဝင်ခြင်းရှိ/ မရှိ ယဉ်ကျေးမှုဝန်ကြီး

ဌာနကကြိုတင်စိစစ်ပြီး လိုအပ်သလိုဆောင်ရွက်ခြင်းဖြင့် တားဆီးကာကွယ်နိုင်မည်ဖြစ်ပါကြောင်း” လို့ ဖြေကြားခဲ့ပါတယ်။

တဖန်ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးကလည်း “ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၄နှင့်ဆန့်ကျင်လျှင် မည်သို့ပြစ်ဒဏ်ပေးနိုင်သည်ကို သိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်းပြီး “ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၆၄ အရ ယင်းပုဒ်မပါပြဌာန်းချက်အား ဆန့်ကျင်သည့်အပြုအမူအတွက် ဥပဒေပြဌာန်းရခြင်းမရှိသေးသော်လည်း စာတမ်းဖတ်ပွဲ၌ စာတမ်းရှင်ဖတ်ကြားသောစာတမ်းသည် တိုင်းရင်းသားစည်းလုံးညီညွတ်မှုထိခိုက်စေသော အချက်များပါဝင်နေမည်ဆိုပါက စာတမ်းနှင့်သက်ဆိုင်သူတို့သည် ပြစ်မှုဆိုင်ရာဥပဒေနှင့်ငြိစွမ်းဖွယ်ရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံသားများ၏ အခွင့်အရေးနှင့်တာဝန်ဝတ္တရားများကို ပြဌာန်းထားသည်နှင့်အညီ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ ၃၆၄ တွင် တာဝန်ကိုပြဌာန်းထားသကဲ့သို့ တစ်ဖက်တွင်လည်း ပုဒ်မ ၃၆၄ ပုဒ်မခွဲ(က)နှင့်(ဃ) တို့တွင် နိုင်ငံသားတို့၏မူလအခွင့်အရေးကိုလည်း ပြဌာန်းထားကြောင်း” ဥပဒေပုဒ်မများကို ဖတ်ပြခဲ့ပါတယ်။

ဦးချစ်စံဝင်းဦးစီးတဲ့ ပျူစာတမ်းဖတ်ပွဲဆိုတာဟာ ပျူမြို့ပြနိုင်ငံတွေဖြစ်ခဲ့တဲ့ တကောင်း၊ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာသမိုင်းကြောင်းတွေနဲ့အတူ သုဝဏ္ဏဘုမ္မိ(သထုံ)နဲ့ မွန်ဒေသတွေကိုလည်း ပျူမြို့ပြနိုင်ငံတော်ထဲ ပါဝင်ခဲ့တယ်ဆိုတဲ့အယူအဆသစ်ကို ထည့်သွင်းဖတ်ကြားမှာ ဖြစ်တဲ့အတွက် ရှေးပညာရှင်တွေအတည်ပြု လက်ခံခဲ့ကြတဲ့ မွန်သမိုင်းတွေကို ချေမှုန်းဖျက်ဆီးတဲ့အကြံအစည်ဖြစ်တယ်လို့လည်း မွန်သမိုင်းသုတေသန အသင်းက သုံးသပ်ထားပါတယ်။ ဒီစာတမ်းဖတ်ပွဲကို ကန့်ကွက်တားမြစ်ဖို့အတွက် ပြီးခဲ့တဲ့အောက်တိုဘာလမှာ အဖွဲ့အစည်းနဲ့နယ်ပယ်အသီးသီးက ခေါင်းဆောင်တွေပါဝင်တဲ့ မွန်သမိုင်းသုတေသနအသင်းကို ဖွဲ့စည်းခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၄ နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစားမပြုရ။ ထို့အပြင်လူမျိုးရေးကြောင့် သော်လည်းကောင်း၊ ဘာသာရေးကြောင့်သော်လည်းကောင်း တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဂိုဏ်းနှင့်တစ်ဂိုဏ် မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲပြားခြင်း တစ်မျိုးမျိုး ပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန်အကြောင်းရှိသော အပြုအမူသည် ဤအဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည်။ ထိုအပြုအမူမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဋ္ဌာန်းနိုင်သည် လို့ ဖွင့်ဆိုတယ်။ ပျူလူမျိုးနှင့် ပျူနိုင်ငံတော် သုတေသနစာတမ်းဖတ်ပွဲမှာ သုဝဏ္ဏဘုမ္မိ(သထုံ)ဟာ ပျူလူမျိုးတွေအစောဆုံးနေထိုင်ခဲ့ကြောင်း စာတမ်းဖတ်ကြားခဲ့မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၄ နဲ့ငြိစွန်းမဲ့ကိန်း မလွဲမသွေဆိုက်ရောက်သွားမှာကို ကြိုမြင်နေမိပါတယ်။

ဒီစာတမ်းဖတ်ပွဲကို မွန်သပိတ်မှောက်ဆန္ဒပြကြဖို့ ကြိုတင်ပြင်ဆင်ထားပါတယ်၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး(အငြိမ်းစား) နိုင်မောင်တိုးက “ဒီစာတမ်းဖတ်ပွဲမှာ မွန်သမိုင်းတွေနဲ့ပတ်သက်ပြီး မဟုတ်မမှန်တာတွေ ဘာတွေဖတ်ကြားသွားတာကို စောင့်ကြည့်သွားဖို့ပါ၊ ဆန္ဒပြတာ အစောတလျှင်လုပ်ဖို့ မလိုအပ်သေးဘူး” လို့ သူစင်္ကာပူခရီးစဉ်မသွားမီ စာရေးသူကို ပြောခဲ့ဘူးပါတယ်။

မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီ(ရန်ကုန်) အထွေထွေအတွင်းရေးမှူး နိုင်စိုးကြည်က “ပျူစာတမ်းဖတ်ပွဲက ရှိနေဆဲပဲ၊ ကျင်းပဖြစ်မှာက သေချာတယ်၊ ဒါပေမယ့် မွန်ကိစ္စဖတ်မဖတ်တော့ စောင့်ကြည့်နေတုန်းပဲ” လို့ ဆိုပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း ယခုတလော မွန်ပြည်နယ်သို့လာရောက်တွေ့ဆုံတဲ့ခရီးစဉ်မှာလည်း ပျူစာတမ်းဖတ်ပွဲကိုပိတ်ပေးမယ်လို့ တစ်ထောင်မကအင်အားရှိတဲ့မွန်ပြည်နယ်သားတွေကို ကတိပေးခဲ့တာ ရှိပါတယ်။ ဒါပေမယ့် သူကအစိုးရမဟုတ်လို့ စာရေးသူအနေနဲ့ လည်းမယုံကြည်ပါ။

နိဂုံးချုပ်တင်ပြရရင် မွန်နဲ့ပတ်သက်တဲ့သမိုင်းအကြောင်းအရာတွေမှာ မွန်ဘာသာ၊ ဗမာဘာသာ၊ အင်္ဂလိပ်ဘာသာနဲ့ အခြားဘာသာစာပေတွေနဲ့ရေးသားချက်တွေ အမျိုးမျိုးရှိပါတယ်။ သမိုင်းသုတေသနကွဲလွဲချက်အနည်းအပါးမျှသာ ရှိပြီး ဒုတ်ဒါးထမ်းငြင်းဆန်ကြရမယ့်သမိုင်းမဟုတ်တဲ့ သုဝဏ္ဏဘုမ္မိအပါအဝင် မွန်ဒေသတွေကို ပျူလက်အောက်ခံနိုင်ငံဟောင်းအဖြစ် သွပ်သွင်းတဲ့စီမံချက်ဟာ ပုဂ္ဂိုလ်၊ လူမျိုးရေး အမုန်းပွားစရာကို ရှေးရှုနေပြီး ပြစ်ဒဏ်တွေမသတ်မှတ်ရသေးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၄ တစ်ခုနဲ့ပဲ အရေးယူဆောင်ရွက်နိုင်တဲ့အတွက် ပျူလူမျိုးနှင့်ပျူနိုင်ငံတော်စာတမ်းဖတ်ပွဲက ဘာလဲ?ဘယ်လဲ? သဲသဲကွဲကွဲသိရှိဖို့လိုအပ်ပါကြောင်း။

ကိုးကားချက်များ
၁။ မွန်သမိုင်းသုတေသနထုတ်ပြန်ချက်များ။
၂။ မွန်အရေးလှုပ်ရှားသူများနှင့် မေးမြန်းချက်များ။
၃။ ဒေါက်တာချစ်စံဝင်း၏ ရေးသားချက်များ

Flickr Photo Stream

2 Responses to ပျူလူမျိုးနှင့်ပျူနိုင်ငံတော် စာတမ်းဖတ်ပွဲ ဘာလဲ?ဘယ်လဲ?

  1. ကိုဖြူ

    November 30, 2012 at 12:57 am

    ဒေါက်တာ ချစ်စံဝင်းဆိုတာ ဘယ်လို သမိုင်းပညာရှင်လည်း သိပါရစေ။ ပြဿနာက ဗမာက သူတယောက်တည်း မရပ်ရဲလို့ ကျန်တဲ့လူမျိုးတွေကို အကုန်မျိုချင်နေတာပါ။ အခုဗိုက်ပေါက်တော့မယ်လေ။

  2. ကိုဖြူ

    November 30, 2012 at 1:01 am

    ဗမာစာဟာ မွန်စာကနေယူထားတယ်ဆိုတာကို ဆောင်းပါးတစောင်နဲ့ ရှင်းပြပေးပါလား? ကျေးဇူးတင်ပါတယ်။