spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်း၂၀၁၂ တိုင်းရင်းသားလူမျိုးများညီလာခံကျင်းပပြီးစီး

    ၂၀၁၂ တိုင်းရင်းသားလူမျိုးများညီလာခံကျင်းပပြီးစီး

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ- ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ သုံးရက်ကြာကျင်းပခဲ့သော ၂၀၁၂ တိုင်းရင်းသားလူမျိုးများညီလာခံ ယနေ့ညနေပိုင်းတွင် ကျင်းပပြီးစီးခဲ့သည်။

    ၂၀၁၂ တိုင်းရင်းသားလူမျိုးများညီလာခံ
    ၂၀၁၂ တိုင်းရင်းသားလူမျိုးများညီလာခံ

    အဆိုပါညီလာခံသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၉ ဖွဲ့၊ လူမှုအခြေပြုအဖွဲ့အစည်းများနှင့် ပြည်တွင်းတိုင်းရင်းသားပါတီ ကိုယ်စားလှယ်များ၊ UNFC, ENC, UNLD(LA)၊ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု NDF ကိုယ်စားလှယ်များနှင့် နိုင်ငံတကာမှ တိုင်းရင်းသားကိုယ်စားလှယ်၁၅၀ ကျော်တက်ရောက်ကြသည်ကို တွေ့ရှိရသည်။

    “အစိုးရပြောနေတဲ့ ပင်လုံကဲ့သို့သောညီလာခံကျင်းပမယ်ဆိုတဲ့ကိစ္စအပေါ် တိုင်းရင်းသားအားလုံး လက်ခံနိုင်တဲ့ငြိမ်းချမ်းရေးစီမံချက်တွေကို ရေးဆွဲကြတာပါ” ဟု ညီလာခံကျင်းပရေးတာဝန်ခံ နိုင်ဟံသာက မိန့်ခွန်းတရပ်တွင် ထည့်သွင်းပြောကြားခဲ့သည်။

    သဘာပတိအဖွဲ့တွင် ဒုတိယဗိုလ်ချုပ်ကြီးအင်ဘန်လ(KIA)၊ ခွန်မာရ်ကိုဘန်း၊ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း၊ အရံသဘာပတိ အဖြစ် UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ၊ စိုင်းခွန်ဆိုင်း(သျှမ်းသံတော်ဆင့်အယ်ဒီတာချုပ်)၊ အခမ်းအနားမှူး(အကျိုးတော်ဆောင်) အဖွဲ့တွင် ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ခူးဦးရယ်၊ ဒေါ်စောမြရာဇာလင်းနှင့် ဒေါက်တာရွှေခါးရ်တို့ ဆောင်ရွက်ကြသည်။

    ၂၀၁၂ တိုင်းရင်းသားလူမျိုးများညီလာခံကျင်းပနေစဉ်
    ၂၀၁၂ တိုင်းရင်းသားလူမျိုးများညီလာခံကျင်းပနေစဉ်

    ညီလာခံပထမရက်နေ့တွင် စာတမ်းများဖတ်ကြားတင်သွင်းခြင်း၊ ဒုတိယရက်နေ့တွင် အပြန်အလှန်ဆွေးနွေးခြင်း၊ ယနေ့တွင် ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းစဉ်များနှင့် တိုင်းရင်းသားလူမျိုးများ၏ ငြိမ်းချမ်းရေးစီမံချက်(Ethnic Peace Plan) ၆ ချက်ပါလမ်းပြမြေပုံတို့ကို အတည်ပြုခဲ့ကြသည်။

    “ကနေ့အဖွဲ့အစည်းအသီးသီး၊ နေရာဌာနအသီးသီးက ကိုယ်စားလှယ်များ ဒီညီလာခံကြီးမှာ လာရောက်ဆုံစည်းခြင်းဟာ နိုင်ငံရေးအရဆိုရင် ဆုံးရှုံးနေတဲ့တိုင်းရင်းသား အခွင့်အရေးအတွက် ဘုံရပ်တည်ချက်ရရှိရေးအတွက် အရပ်သားစကားနဲ့ပြောရင် တစ်သံထဲထွက်ရေး အတွက်ပါပဲ” ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက ညီလာခံကျင်းပရေးရည်ရွယ်ချက်ကို ရှင်းပြခဲ့သည်။

    ထို့အပြင် ၂၀၁၂ တိုင်းရင်းသားလူမျိုးများညီလာခံကြေငြာချက်တရပ်ကို ညီလာခံကိုယ်စားလှယ်များ ဆွေးနွေး အတည်ပြုကြပြီး ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

    ဒုတိယပင်လုံခေါ်ယူရေးအတွက် စစ်ကိုင်းတိုင်း၊ ကလေးမြို့၌ ၂၀၁၀ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင် ဦးတင်ဦး၊ ဦးဝင်းတင်၊ မွန်ဒီမိုကရေစီပါတီခေါင်းဆောင် နိုင်ထွန်းသိန်း၊ နိုင်ငွေသိမ်း၊ ကရင်အမျိုးသားကွန်ဂရက်မှ စောဟာရီ၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးထောင်ခိုထန်း၊ ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းမောင်တို့က သဘောတူလက်မှတ် ရေးထိုးခဲ့ကာ ကြေညာချက်ထုတ်ပြန်ခဲ့ကြသည်။

    တောင်တန်းနှင့် ပြည်မပေါင်းစည်း၍ အင်္ဂလိပ်လက်အောက်မှ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရေးအတွက် ၁၉၄၇ ခုနှစ်၊ ဖေဖေါ်ဝါရီ ၁၂ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ကြသဖြင့် ပင်လုံစာချုပ်ဟု သမိုင်းတွင်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts