spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းမြဝတီ-မော်လမြိုင်-ရန်ကုန် တရားဝင်ကုန်သွယ်မှု လမ်းကြောင်းဖြစ်အောင် ဆောင်ရွက်တော့မည်

    မြဝတီ-မော်လမြိုင်-ရန်ကုန် တရားဝင်ကုန်သွယ်မှု လမ်းကြောင်းဖြစ်အောင် ဆောင်ရွက်တော့မည်

    -

    မင်းသုတ – ပို့ကုန်၊ သွင်းကုန်လိုင်စင်ခွင့်ပြုချက်ဖြင့် မြဝတီ-မော်လမြိုင်-ရန်ကုန်အား တရားဝင်ကုန်သွယ်မှုလမ်းကြောင်းဖြစ်အောင် မကြာမီဆောင်ရွက်တော့မည်ဖြစ်ကြောင်း သိရသည်။

    မြဝတီကုန်သွယ်ရေးစခန်း(IMNA)
    ကန့်သတ် ပိတ်ပင်ထားသော ကုန်ပစ္စည်းများကို ပို့ကုန် ၊ သွင်းကုန်လိုင်စင် ရယူခြင်း မရှိဘဲ တင်ပို့ ၊ တင်သွင်းခြင်း ၊ လိုင်စင် ခွင့်ပြုချက်ရယူပြီးသော်လည်း စည်းကမ်းချက်များ ဖောက်ဖျက်နေမှု တို့အား လာမည့် နိုဝင်ဘာ ၂၀ ရက်နေ့တွင် စတင်စစ်ဆေးအရေးယူသွားမည်ဟု မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်ရဲမှူးတစ်ဦးက ပြောသည်။

    ၄င်းက “ဒီနှစ်ကုန်ပိုင်း ဒီဇင်ဘာလ ၃၁ အထိကတော့ ပညာပေးကာလပေါ့၊ တားဆီး၊ စစ်ဆေး၊ ပညာပေးသွားမှာ ဖြစ်တယ်၊ ပစ္စည်းတင်ဆောင်လာတဲ့ မော်တော်ယာဉ်တွေဟာ တင်သွင်းခွင့်ပြုထားတဲ့ စာရွက်စာတမ်းတွေတပါတည်းယူဆောင်လာရမယ်” ဟု ပြောသည်။

    ကုန်ပစ္စည်း အမျိုးအစား ၊ အရေအတွက် ၊ ယာဉ်အမှတ်ဖော်ပြထားသော ယာဉ်စစ်ဆေးသူ တာဝန်ခံလက်မှတ်၊ ကုန်သွယ်ရေးစခန်းတွင် စစ်ဆေးခဲ့သော ကွင်းစစ်ဆေးချက်မှတ်တမ်း မူရင်းများပါရှိရမည်ဟု သိရသည်။

    “ပညာပေးကာလ နောက်ပိုင်းကျရင်တော့ ဥပဒေနဲ့မညီညွတ်တာတွေကို အရေးယူတာ၊ Black List စာရင်းထည့်သွင်းကြေညာတာတို့ လုပ်သွားဖို့ရှိတယ်” ဟု သူက ဆက်ပြောသည်။

    မြဝတီနယ်စပ်မြို့တွင် နယ်စပ်ကုန်သွယ်မှုစခန်းအတွက် အဖွဲ့ပေါင်းစုံမှ One Stop Services စနစ်ဖြင့်ဆောင်ရွက်မည့် အဖွဲ့ဝင်များ ရောက်ရှိနေပြီဟု မြို့ခံကုန်သည်တစ်ဦးက ပြောသည်။

    ၄င်းက “ထိုင်းကတင်သွင်းတဲ့စားသောက်ကုန်နဲ့ အခြားကုန်ပစ္စည်းတွေမှာ အတုတွေပါဝင် လာတာရှိတယ်၊ အချိုမှုန့်၊ နို့ထွက်ပစ္စည်းအမျိုးမျိုးနဲ့ လယ်ယာသုံးဓါတ်မြေသြဇာတွေမှာ အတုတွေပါလာတတ်တယ်၊ အဲဒါတွေကို နယ်စပ်စခန်းမှာ စစ်ဆေးပြီးမှ ပြည်တွင်းကို တင်သွင်းခွင့်ရမယ်” ဟု ပြောသည်။

    သို့ရာတွင် နယ်စပ်ကုန်သည်ကြီးများ၏ ငွေကြေးတံစိုးလက်ဆောင်များဒဏ်ကို နယ်စပ်ရှိမြန်မာဝန်ထမ်းများ ခံနိုင်မနိုင်ဆိုသည့်အချက်ကို စောင့်ကြည့်ရဦးမည်ဟု ဆိုသည်။

    အလားတူ မော်လမြိုင်မြို့ ၊ ရွှေမြင့်မိုရ်ထွန်းဟိုတယ်၌ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မြဝတီ-မော်လမြိုင်-ရန်ကုန် တရားဝင်ကုန်သွယ်မှုလမ်းကြောင်းဖြစ်မြောက်အောင် ဆောင်ရွက်တော့မည် အခြေအနေများကို ဒေသခံကုန်သည်များအား သက်ဆိုင်ရာအာဏာပိုင်များက တွေ့ဆုံရှင်း လင်းပွဲတစ်ရပ်ပြုလုပ်ခဲ့သည်ဟု သိရသည်။

    ထို့နောက် လာမည့် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် မော်လမြိုင်မြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်တို့ကို ဖမ်းဆီးတော့မည်အကြောင်း အာဏာပိုင်များ အသိပေး ထားပြီးဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts