မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / အမြင်နှင့်သုံးသပ်ချက် / ပျူလူမျိုးနှင့်ယနေ့မြန်မာ

ပျူလူမျိုးနှင့်ယနေ့မြန်မာ

ရေးသားသူ: >

နိုင်မောင်တိုး(B.A; Dip.Lib;R.L) – “ပျူစစ်လျှင်မြန်မာ” ရေးသားချက်များဖတ်ရှုခဲ့ရပါသည်။ ဘယ်သူဘယ်ဝါတွေရေးခဲ့သည်ကို မဖေါ်ပြလိုတော့ပါ။ အထက်ပါ သမိုင်းအမြင်ယူဆ ရေးသားချက်ပတ်သက်၍ စာရေးသူအနေဖြင့် အကျဉ်းအားဖြင့် အောက်ပါ အချက်(၄)ချက်ကို တင်ပြလိုပါသည်။

၁။ လူမျိုးနှင့်ဘာသာစကား ကွဲပြားမှု
၂။ လူမျိုးစရိုက်ဓလေ့နှင့် ယုံကြည်ကိုးကွယ်ခြင်း ကွာခြားမှု
၃။ အသုံးပြုသောအက္ခရာနှင့် စာအရေးအသားမတူညီမှု
၄။ နိုင်ငံရေးနှင့်အုပ်ချုပ်ရေးအရ ဖန်တီးသုံးစွဲလာမှု

၁။ လူမျိုးနှင့်ဘာသာစကား ကွဲပြားမှု

ယနေ့ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် သန်းခေါင်းကောက်ယူဖော်ပြချက်အရ တိုင်းရင်းသားလူမျိုးပေါင်း(၁၃၅)မျိုးရှိသည်ဟု ဆိုပါသည်။ ထိုတိုင်းရင်းသားလူမျိုး(၁၃၅)တွင် ပျူလူမျိုးမပါဝင်ပါ။ အဘယ်ကြောင့်နည်း?။ ပျူလူမျိုးသည် သမိုင်းတွင်အမှန်တကယ်ရှိခဲ့ပြီး ယနေ့အခါတွင် လူမျိုးတစ်မျိုးအနေဖြင့် မျိုးသုဉ်းပျောက်ကွယ်ခဲ့ပြီး မရှိတော့သောကြောင့် သေနေသောလူမျိုး(Extinct) သာဖြစ်ပါသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများသာမက အာရှနိုင်ငံအတော်များများရှိ လူမျိုးတို့သည် မွန်ဂိုလွိုက်(MONGOLOID) ဟုခေါ်သော အသားဝါလူမျိုးတစ်မျိုးတည်းသာ ဖြစ်ပါသည်။ သို့သော် နေထိုင်သောအရပ်ဒေသကွဲပြား၍ ပြောဆိုသောဘာသာစကားများ မတူသဖြင့် လူမျိုးလည်း မတူကြောင်း သိရပါသည်။ ထို့ကြောင့် လူမျိုးနှင့်ဘာသာစကား ကွဲပြားမှုရှိလာပါသည်။ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှတွင် ဘာသာစကားတူရာအုပ်စု (၃)စုတွေ့ရှိရပါသည်။

(၁)တိဘက်မြန်မာဘာသာစကားအုပ်စု
(၂)မွန်ခမာဘာသာစကားအုပ်စု
(၃)ထိုင်းရှမ်းဘာသာစကားအုပ်စုတို့ဖြစ်ကြသည်။

တိဘက်မြန်မာဘာသာစကားအုပ်စုတွင် တိဘက်၊ မြန်မာ၊ ပျူ၊ သက်၊ ကံယန်း၊ အင်းသား၊ ထားဝယ်၊ ရခိုင် စသည်များဖြစ်ကြပါသည်။

မွန်ခမာဘာသာစကားအုပ်စု မွန်၊ ခမာ(ကမ္ဘောဒီယား)၊ ဆလုံ၊ ပလောင်၊ မလေးရှားမြောက်ပိုင်းတွင် စကိုင်(SAKAI) စမင်း(SAMANG)၊ နီဂိုဗာ(NICOBARESE)၊ အာသံပြည်နယ်တွင် ခါစီ(KHASI)၊ အိန္ဒိယအလယ်ပိုင်းတွင် မွန်ဒ(MUNDA)၊ ယူနန်ပြည်နယ်တွင် ပူမင်(PUMAN) စသည်တို့ဖြစ်ကြသည်။

ထိုင်း၊ ရှမ်းဘာသာစကားအုပ်စုတွင် ထိုင်း(ယိုးဒယား) နှင့် ရှမ်းပြည်နယ်တိုင်းရင်းသားများဟု အကြမ်းဖြင်းခွဲခြားရပါသည်။ ထို့ကြောင့်လူမျိုးကိုလေ့လာရာတွင် ဘာသာစကားကိုလေ့လာပြီး ခွဲခြားရန်လိုအပ်ပါသည်။ အထက်ပါ ဘာသာစကားအုပ်စုကိုကြည့်ခြင်းအားဖြင့် ဘာသာစကားဆင်တူသော်လည်း လူမျိုးမတူကြသည်ကို တွေ့ရှိရပါသည်။

ဘာသာစကားနှင့်ပတ်သက်၍ စာရေးသူ၏အတွေ့အကြုံကို တင်ပြပါရစေ၊ နိုင်ငံခြားတက္ကသိုလ်တစ်ခု၏ စာတမ်းဖတ်ပွဲအတွက် မွန်-ခမာ ဘာသာစကားဆက်စပ်မှုစာတမ်းကို ပြုစုရပါသည်။ စာရေးသူအတွက် အချိန်တစ်လသာ ရရှိပါသည်။ ခေတ်သစ်ခမာ(ကမ္ဘောဒီယား) စကားပြောစာအုပ်နှင့်တိတ်ခွေ၊ ခမာ-အင်္ဂလိပ်အဘိဓါန်စာအုပ်သာ လေ့လာခဲ့ရပါသည်။ စာရေးသူ၏မိခင်ဘာသာ မွန်စကား၊ မွန်စာပေနှင့် ယှဉ်လိုက်သောအခါ ရာနှုန်းအတော်များများတူနေသည်ကို လေ့လာသိရှိရသည်။ စာတမ်းဖတ်ပွဲပြီးသောအခါ ဘယ်ခမာဆရာနဲ့ ဘယ်နှစ်နှစ်ကြာ သင်ကြားခဲ့ရပါသလဲလို့ စာရေးသူကို မေးမြန်းကြပါသည်။ မွန်နှင့်ခမာ ဘာသာစကားအုပ်စုတူနေ၍သာ စာရေးသူအတွက် ခမာဘာသာစကားကို အလွယ်တကူလေ့လာ သိရှိခဲ့ရခြင်း ဖြစ်သည်။ သို့သော်စာရေးသူသည် မွန်လူမျိုးသာဖြစ်ပြီး ခမာလူမျိုးမဟုတ်ပါ။ မွန်နှင့်ခမာတို့သည် လူမျိုးတစ်မျိုးစီသာဖြစ်သည်။

“ပျူစစ်လျှင်မြန်မာ” ရေးသားချက်များတွင် ဘာသာစကားအုပ်စုတူသော တိဘက်-မြန်မာဘာသာ စကားပြောသည့် ပျူလူမျိုးနှင့် မြန်မာလူမျိုးတို့ စကားလုံးအသုံးအနှုန်းတူယုံမျှနှင့် လူမျိုးတစ်မျိုးတည်းဟု လိုရာဆွဲသွင်းလိုက်သည်မှာ သဘာဝမကျလှပါ။ မြန်မာလူမျိုးတို့ တိဘက်ဘာသာစကားကို အကယ်၍ လေ့လာမည်ဆိုပါလျှင် အလွယ်တကူတတ်လွယ်မည်ဟု စာရေးသူယူဆပါသည်။ “တိဘက်သည်မြန်မာ” “မြန်မာသည်တိဘက်” မဖြစ်နိုင်သကဲ့သို့ “ပျူလည်းမြန်မာ” “မြန်မာလည်းပျူ” ဟု မယူဆနိုင်ပါ။ ဤသို့ လူမျိုးမတူကြောင်း ပြန်ပြောနိုင်သော ပျူလူမျိုးများမရှိတော့၍ တဖက်သတ် တူခိုင်းနေသည့်အလား ဖြစ်နေပေသည်။

ယနေ့ ပြည်မြို့အနီးတဝိုက် သရေခေတ္တရာသားများစစ်စစ်က မွန်လူမျိုးများအား အပြစ်တင်နေကြသူများကိုလည်း တွေ့ဆုံခဲ့ရဘူးသည်။ ရာဇာဓိရာဇ်နှင့် ဘုရင်မင်းခေါင်တို့၏ အနှစ်(၄၀) မွန်ဗမာစစ်ပွဲကြောင့် မွန်တို့အောက်ပြည်ကိုသိမ်းထားသည့်ကာလရှည်ကြာ၍ လူမျိုးရေးအရဝါးမြိုခံရပြီး ပျူတို့ပျောက်ကွယ်ရသည်ဟု ဆိုကြ၏။ သို့သော်လည်း ယခုအခါ ၄င်းဒေသတလျှောက်တွင် ပျူများသာမက မွန်များနေထိုင်ခဲ့ကြသည့် ဟံသာဝတီမဏ္ဍလ(ပဲခူး)၊ ပုသိမ်မဏ္ဍလ(ပုသိမ်)ဒေသတစ်ဝန်းတို့တွင် မွန်များသည်လည်း ပျောက်ချင်းမလှ ပျောက်ကွယ်နေကုန်ကြပါပြီ။

၂။ လူမျိုးစရိုက်ဓလေ့နှင့် ယုံကြည်ကိုးကွယ်ခြင်း ကွာခြားမှု

လူမျိုးတစ်မျိုးတို့၏ စရိုက်လက္ခဏာ၊ ဓလေ့ထုံးစံ၊ ယုံကြည်ကိုးကွယ်သော ဘာသာတရားတို့ကို လေ့လာကြည့်ခြင်းအားဖြင့် လူမျိုးတစ်မျိုးနှင့်တစ်မျိုး မတူကွဲပြားကြောင်း သိသာပါသည်။ စာရေးသူ၏ကိုယ်တွေ့ လေ့လာမှုတစ်ရပ်ဖြစ်ပါသည်။ ထိုင်းနိုင်ငံ အိမ်ယာဆောက်လုပ်ရေးဝင်းခြံကြီးတစ်ခုထဲရှိ လူမျိုးကွဲအလုပ်သမားများ၏ ဘာသာစကားကိုလေ့လာခဲ့ရပါသည်။ ထိုလူမျိုးကွဲတို့သည် အလုပ်သမားတန်းလျားများတွင် သူ့လူမျိုးနှင့်သူ သီးခြားနေထိုင်ကြသော်လည်း တန်းလျားများ အလွန်နီးကပ်လျှက်ရှိကြသည်။ မွန်နှင့် ခမာအလုပ်သမားတန်းလျားတို့ရှိကြပါသည်။ တန်းလျားအသီးသီးတွင် မိမိလူမျိုးဘာသာစကားများ ပြောဆိုကြပြီး လူမျိုးကွဲအလုပ်သမားများအချင်းချင်းတွင် ထိုင်းဘာသာစကားကို ပြောဆိုကြသည်။ ထိုင်းသုတေသနမှူးကြီးက ထိုင်းအလုပ်ရှင်နှင့်အလုပ်သမားများထံမှ ထိုင်းဘာသာစကားဖြင့်မေးမြန်းလေ့လာသိရှိချက်အရ မွန်နှင့်ခမာ အလုပ်သမားများ နေထိုင်မှုစရိုက်မတူညီကြကြောင်း အင်္ဂလိပ်ဘာသာဖြင့် စာရေးသူအားပြန်လည်ရှင်းပြသည်။

မွန်အုပ်စုက ကျိုးနွံသည်ဟု ဆိုပြီး ခမာအုပ်စု ကြမ်းတမ်းသည်ဟု ဆိုပါသည်။ အဘယ်ကြောင့်ဆိုသော် မွန်လူမျိုးတို့သည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြ၍ မိဘဆရာသမားတို့၏ အဆုံးအမကိုခံယူသူများဖြစ်ကြပြီး ခမာလူမျိုးတို့မှာ ဗုဒ္ဓဘာသာထက် ဗြဟ္မဏဝါဒနှင့် ခမာနီအုပ်စိုးမှုကို ခံခဲ့ကြရပါသည်။ ထို့ကြောင့် စရိုက်ခြင်းမတူဟု ဆိုသည်။

ရှင်အရဟံကို အနော်ရထာစတင်တွေ့ဆုံခန်း(Internet)
ဗုဒ္ဓဘာသာ သာသနာပြုမင်း သီရိဓမ္မာအာသောကမင်းကြီးသည် အာလိင်္ဂစစ်ပွဲကို အောင်မြင်ပြီးနောက် သူသောကရောက်ရဆုံးမှာ ဂျိန်းဘာသာဝင် ဘုန်းကြီးများ၏ အကျင့်စရိုက်ပင်ဖြစ်ပါသည်။ မြန်မာဘုရင် အနော်ရထာမင်းကြီး မွန်အသျှင်အရဟံနှင့်မတွေ့ဆုံမီ သူ၏သောကရောက်ရဆုံးကာလများမှာ အရည်းကြီးများအတွက် ပန်းဦးလွှတ်ပေးနေရသည့်အကျင့်စရိုက်ပင် ဖြစ်သည်။ အရည်းကြီးသာသနာသည် အလွန်စက်ဆုပ်ရွံရှာရသော အမူအကျင့်ပင် ဖြစ်သည်။ ဗုဒ္ဓဘာသာသည် မြန်မာဘုရင်အနော်ရထာမင်းကြီး သောကဖြစ်ခဲ့ရသော အရည်းကြီးသာသနာနှင့် စရိုက်ချင်း အလွန်ကွာခြားပါသည်။

ပုဂံခေတ်ဦးပိုင်းတွင် ပျူလူမျိုးများ မဆိတ်သုဉ်း၊ မပျောက်ကွယ်သေးပါ။ ပျူလူမျိုးတို့သည် ပုံဂံခေတ်ဦးမှ ရှေးပိုင်းကိုလှမ်းကြည့်ပါက AD ၂ / ၃ ရာစုမှ ၈ ရာစုအထိ ဗုဒ္ဓဘာသာ သာသနာကို ထင်ထင်ရှားရှား ယုံကြည်ကိုးကွယ်လျှက်ရှိကြောင်း “ဦးခင်ဘကုန်း” တူးဖေါ်ရရှိခဲ့သော ရွှေပေ( ၂၀) ချပ်ပါ ဗုဒ္ဓဘာသာ ပိဋိကတ်တော် အနှစ်ချုပ်တွင် သက်သေအဖြစ်ကျန်ရှိခဲ့သည်။ ထို့အပြင် ပျူတူရိယာအတီးအမှုတ်အဖွဲ့တစ်ဖွဲ့ တရုတ်ပြည်သွားမှတ်တမ်းနှင့် ကြေးရုပ်များကိုလည်း တူးဖော်တွေ့ရှိခဲ့၍ တန်ဖိုးမဖြတ်နိုင်သော သမိုင်းအထောက်အထားများ ကျန်ရှိခဲ့သည်။

ထို့ကြောင့် လူမျိုးဓလေ့စရိုက်နှင့် ယုံကြည်ကိုးကွယ်သည့်ဘာသာကို ကြည့်ခြင်းအားဖြင့် ပျူလူမျိုးသည် မြန်မာမဖြစ်နိုင်ပါ။

၃။ အသုံးပြုသောအက္ခရာနှင့် စာအရေးအသားကွာခြားမှု

မြစေတီကျောက်စာ(Internet)
ပီပြင်သော ပျူစာပေအရေးအသားကို မြစေတီကျောက်စာတွင် နောက်ဆုံးတွေ့ရသကဲ့သို့ ပီပြင်သော မြန်မာစာအရေးအသားကို မြစေတီကျောက်စာတွင် အစောဆုံးတွေ့ရှိသည်ဟု ဆိုကြပါသည်။ လေးဘာသာဖြင့် ရေးထိုးထားသော မြစေတီကျောက်စာသည် သမိုင်းနှင့်စာပေအတွက် အလွန်တန်ဘိုးကြီးလှပေသည်။ ပျူ၊ မွန်၊ မြန်မာ၊ ပါဠိ လေးဘာသာဆိုသော်ငြား ရေးထိုးသောအက္ခရာမှာ မွန်နှင့် ပျူ နှစ်မျိုးသာဖြစ်သည်။ ပျူဘာသာကို ပျူအက္ခရာဖြင့်ရေးထိုးပြီး မွန်၊ ဗမာ၊ ပါဠိ စာပေအရေးသားတို့ကို မွန်အက္ခရာဖြင့် အထင်အရှားတွေ့မြင် နိုင်သည်။ မွန်နှင့်ပါဠိ ဘာသာရေးသားချက်တွင် ဖတ်ရှုရာတွင်ပြေပြစ်ချောမော၍ နားဝင်ပီယံခံစားမိပါသည်။ သို့ရာတွင် အစပိုင်းမြန်မာဘာသာအရေးအသား၌ မွန်နှင့်ပါဠိကဲ့သို့ မပြေပြစ်ကြောင်း ခံစားမိပါသည်။ ထိုကာလမြန်မာစာပေသည် အပျံသင်စငှက်ငယ်ပမာ ဖြစ်နေသည်။ မွန်နှင့် မြန်မာစာ နှစ်ဘာသာတတ်သူများအဖို့ မြစေတီကျောက်စာမြန်မာဘာသာကို မွန်ပညာရှိများ ရေးထိုးခဲ့လေသလားဟု ယူဆရပါသည်။ အဘယ်ကြောင့် ဆိုသော မြန်မာဝေါဟာရအသံထွက်များကို မွန်အက္ခရာသတ်ပုံများဖြင့် ရေးသားထားခြင်း ဖြစ်သည်။ ဥပမာ- ဗမာစာအရေးအသားတွင် ယနေ့တိုင်သုံးစွဲနေသော “သောဝ်” သည် မွန်သတ်ပုံ “ဝ” သတ်ထားပါသည်။ ဗမာစာပေတွင် “ဝ”သတ်ဟူ၍ မရှိပါ။

အကယ်၍ “ပျူလည်းမြန်မာ” ဟုဆိုပါလျှင် ထိုစဉ်ကပျူလူမျိုးနှင့်စာပေရှိပါလျှက် မြစေတီကျောက်စာတွင် မြန်မာတို့ ပျူအက္ခရာ မသုံးစွဲဘဲ မွန်အက္ခရာကို အဘယ့်ကြောင့်ယူငင်သုံးစွဲရပါသလဲဆိုတာ စဉ်းစားရန်လိုပါသည်။ သမိုင်းသုတေသီတို့သည် လူမျိုးစွဲမထားဘဲ အမှန်တရားကိုသာ ရှာဖွေရန် ဖြစ်သည်။ ခေတ်ကာလအလိုက် အက္ခရာပုံသဏ္ဍာန်ရေးသားမှု ကွာခြားလာသော်ငြား ယခင်နှစ်ပေါင်းထောင်ချီ ကာလမှ“က” ကြီးသည် ယနေ့တွင်“က”ကြီးပင် ဖြစ်နေပါသည်။

ထို့ကြောင့် အသုံးပြုခဲ့သော အက္ခရာနှင့်စာပေအရေးအသား ကွာခြားမှုအားဖြင့် “ပျူလူမျိုးသည် ပျူလူမျိုး” “မြန်မာလူမျိုးသည် မြန်မာလူမျိုး” သာဖြစ်ပြီး ပျူလူမျိုးသည် မြန်မာလူမျိုးမဖြစ်နိုင်ကြောင်း သိသာထင်ရှားလှပါသည်။

၄။ နိုင်ငံရေးနှင့်အုပ်ချုပ်ရေးအရ ဖန်တီးသုံးစွဲလာမှု

လွန်ခဲ့သောနှစ်ပေါင်း ၂၅၀ဝ ကျော်ကတည်းက အတူရှိနေခဲ့သော ပျူလူမျိုးနှင့် မွန်လူမျိုးတို့တွင် ယနေ့တွင် ပျူလူမျိုးများမရှိတော့ပြီ။ မရှိတော့သောပျူလူမျိုးကိုယ်စား မိတ်ဆွေမွန်လူမျိုးတစ်ဦးအနေဖြင့် အထက်တင်ပြပါအချက်များကို ထောင့်ရှုပြီး ပျူလူမျိုးသည် လူမျိုးတစ်မျိုးဖြစ်ကြောင်း၊ မရှိတော့တော့သော ပျူလူမျိုးအတွက် “ပျူလည်းမြန်မာ” “မြန်မာလည်းပျူ” ဟုဆိုလာသောအခါ ခံစားရမိသော မွန်လူမျိုးတစ်ဦးအနေဖြင့် ရိုးသားစွာတင်ပြလိုက်ခြင်းပင် ဖြစ်ပါသည်။

မဝေးခဲ့သော အတိတ်ဖြစ်ရပ်တစ်ခုပါ။ ပါလီမန်ဒီမိုကရေစီခေတ် ဝန်ကြီးဦးနုလက်ထက်တွင် ဖဆပလအစိုးရက မဖြစ်စလောက်သော မွန်ပြည်နယ်သတ်မှတ်ပေးရမည်ကို မလိုလားသဖြင့် “မွန်လည်းမြန်မာ” “မြန်မာလည်းမွန်” ဟု ကြွေးကျော်ဝါဒဖြန့်ခဲ့သည်ကို မှတ်မိနေသေးသည်။ မဆလခေတ်တွင်လည်း စာရေးဆရာသတင်းစာဆရာကြီး သိန်းဖေမြင့်က “ကျနော်တို့မွန်မြန်မာ” ဟု ဝါဒဖြန့်ရေးသားမှုများရှိခဲ့သည်။ လူမျိုးအရ စာပေအရ သမိုင်းအရ သက်ရှိထင်ရှားစွာ ရှိနေသော မွန်လူမျိုးများကိုပင်လျှင် “မွန်လည်းမြန်မာ” “မြန်မာလည်းမွန်” ဟု လုပ်ဆောင်မှုများရှိခဲ့သည်။ ထို့ကြောင့် ကမ္ဘာမြေတခွင် မျိုးသုဉ်းပျောက်ကွယ်ခဲ့သော ပျူလူမျိုးတို့ကို “ပျူလည်းမြန်မာ” “မြန်မာလည်းပျူ” ဟူသော သမိုင်းအကြံအဖန်လုပ်ဇာတ်ခင်းကြသည်မှာ မဆန်းပါကြောင်း၊ မြန်မာမှု(Burmanised) ပြုနေကျ နိုင်ငံရေးနှင့်အုပ်ချုပ်ရေးအရ ဝါဒဖြန့် ဖန်တီးသုံးစွဲမှုများသာဖြစ်ကြောင်း ရိုးသားစွာတင်ပြအပ်ပါသည်။

နိုင်မောင်တိုး(B.A; Dip.Lib;R.L)
ညွှန်ကြားရေးမှူး(အငြိမ်းစား)
အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန

မှတ်ချက်။ ။ ပျူစစ်လျှင်မြန်မာစာအုပ်ရေးသားချက်နှင့်ပတ်သက်၍ စာရေးသူ၏ဆွေးနွေးတင်ပြချက် စာတမ်းအား အမြင်နှင့်သုံးသပ်ချက်ကဏ္ဍအတွက် ပြန်လည်တည်းဖြတ်ပါသည်။- စာတည်း။

About မွန်သတင်းအေဂျင်စီ

Check Also

ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် ကြားကမြန်မာ့ငြိမ်းချမ်းရေး

သမ္မတဟောင်း ဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ်၊သြဂုတ် ၁၈ ရက် တစ်နိုင်ငံလုံးသို့ ငြိမ်းချမ်းရေး ဖိတ်ခေါ် ကမ်း လှမ်းခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့သည်။ သူသည် …

13 comments

  1. ဆာန်မန်ဟံသာ

    ထံက်ထ္ၜးလဝ် ခိုဟ်ကွေံကွေံ။ ဒးတၚ်ဂုဏ်ကဵု နာဲမၞိဟ်ၜိုပ် ကော် (နိုၚ်မောင်တိုး) ဗွဲမလောန်ရ။

  2. မောင်ငဘ

    နိုင်မောင်တိုးရဲ့ ဒီဆောင်းပါးဟာ မိမိရဲ့ အတ္တခံစားမှုနဲ့၊ ကိုယ်ပိုင်အမြင်များအပေါ် များစွာအခြေခံထားတာ တွေ့ရပါတယ်။ ၄င်းအနေဖြင့် မွန်စာပေသည် ချောမွေ့ပြေပြစ် နဝင်ပီယံဖြစ်မည်မှာ မလွဲပေ၊ သို့ရာတွင် သမိုင်းဆိုင်ရာ အချက်အလက်များကို ကောက်ချက်ဆွဲသည့်အခါ မိမိစိတ်ခံစားမှုများကို ရှေ့တမ်းမတင်သင့်ပါ။ မြစေတီကျောက်စာကိုပင် မွန်နှင့်ပါဌိဘာသာ နှစ်မျိုးသာ အခြေခံသည်ဟု သမိုင်းအချက်အလက်ပေါင်း များစွာကို မျက်ကွယ်ပြုကာ မိမိလိုရာဆွဲ တင်ပြထားတာတွေ့နိုင်ပါတယ်။ ဆရာကြီး ဒေါက်တာသန်းထွန်း ဖတ်ရလျှင် ရင်နာမဆုံးဖြစ်ဦးတော့မည်ဟု တွေးမိပါတယ်။

  3. moe moe ( moulmein)

    This is a good comment on Phu and Myanmar relationship.But what is the real race of Mon?
    Are they come from the sky? ,and also do you believe an evolution concept of Human Biology?

    • i think you are so stupid because you are from moulmeim you don’t know Mon. i would like to suggest you. if you want to know you would learn the history stupid.

  4. Dear Saya Naing Maung Toe,
    Thank you for your interetsing article. But why are you denying the statement that the Pyu are Bamar? Saya G.H. Luce proposed that the so-called Pyu writing on one face of Myazedi Inscriptions is now deciphered as one old Burmese by Dr Phone Tint Kyaw Ph.D. and that Dr Moore from SOAS in London has written she found the Pyu relics and bricks all over Burma from Katha to Tavoy in north south direction and from Sandoway to Momeik in east west direction.All these places are now taken over by Bamar. And Burmese historians claimed long ago that the Bamars ae descendants of the Pyu like the earliest king of Pagan was a Pyu. And King Alaung Sithu was known as a Pyutathein Min (King of one Lakh Pyu). So it’s reasonable to think Pyu are Bamar.

  5. “ကမ္ဘာမြေတခွင် မျိုးသုဉ်းပျောက်ကွယ်ခဲ့သော ပျူလူမျိုးတို့ကို ” ဟူသော အချက်ကို ကျနော် နည်းနည်း ထောက်ပြချင်တယ်။ ပျူလူမျိုးဟာ တကယ်မပျောက်ကွယ်သေးပါ. အခု India Northeast state မှာရှိတဲ့ Tripura state မှာ လူနည်းစုအနေနဲ့နေထိုင်နေရသေးတယ်.. သူတို့ကိုသူတို့ Bru လူမျိုးလို့ ခေါ်ဝေါ် သုံးစွဲနေလျက်ဘဲ… ချင်းပြည်နယ်နဲ့ နယ်စပ်ချင်းထိနေတဲ့ Mizoram state (Indo-Burma border) အတွင်းမှာလဲ Bru လူမျိုး တချို့နေထိုင်လျက်ပါဘဲ…

  6. It’s a joke that a name of the USA president is “O’Myanmar”. Because Myanmar and Burma is the same.

  7. ကိုစိုင်း

    အမှန်တရားကို အချိန်မှီဖေါ်ထုတ်ပေးတဲ့ ဆရာ.ကိုကျေးဇူးအထူးတင်ပါတယ်။တိုင်းရင်းသားတွေသမိုင်းတွေဖျောက်ဖျက်ခံခဲ့ရတာအင်မတန်ဝမ်းနည်းခံပြင်း၇ပါတယ်။နောက်ထပ်လဲအမှန်တရားတွေကိုထပ်မံဖေါ် ထုပ်ပြီးတင်ပြပေးနိုင်ပါစေ။

  8. အတော်ကိုအချက်အလက်ပြည့်စုံတဲံဆောင်ပါးပါ။သမိုင်းဆိုတာလိမ်လိုမရပါဘူး။

  9. သထုံသား

    သထုံထီးနန်းကျတာနဲ ပျူလူမျိုးပျောက်ကွယ်ခါစ အချိန်နဲ့ သွားတိုက်ဆိုင်တယ်။ သထုံရွှေစံရံစေတီနှင့် ရန်ကုန်ရွှေတိဂုံစေတီမှာ တွေ့ရတဲ့မွန်ကျောက်စာတွေက မွန်ဘုရာမ ရှင်စောပုလက်ထက်ရောက်မှ အဆိုပါကျောက်စာကို စစိုက်တာဖြစ်တယ်။ အဲဒီကျောက်စာဟာ သထုံထီးနန်းကျဆုံးပြီး နှစ်ပေါင်း ၄၀ဝ ကျော်ကြာမှ ရေထိုးထားတဲ့ကျောက်စာဖြစ်တယ်။ အဲဒိအချိန်မှာ မွန်ဘုရင်က သြဇာလွမ်းမိုးထားတာကိုး။ အကယ်၍ အဲဒီအချိန်မှာ ကရင်ဘုရင်သြဇာလွမ်းမိုးမှုရှိရင်တော့ ကရင်စာနဲရေးထိုးမှာပေါ့။ မြန်မာပြည်မှာ အစောဆုံးကျောက်စာဟု သတ်မှတ်ခံရတဲ့ ရာဇာကုမာရ်ကျောက်စာ (ခ) မြစေတီကျောက်စာဟာ မြန်မာစာ၊ ပဋိစာ၊ မွန်စာအပြင် ပျူစာလည်းပါဝင်နေတယ်။ မြစေတီကျောက်စာက သထုံပြည်ကို သိမ်းပိုက်တဲ့ အနော်ရထာမင်းစော နတ်ရွာစံပြီး နောက် ထီးနန်းကို ဆက်ခံသည့် စောလူးမင်းနောက် ကျန်စစ်သားမင်လက်ထက်ရောက်မှ မြစေတီကျောက်စာကို ရေးထိုးထားတာ။ သထုံမြို့ဟောင်းကို တူးဖော်မည့် သမိုင်းသုတေသနဆရာတွေ စိတ်ဓါတ်ဖြူစင်ရင်တော့ သထုံမြို့ရဲ့ မူလပိုင်ရှင်က ဘယ်သူလည်းဆိုတာ အဖြေမှန်ပေါ်လိမ့်မယ်။

  10. တိုင်းရင်းသားဘာသာ လေ့လာသူ

    “သောဝ်” ဆိုတဲစကားလုံးက “ဝ”သတ်နှင့် ရေးထားတာကို မွန်စာမှာဘဲ တွေရတာ မဟုတ်ပါဘူး။ ရှမ်းစာ၊ ပအိုဝ်းစာတွေမှာ လေ့လာကြည့်မယ်ဆိုရင် “ဝ”သတ်နှင့် အများအပြားသုံးတာကို တွေ့ရတယ်။ ပအိုဝ်းလူမျိုးမှ ခြိုင်း(ခြုဲင်း)မိသားစုဝင်တွေက စကားပြောဆိုတာဘဲဖြစ်ဖြစ်၊ စာရေးတာဘဲဖြစ်ဖြစ် “သောဝ်”နဲအဆုံးသတ်လေ့ရှိတယ်။ ခြိုင်းမိသားစုဝင်တွေကို ရှမ်းပြည်နယ်ပင်လောင်းမြို့နယ်မှာ အများအပြားတွေ့ရတယ်။ ပအိုဝ်း ခြိုင်းမိသားစုဝင်တွေက “သောဝ်”ဆိုတာ အဆုံးသတ်ပြီ၊ ပြီးပြီဟု ဗမာလို အဓိပါယ်ရတယ်လို့ ပင်လောင်းပအိုဝ်းတွေ ပြောပြတာ သိရတာပါ။ ရှမ်းစာ၊ ပအိုဝ်းစာတို့လည်း မွန်စာနည်းတူပဲ ရှေးဘုရင်လက်ထက်ကတည်းက ရှိလာခဲ့တာပါ။

%d bloggers like this: