spot_img
Friday, April 19, 2024
More
    spot_img
    Homeသတင်းမူးယစ်ဆေးဝါးတိုက်ဖျက်ရေး မွန်ပြည်သစ်ပါတီပညာပေး

    မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မွန်ပြည်သစ်ပါတီပညာပေး

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မွန်ပြည်သစ်ပါတီ ဗဟိုအုပ်ချုပ်ရေးဌာနမှဦးစီး၍ မူးယစ်ဆေးဝါးတားဆီးတိုက်ဖျက်ရေး ပညာပေးခြင်းနှင့် ဖြစ်ဒဏ်ပေးအရေးယူဆောင်ရွက်မည့်ကိစ္စရပ်များအား မွန်ဒေသများတွင် ယခုလစက်တင်ဘာတတိယပတ်မှ စတင်အကောင်အထည်ဖေါ်နေသည်ကို တွေ့ရှိရသည်။

    [vslider name=”nmspdrug092012″]

    “မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူဖြစ်စေ သုံးစွဲသူဖြစ်စေ ပြင်းထန်သောပြစ်ဒဏ် ချမှတ်ခြင်းခံရမည်ဖြစ်သည်၊ ဝေးဝေးမှရှောင်ကြဉ်ကြပါရန် သတိပေးတားမြစ်လိုက်ပါသည်” မွန်၊ မြန်မာနှစ်ဘာသာစာတမ်းပါ ပိုစတာများ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပညာပေးဟော ပြောမှုများပြုလုပ်ခြင်းတို့ကို မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေများနှင့် ဆက်စပ်သော နေရာဒေသများတွင် ပြုလုပ်လျှက်ရှိသည်။

    မွန်ပြည်သစ်ပါတီ သံဖြူဇရပ်ဆက်ဆံရေးတာဝန်ခံ နိုင်မွန်ချမ်းက “ကျနော်တို့သံဖြူဇရပ်မြို့နယ်မှာ ဒီလ ၂၁ ရက်နေ့ကစပြီး ဆက်ဆံရေးရုံးရှေ့မှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်းဘုတ်ကို ထောင်တယ်၊ နောက်တစ်နေ့ မွန်ဓမ္မာရုံမှာကျင်းပတဲ့ မွန်ဆိုကရေးတီးအစမ်းလေ့ကျင့်ပွဲမှာ ပညာပေးဟောပြောမှုအစီအစဉ်လုပ်ခဲ့ပါတယ်၊ သံဖြူဇရပ်တစ်မြို့နယ်လုံး ကျေးရွာတိုင်းမှာ ဆိုင်းဘုတ်တွေတင်ပြီးပါပြီ” ဟု ပြောသည်။

    မုဒုံမြို့နယ်တွင်လည်း မော်လမြိုင်-သံဖြူဇရပ်မော်တော်ကားလမ်းမကြီးတလျှောက် သာယာကုန်းကျေး ရွာမှ ကွမ်လှာကျေးရွာအထိ ဆိုင်းဘုတ်ပိုစတာများထောင်၍ ပညာပေးအစီအစဉ်များပြုလုပ်နေကြောင်း မွန်ပြည်သစ်ပါတီ၊ မုဒုံမွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးက ပြောသည်။

    အလားတူ မော်လမြိုင်၊ ကော့ကရိတ်၊ ကျိုက်မရော၊ ကြာအင်းဆိပ်ကြီး၊ ရေး၊ ရေဖြူ၊ ဘုရားသုံး ဆူမြို့နယ်ရှိ ကျေးရွာများတွင်လည်း ၄င်းပိုစတာများစိုက်ထူခြင်း၊ လက်ကမ်းစာစောင်များဖြန့် ဝေခြင်းများ ပြုလုပ်လျှက်ရှိသည်။

    ပညာပေးမှုအစီအစဉ်တွင် မူးယစ်ဆေးဝါးသုံးစွဲပါက ထောင်ဒဏ်ကျခံရခြင်း၊ အေအိုင်ဒီအက်စ် ရောဂါ ကူးစက်ခံရခြင်း၊ မိသားစုဘဝပျက်စီးရခြင်းနှင့် နောက်ဆုံးတွင် ဆင်းရဲဒုက္ခပေါင်းစုံ ကြုံတွေ့နိုင်သည်ဟု ဦးစားပေးဖေါ်ပြထားပြီး ရောင်းဝယ်ဖောက်ကားသူနှင့် သုံးစွဲသူတို့အားတွေ့မြင်၊ သိရှိ၊ သတင်းရလျှင် အနီးအနားဒေသရှိ မွန်ပြည်သစ်ပါတီခရိုင်ရုံးများ၊ ဆက်ဆံရေးရုံးများသို့ ဆက်သွယ်သတင်းပေးနိုင်ရန် ဖုန်းနံပါတ်များ ဖေါ်ပြပေးထားသည်။

    “ကျနော်တို့ ကော့ဘိန်းရွာမှာဆိုရင် ၈ တန်းနဲ့အထက်ကျောင်းသားတွေ၊ ဘွဲ့ရအလုပ်လက်မဲ့လူငယ် တွေမှာ ရာခိုင်နှုန်းတော်တော်များ မူးယစ်ဆေးသုံးစွဲနေတယ်လို့ ခန့်မှန်းရပါတယ်၊ ဒါပေမယ့် သုတေသန စစ်တမ်းတွေတော့ မလုပ်ရသေးပါဘူး၊ အထူးသဖြင့်မြင်းဆေးမူးပြီးရင် ညအခါလမ်းမပေါ် အိပ်နေတာတွေ၊ မော်တော်ကားက သစ်ပင်ဝင်တိုက်တဲ့အဖြစ်တွေရှိခဲ့တယ်” ဟု ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မင်းမျိုးတင့်လွင်က ပြောသည်။

    ထို့အပြင် ကော့ကရိတ်မြို့နယ်တွင် ပထဝီအနေအထားအရ လက်နက်ကိုင်အဖွဲ့အစည်း အများ အပြားရှိနေသဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအစီအစဉ်များ အလွယ်တကူ အောင်မြင်နိုင်လိမ့် မည်ဟုမယူဆကြောင်း သူကဆက်ပြောသည်။

    ကော့ကရိတ်မြို့နယ်တွင် အစိုးရ၏ စစ်တပ်၊ ရဲ၊ ပြည်သူ့စစ်တပ်ဖွဲ့များအပြင် မွန်ပြည်သစ်ပါတီ၊ လက်နက်ချမွန်လက်နက်ကိုင်အဖွဲ့များ၊ ကရင်နယ်ခြားစောင့်တပ်နှင့် ကရင်လက်နက်ကိုင် အပစ်ရပ်အဖွဲ့အစည်းများ ရှိကြသည်။

    မူးယစ်ဆေးဝါးသည် လူမျိုး၏ဂုဏ်ကျက်သရေကိုလည်းကောင်း၊ အမျိုးသားတိုးတက်ကြီးပွားရေးကို လည်းကောင်း ညှိုးနွမ်းပျက်စီးစေယုံမျှမက လူမျိုးပြုန်းတီးမှုနှင့် ဆင်းရဲမွဲတေမှုသို့ အရောက်တွန်းပို့ နေပါသောကြောင့် မွန်ပြည်သစ်ပါတီနှင့်အတူ ပူးပေါင်းတိုက်ဖျက်ပေးရန် အထက်ပါပိုစတာတွင် ရေးသားဖေါ်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts