spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းငြိမ်းချမ်းရေး တည်ဆောက်ရာတွင် တပ်မတော်ခေါင်းဆောင်များ၌လည်း အဓိကတာဝန်ရှိဟု UNA ပြော

    ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် တပ်မတော်ခေါင်းဆောင်များ၌လည်း အဓိကတာဝန်ရှိဟု UNA ပြော

    -

    ရဲမွန် – ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရာ၌ တပ်မတော် အကြီးအကဲများသည်လည်း အဓိက တာဝန်ရှိသူများ ဖြစ်သည်ဟုဆိုပြီး လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်ရာတွင် ပူးပေါင်း ပါဝင်သွားရန် လိုကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) က အောက်တိုဘာ ၂၈ ရက် တနင်္ဂနွေနေ့တွင် ကြေညာချက်ထုတ်ပြန်လိုက်သည်။

    “သမ္မတကြီး ဦးဆောင်သော အစိုးရအဖွဲ့နှင့် တပ်မတော် ခေါင်းဆောင်ကြီးများသည် တိုင်းပြည်၏ စစ်မှန်သော ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် အဓိက တာဝန်ရှိသူများ ဖြစ်သည့်အတွက် လက်ရှိ ကချင်ပြည်နယ် စစ်ပွဲများ အပါအဝင် လက်နက်ကိုင် ပဋိပက္ခများကို အမြန်ဆုံး ရပ်စဲရန်နှင့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမြန်ဆုံး ထုတ်ပြန်ကြေညာပေးရန် လိုအပ်နေပါသည်” ဟု အဖွဲ့ဝင် ၅ ဖွဲ့ ပါဝင်သည့် UNA ၏ သဘောထား ထုတ်ပြန်ချက်တွင် ပါရှိသည်။

    UNA ထုတ်ပြန်ချက်
    လက်ရှိတွင် နိုင်ငံတော် သမတ ဦးဆောင်သည့် ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အနေနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်နေသည်ဟု ဆိုသော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အပြည့်အဝ မအောင်မြင်ခြင်း၏ အကြောင်းမှာ တပ်မတော်ခေါင်းဆောင်များ ပါဝင်မှု အားနည်းခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

    “အခုသမ္မတကြီးရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်ဟာ လုပ်လိုက် သေနတ်သံတွေ ထွက်လိုက် ဖြစ်နေတယ်၊ တကယ်လို့ တပ်မတော်ကလည်း ပါလာမယ် ဆိုရင် ဒီငြိမ်းချမ်းရေးဟာ ပိုပြီးတော့ ခိုင်မြဲလာနိုင်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်တယ်၊ ဒါ့ကြောင့် တပ်မတော်ကနေ တတပ်တအား ပါဝင်ဖို့ ကျနော်တို့ တိုက်တွန်းလိုတယ်” ဟု UNA အဖွဲ့ဝင် ဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့် ရှိသူ စိုင်းလိတ် က ပြောသည်။

    ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် နှစ်ဦးနှစ်ဘက်ကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရန်နှင့် ငြိမ်းချမ်းရေး သဘောတူညီချက်များအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝ ရှိရန်လည်း လိုအပ်ကြောင်းကို UNA က အကြံပြုထားသည်။

    စိုင်းလိတ်က “ဘယ်တပ် အဖွဲ့အစည်းမဆို ငြိမ်းချမ်းရေး လိုချင်ကြတာပဲ၊ ဒါပေမဲ့ သူတို့အတွက် အာမခံချက် ပေးနိုင်မယ့် နိုင်ငံရေး ပလက်ဖောင်းတခု၊ နိုင်ငံရေး စကားဝိုင်းတခုကို ဖန်တီးပေးပြီး၊ နှစ်ဦးနှစ်ဖက် တရားမျှတစွာ ဖြေရှင်းမှသာလျှင် အောင်မြင်နိုင်မယ်လို့ ကျနော်တို့ ရှုမြင်တယ်” ဟု ဆက်ပြောသည်။

    ထိုထုတ်ပြန်ကြေညာချက်ကို သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများသို့ အီးမေးလ်မှတဆင့် ပို့ထားသည်ဟု သိရသည်။

    ၎င်းပြင် ပြည်တွင်း ငြိမ်းချမ်းရေး ပြဿနာသည် နိုင်ငံတော် ဖွဲ့စည်းပုံ ဥပဒေ၏ မပြည့်စုံချက်ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်ဟု ဆိုပြီး ပြည်တွင်း ငြိမ်းချမ်းရေးမှတဆင့် တိုင်းရင်းသား ပေါင်းစုံ ပါဝင်သည့် ညီလာခံတရပ် ကျင်းပသင့်သည်ဟုလည်း ဆိုသည်။

    “တိုင်းရင်းသားတွေ ခေတ်အဆက်ဆက် တောင်းဆိုလာတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူညီမျှခွင့်နဲ့ သူတို့ရဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆိုတဲ့ အချက်တွေ အားလုံးဟာ အဓိက အရင်းအမြစ်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ ပုံစံ မကျမှုကြောင့်ပဲ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသာလျှင် တိုင်းရင်းသားအားလုံးရဲ့ လိုအပ်ချက် တိုင်းရင်းသား အားလုံးရဲ့ ဆန္ဒကို အာမခံ ပေးနိုင်တယ်၊ ကိုယ်စားပြုနိုင်တယ် ဆိုရင် ဒီတိုင်းရင်းသား ပြဿနာဟာ အလိုလို ပြေလည်သွားမှာပဲ” ဟု စိုင်းလိတ်က ပြောသည်။

    ၎င်းပြင် ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် သမ္မတ ဦးဆောင်သည့် အစိုးရအဖွဲ့၊ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ ဒီမိုကရေစီ အင်အားစုများ အားလုံး အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖြစ်စဉ်တွင် ပါဝင်ရန်နှင့် အမြန်ဆုံး အကောင်အထည်ဖော်ရန်လည်း UNA က တောင်းဆိုထားသည်။

    UNA မဟာမိတ်အဖွဲ့ကို ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ နောက်ပိုင်းတွင် ရွေးကောက်ပွဲဝင် တိုင်းရင်းသား နိုင်ငံရေးပါတီ ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့သည်။ လက်ရှိတွင် ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီပါတီ၊ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီ ၅ ဖွဲ့သာ ကျန်ရှိပြီး လေ့လာဆဲ မဟာမိတ်ပါတီ ၃ ခု ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts