spot_img
Thursday, April 18, 2024
More
    spot_img
    Homeဆောင်းပါးအိန္ဒိယပါလီမန်ကိုလေ့လာခြင်း

    အိန္ဒိယပါလီမန်ကိုလေ့လာခြင်း

    -

    ဒေါက်တာဗညားအောင်မိုး – ပြည်ထောင်စုမြန်မာနိုင်ငံ လွှတ်တော်ကိုယ်စားလှယ် အဖွဲ့ဝင် ၁၀ ဦးတို့သည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင်လ ၁၀ ရက်နေ့အထိ အိန္ဒိယပြည်နှင့် အိန္ဒိယပါလီမန်သို့ သွားရောက် လေ့လာခဲ့ကြသည်။ ထိုခရီးစဉ်တွင် ကိုယ်တိုင်ပါဝင်ခဲ့သူ ဒေါက်တာဗညားအောင်မိုး၏ စာတမ်းကို အခြေခံပြီး ကာယကံရှင်ခွင့်ပြုချက်အရ ဆောင်းပါးအဖြစ်ဖေါ်ပြခြင်း ဖြစ်ပါသည်။(အယ်ဒီတာ)

    အိန္ဒိယ-ပြည်နယ်များပြည်ထောင်စု

    မြန်မာလွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးတို့ အိန္ဒိယပါလီမန်ရှေ့တွင် အမှတ်တရဓါတ်ပုံရိုက်ကူးခဲ့ပုံ(Photo-Dr Banyar Aung Moe)
    အိန္ဒိယ-ပြည်နယ်များပြည်ထောင်စု India-Union Of States ၏ ပါလီမန်Parliament in India Polity ကို အထက်လွှတ်တော် Rajya Sabha ခေါ် The council of States နှင့် ပြည်သူ့လွှတ်တော်(ခေါ်) အောက်လွှတ်တော် Lok Sabha (or) House of People လွှတ်တော်(၂)ရပ်ဖြင့် ဖွဲ့စည်းသည်။

    အထက်လွှတ်တော် Rajya Sabha ခေါ် The council of States

    ကိုယ်စားလှယ် (၂၅၀)ဦးထက်မပိုသော အထက်လွှတ်တော်ဖွဲ့စည်းရာတွင် ၄င်းအနက် ၁၂ ဦးကို သမ္မတက တိုက်ရိုက်ခန့်အပ်သည်။ ကျန်ကိုယ်စားလှယ်များကို ပြည်နယ်များက အချိုးကျပေးပို့သည်။ သို့ရာတွင် ပြည်နယ်တိုင်းမှ အနည်းကိုယ်စားလှယ်တစ်ဦး စေလွှတ်ရပါမည်။ အထက်ပါ ပြည်နယ် ကိုယ်စားလှယ်များကို သက်ဆိုင်ရာပြည်နယ် ဥပဒေပြုလွှတ်တော် Legislative Assembly of the state မှ ပြည်နယ်ရွှေးကောက်ပွဲဖြင့် တက်လာသောအမတ်များကို ရွှေးချယ်ပြီး ပေးပို့ရပါမည်။

    ပြည်နယ်တစ်ခုနှင့်တစ်ခု ပေးပို့ခွင့်သောကိုယ်စားလှယ် အရည်အတွက်မတူညီကြပါ။ သက်ဆိုင်ရာ ပြည်နယ်၏ လူဦးရေအချိုးအစားအလိုက် လွှတ်တော်ကိုယ်စားလှယ်အရေအတွက် တူညီမှုမရှိကြပါ။ အိန္ဒိယပြည်လူဦးရေ၏ (ဝ.ဝ၀ဝ၉) ရာခိုင်နှုန်းမျှသာ လူဦးရေရှိသည့်မိဇိုရမ်ပြည်နယ်နှင့် (ဝ.ဝ၀ဝ၅) ရာခိုင်နှုန်းမျှသာ လူဦးရေရှိသည့် ဆစ်ကင်း Sikkim ပြည်နယ်တို့သည် ပြည်ထောင်စု အထက်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးစီသာ ပို့ခွင့်ရှိသည်။ လူဦးရေများပြားသော ဥတာပရာဒက်ပြည်နယ်မှ အထက်လွတ်တော်အတွက်ကိုယ်စားလှယ် (၃၁) ဦးပို့ခွင့်ရှိသည်။ ပြည်ထောင်စုနယ်မြေ (Union Territory) များမှလည်း လူဦးရေအချိုးအစားအလိုက် အထက်လွတ်တော်ကိုယ်စားလှယ် ပေးပို့ကြရသည်၊။ အထက်လွှတ်တော်ကိုယ်စားလှယ်၏အသက်အရွယ်မှာ (၃၀)နှစ်အောက်မငယ်စေရ။ လွှတ်တော်ဖျက်သိမ်းခံရမှုမရှိပါ။ လွတ်တော်ကိုယ်စားလှယ်တစ်ဦးသည် (၆)နှစ်သက်တမ်း တာဝန်ထမ်းဆောင်ရပါမည်။ လွှတ်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း၍ ၃ ပုံ ၁ ပုံကို (၂) နှစ်တစ်ကြိမ် အနားပေးပြီး လစ်လပ်နေရာများအတွက် အသစ်ပြန်လည်ရွေးချယ်အစားထိုးသည်။

    ဒု-သမ္မတသည် ရာထူးအရ Ex-Officio-Council of States (or) Rajya Sabha အထက်လွှတ်တော်၏ ဥက္ကဌဖြစ်သည်။ လွှတ်တော်ဒုဥက္ကဌကို လွှတ်တော်ကရွေးချယ်သည်။ အထက်လွှတ်တော်နှင့် အောက်လွှတ်တော် (၂) ရပ်ပေါင်း၍ သမ္မတကိုရွေးချယ်သည်။

    ပြည်သူ့လွှတ်တော်(ခေါ်)အောက်လွတ်တော် Lok Sabha (or) House of People

    ကိုယ်စားလှယ်အရည်အတွက်အများဆုံး (၅၅၂) ဦးရှိသည်။ ၄င်းအနက်(၅၃၀) ဦးမှာပြည်နယ်များ မဲဆန္ဒနယ်မြေမှ တက်လာသောကိုယ်စားလှယ်များဖြစ်ကြသည်။ (၂၀) ဦးမှာ ပြည်ထောင်စု နယ်မြေများ (Union Territories)က ရွေးချယ်တင်မြှောက်သည်။ ကျန် (၂) ဦးမှာ သမ္မတက Anglo-Indian Community အတွက် ရွေးချယ်ပေးသည်။

    ပြည်နယ်လူဦးရေအလိုက် ကိုယ်စားလှယ်ဦးရေများ သတ်မှတ်ထားရှိသည်။ ဥတာပရာဒက် Uttar Pardesh ပြည်နယ်ကပြည်သူ့လွတ်တော်ကိုယ်စားလှယ် (၈၀) ဦး ရွေးချယ်တင်မြှောက်ခွင့်ရှိပြီး ပြည်နယ်ငယ်များဖြစ်သောဆစ်ကင်း (Sikkim) နာဂလန်း Nagaland မီဇိုရမ် Migoram ပြည်နယ်တို့မှာ ပြည်သူ့လွှတ်တာ်ကိုယ်စားလှယ်တစ်ဦးစီ ရွေးချယ်ခွင့်ရှိသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၏ အသက်မှာ (၂၅) နှစ်အောက်မငယ်စေရ။ လွှတ်တော်သက်တမ်း(၅)နှစ်ဖြစ်သည်။ လွတ်တော်၏ဥက္ကဌနှင့် ဒုဥက္ကဌတို့ကို ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ်များက ရွေးချယ်တင်မြှောက်သည်။

    အောက်လွှတ်တော်ခေါင်းဆောင်

    ပြည်သူ့လွှတ်တော်တွင် ဝန်ကြီးချုပ်ကို အမတ်အရေအတွက်အများဆုံးရရှိသော ပါတီမှ ရွေးချယ် တင်မြှောက်ကြသည်။ ဝန်ကြီးချုပ်သည် အမတ်နေရာအများစုရရှိသော ပါတီခေါင်းဆောင်ဖြစ်သဖြင့် ပြည်သူ့လွှတ်တော်၏ခေါင်းဆောင်ဖြစ်သည်။ သို့ရာတွင် ဝန်ကြီးချုပ်သည် လွှတ်တော်ကိုယ်စားလှယ် မဟုတ်လျှင် လွှတ်တော်ခေါင်းဆောင်မဖြစ်ပါ။ ထိုအခါ ဝါအရင့်ဆုံးဝန်ကြီးတပါးကို အောက်လွှတ်တော်၏ လွှတ်တော်ခေါင်းဆောင်အဖြစ်ခန့်အပ်သည်။

    အတိုက်အခံခေါင်းဆောင်(Leader of Opposition)

    အထက်လွှတ်တော်နှင့်အောက်လွှတ်တော်တို့က အတိုက်ခံခေါင်းဆောင်ကို အသိမှတ်ပြု သတ်မှတ်ထားပေးသည်။

    အတိုက်ခံခေါင်းဆောင်၏ထိုင်ခုံကို လွှတ်တော်ဥက္ကဌ၏ဘယ်ဘက် ပထမဆုံးခုံတန်း၏ထိပ်ဆုံး (ကုလားထိုင်)တွင် ထိုင်ရသည်။ အထူးလစာခံစားခွင့်များနှင့် အဆောင်အယောင်ပစ္စည်းများကိုလည်း ပေးအပ်သည်။

    လွှတ်တော်တွင်ပါဝင်သောနိုင်ငံရေးပါတီများ

    နယူးဒေလီမြို့ရှိ အိန္ဒိယပါလီမန်အဆောက်အအုံ(Photo-Internet)
    အိန္ဒိယနိုင်ငံသည်ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံး၍ပြည်သူ့လွှတ်တော်စားရင်းအရ ၂၀ဝ၉ ခု လွှတ်တော်သ်တွင် ပါတီကိုယ်စားလှယ် (၃၉)ပါတီက လွှတ်တော်ကိုယ်စားလှယ်များ ရောက်ရှိ နေသည်။ ၂၀ဝ၉ ခုနှစ် ရွေးကောက်ပွဲတွင် Indian National Congress ပါတီသည် ပြည်သူ့လွှတ်တော် (၅၄၃) နေရာအနက် (၂၀၅) နေရာ ရရှိထားသည်။ လွှတ်တော်၌ ကိုယ်စားလှယ်နေရာ အများဆုံးရရှိထားသော ပါတီဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးတည်းသာ ရရှိသောပါတီ(၁၂) ခုရှိသည်။ လွှတ်တော်သို့ ရောက်ရှိနေသော နိုင်ငံရေးပါတီများတွင် တစ်နိုင်ငံလုံးအဆင့်ပါတီများနှင့် ဒေသအဆင့်ပါတီတို့ ပါဝင်သည်။ အထက်ပါပြည်သူ့လွှတ်တော်ရွှေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအဆင့်(၇)ပါတီနှင့် ပြည်နယ်ဆင့်(၄၄) ပါတီတို့ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

    ပြည်နယ်လွှတ်တော်ရွှေးကောက်ပွဲအတွက်သာ ပါဝင်ယှဉ်ပြိုင်သောဒေသအဆင့်ပါတီ အများအပြား ရှိသည်။ မှတ်ပုံတင်ပြီးသောနိုင်ငံရေးပါတီအရေအတွက်မှာ (၁၀၃၅) ပါတီရှိသည်။

    (၁၅)ကြိမ်မြောက်ပြည်သူ့လွှတ်တော်ရွှေးကောက်ပွဲ(၂၀ဝ၉ခုနစ်)

    မဲပေးနိုင်သူ(မဲစာရင်းအရ) လူဦးရေ -၇၁၄သန်း
    မဲဆန္ဒပေးရာ(မဲရုံ) -၈.၃သိန်း
    ပြည်ထောင်စုအဆင့်ပါတီ – ၇ပါတီ
    ပြည်နယ်အဆင့်ပါတီ -၄၄ပါတီ
    ပါဝင်ယှဉ်ပြိုင်သူ – ၈၀၇၀ယောက်တို့ဖြစ်သည်။

    ဘယ်ဂျက်နှင့်ပြည်သူ့စီမံကိန်း Public Plans များဖြစ်သည့်-ဥပမာတာတမံ၊ လမ်း၊ တံတားစသည့် စီမံကိန်းများတို့ကို ပါလီမန်တွင် တင်ပြအတည်ပြုရသည်။

    ပါလီမန်(လွှတ်တော်)တွင် ဘတ်ဂျက်သီးခြားထားရှိသည်။ လွှတ်တော်၌ သီးခြားကိုယ်ပိုင် Media ရှိသည်။TV-Ridio ၊ သတင်းစာ၊ Electronic Media တို့ရှိသည်။ လွှတ်တော်ကိုယ်စားလှယ်များကို အထောက်အကူပြုရန် ပညာရပ်ပေါင်းစုံမှ ပညာရှင်များ၊ ကျွမ်းကျင်သူများ၊ အစိုးရဌာနမှခေါ်ယူသော ပညာရှင်များတို့ဖြင့် ဖွဲ့စည်းထားသောအဖွဲ့အစည်းရှိအစည်းရှိသည်။

    ပြည်နယ်လွှတ်တော်

    ပြည်နယ်-၂၈ပြည်နယ်-ပြည်ထောင်စုနယ်မြေ Union Territory (၇) ခုရှိသည်။ ပြည်နယ်တိုင်းတွင် ဥပဒေပြုရေး Legislature တွင် ပြည်နယ်ဘုရင်ခံသည် အရေးကြီးပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ပြည်နယ် (၇) ခုတွင် လွှတ်တော် (၂) ရပ်ထားရှိပြီး ကျန်ပြည်နယ်များတွင် လွှတ်တော်တစ်ရပ်သာ ထားရှိသည်။ ပြည်နယ်ပြည်သူ့လွှတ်တော် Legislative Assembly of State သည်ပြည်နယ်တိုင်း၌ ထားရှိသည်။

    အခြားလွှတ်တော်တစ်ရပ်မှာ ပြည်နယ်ဥပဒေပြုကောင်စီ Legislative Council of State (ခေါ်) အထက်လွှတ်တော် ဖြစ်သည်။

    အထက်လွှတ်တော်ရှိသော အန်ဒြာပရာဒက် Andra Pradesh ပြည်နယ်တွင် ကိုယ်စားလှယ်(၉၀)ဦး၊ ဘီဟာ Bihar ပြည်နယ်တွင် (၇၅)ဦး၊ Jamaonu& Kashmir ပြည်နယ်တွင် (၃၆)ဦး Karnataka ပြည်နယ်တွင် (၇၅) ဦး၊ Maharashtra ပြည်နယ်တွင် (၇၈)ဦး၊Tamil Nadu ပြည်နယ်တွင် (၇၈)ဦး၊ ဥတာပရာဒက် Uttar Pradesh ပြည်နယ်တွင် (၁၀ဝ) ဦးရှိကြသည်။ သို့ရာတွင် အထက်လွှတ်တော် ဦးရေသည် ပြည်နယ်ပြည်သူ့လွှတ်တော် Legislative Assembly ဦးရေ၏ သုံးပုံတစ်ပုံထက် မပိုစေရ။

    အကယ်၍လွှတ်တော်တစ်ရပ်တည်းသာရှိသောပြည်နယ်ကြီးများတွင် လူဦးရေတိုးများလာလျှင် လွှတ်တော်ကိုယ်စားလှယ်များလည်း တိုးများလာမည်ဖြစ်သည်။ ဥတာပရာဒက် Uttar Pradesh ပြည်နယ်တွင် ပြည်သူ့လွှတ်တော်နေရာ ၄၀၃ ရှိပြီး မီဇိုရမ် Mizoram ပြည်နယ်တွင် ၄၀ ဦး၊ ဆစ်ကင်း Sikkim ပြည်နယ်တွင် ၃၂ ဦး အသီးသီးရှိကြသည်။

    ထို့အပြင် ပြည်နယ်တစ်နယ်နှင့်တစ်နယ် ရွှေးကော်ပွဲကျင်းပသည့် အချိန်ကာလမတူညီကြပါ။ ကျေးရွှာအဆင့်လွှတ်တော် Panchayat ကိုလည်း ရွှေးကောက်ပွဲကဲ့သို့ပင် ရွှေးချယ်တင်မြှောက်ခန့်အပ်ပြီး သက်ဆိုင်ရာပြည်နယ်မှ တာဝန်ခံပေးရသည်။

    ပြည်နယ်အစိုးရအဖွဲ့

    ပြည်နယ်တိုင်းတွင် ပြည်နယ်ဘုရင်ခံ Governor တစ်ဦးစီထားရှိကြသည်။ သမ္မတမှ တိုက်ရိုက်ခန့်အပ်သည်။အုပ်ချူပ်ရေးကိစ္စရပ်များကို ကိုယ်တိုင်တိုက်ရိုက်ကျင့်သုံးနိုင်သည်။ လက်အောက်ခံအဖွဲ့(အစိုးရအဖွဲ့)မှ တဆင့်ကျင့်သုံးနိုင်သည်။ ပြည်နယ်လွှတ်တော်ကို ထိန်းကြောင်းစောင့်ရှောက်ရန် တာဝန်ရှိသူဖြစ်သည်။ ဘုရင်ခံသည် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်မဖြစ်စေရ။ အကယ်၍ဖြစ်ခဲ့လျှင်လည်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်ရမည်။ အာဏာအရှိဆုံးပြည်နယ် အဓိပတိလည်းဖြစ်သည်။ အသက်(၃၅)နှစ် ပြည့်ပြီးသူလည်း ဖြစ်ရမည်။(ကိုလိုနီခေတ်ကဘုရင်ခံ၊ ဘုရင်ခံ၏အတိုင်ပင်ခံအစိုးရ၊ အတိုင်ပင်ခံလွှတ်တော်ထားရှိသည့်စနစ် Autonomy ပေးတဲ့ပုံစံနှင့်ဆင်တူသည်။)

    ပြည်နယ်အစိုးရအဖွဲ့ကို ဝန်ကြီးများကောင်စီ Council of Ministers ဟုခေါ်သည်။ ဝန်ကြီးချူပ် Chief of Minister ကဦးဆောင်သည်။ ဝန်ကြီးချူပ်ကို ဘုရင်ခံကခန့်အပ်ပြီး ဝန်ကြီးများကို ဝန်ကြီးချူပ်၏ အကြံပေးချက်အရ ဘုရင်ခံက ခန့်အပ်သည်။ ဝန်ကြီးချူပ်အပါအဝင် ဝန်ကြီးကောင်စီအရည်အတွက် သည် ထိုပြည်နယ်ပြည်သူ့လွှတ်တော် Legislative Assembly of the State ကိုယ်စားလှယ်ဦးရေ၏ ၁၅% ထက်မပိုစေရသလို ၁၂ ဦးထက်လည်း မနည်းစေရပါ။ ဝန်ကြီးများကောင်စီအဖွဲ့ဝင်တို့သည် ပြည်နယ်လွှတ်တော်တွင်ပါဝင်နေရမည်ဖြစ်သည်။ ပြည်နယ်ဝန်ကြီးတို့သည် ၆ လအတွင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဖြစ်မလာလျှင်နှုတ်ထွက်ရမည်။
    -ပြည်နယ်အစိုးရလက်အောက်တွင် ရဲတပ်ဖွဲ့ရှိသည်။

    ရုံးသုံးဘာသာ(Official Language)

    ပြည်ထောင်စု၏ ရုံးသုံးဘာသာမှာဟင်ဒီ Hindi ဘာသာနှင့် အင်္ဂလိပ်နှစ်ဘာသာအသုံးပြုသည်။ ပြည်နယ်များတွင် ပြည်နယ်ဘာသာစကား (သို့မဟုတ်) ၄င်းထက်ပိုသောဘာသာစကားများကို ပြည်နယ်တွင်အသုံးပြုရန် (သို့မဟုတ်) ဟင်ဒီဘာသာစကား (သို့မဟုတ်) ဘာသာ စကားများအားလုံးရုံးသုံးအဖြစ် အသုံးပြုရန် ပြည်နယ်ဥပဒေပြုအဖွဲ့ (ပြည်နယ်ပါလီမန်) ကဥပဒေပြုနိုင်သည်။

    အင်္ဂလိပ်ဘာသာမှာ ပြည်နယ်များတွင်ယခင်ကသုံးစွဲခဲ့သည်ဖြစ်၍ ပြည်နယ်ရုံးသုံးအဖြစ်ဆက်လက် အသုံးပြုနေကြသည်။ ပြည်ထောင်စုရုံးသုံးဘာသာများကို ပြည်နယ်တစ်ခုနှင့်တစ်ခု၊ ပြည်နယ်နှင့်ပြည်ထောင်စုကြားသုံးရန်။

    လူအများအပြားသုံးသောဘာသာ Substantial Proportion of Population of the State ကို ရုံးသုံးအဖြစ်တင်ပြတောင်းဆိုလျှင် သမ္မတကထိုပြည်နယ်တွင် တစ်ခုလုံးဖြစ်စေ တစ်စိတ်တစ်ပိုင်းဖြစ်စေ ရုံးသုံးအဖြစ်အသုံးပြုရန် အမိန့်ချမှတ်ပေးသည်။ အိန္ဒိယပြည်ထောင်စု လွှတ်တော်တွင် ရုံးသုံးဘာသာဖြစ်သည့် တိုင်းရင်းသားဘာသာ၊ ဟင်ဒီ Hindi အပါအဝင် ဘာသာစကား(၁၄) မျိုးကို အလိုအလျှောက်ဘာသာ ပြန်ပေးသည်။ ၄င်းအပြင် အခြားဘာသာကို အပြုသုံးလျှင် လူဖြင့်ဘာသာပြန်ပေးသည်။ အိန္ဒိယနိုင်ငံတွင် ရုံးသုံးတိုင်းရင်းသားဘာသာကြီး (၂၂)မျိုး ရှိသည်။ အိန္ဒိယပါလီမန် ရုံးသုံးဘာသာကော်မရှင် Commission of Parliament on official Language ကိုဥက္ကဌတစ်ဦး အပါအဝင်အထက်လွတ်တော်မှ(၁၀)ဦး၊ အောက်လွှတ်တော်မှ(၂၀)ဦးကို ဘာသာစကား(၂၂) မျိုးတို့၏ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တို့ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်သည်။

    ထို့အပြင် သတ်မှတ်ထားသောဇာတ်နိမ့် Castes နှင့် သတ်မှတ်ထားသောလူမျိုးစုငယ်များ Scheduled Tribes အတွက် ပြည်ထောင်စုလွှတ်တော်ကော်မတီများတွင် ကော်မတီအဖွဲ့ဝင် (၃၀)ရှိပြီး၊ ပြည်သူ့လွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်(၂၀)ဦး၊ အထက်လွှတ်တော်လွှတ်တော် ကိုယ်စားလှယ်(၁၀) ဦးဖြင့် ဖွဲ့စည်းသည်။ ဝန်ကြီးဖြစ်သူသည် ထိုကော်မတီတွင်မပါဝင်စေရပါ။ ပါဝင်ခဲ့သော်ဝန်ကြီးအဖြစ်မှနှုတ်ထွက်ရပါမည်။

    ထိုကော်မတီသည် သတ်မှတ်ထားသောဇတ်နိမ့်အတွက် အမျိုးသားကော်မရှင် National commission for scheduled Castes နှင့် သတ်မှတ်ထားသောလူမျိုးစုငယ် အမျိုးသားကော်မရှင် National commission for scheduled Tribes တို့၏ အစီရင်ခံစာကိုကြားနာရန်၊ အစိုးရ၏ ဆောင်ရွက်ချက်ကိုလေ့လာရန်၊ လေ့လာတွေ့ရှိချက်များမှ အစီရင်ခံစာတင်သွင်းရသည်။ အချိူ့နယ်များတွင်လူမျိုးစုငယ် Tribe ၏ဧရိယာ Tribal Area ကိုသတ်မှတ်ပေးထားသည်။ လူမျိုးစုငယ်များကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Autonomous Region သို့မဟုတ် District Council ဖြင့် ဥပဒေပြုအုပ်ချုပ်စေသည်။ အိန္ဒိယပြည်တွင် ထိုသို့ဖွဲ့စည်းပေးထားသောပြည်နယ်များမှာ အာသံ Assam,Meghalaya,Tripura,နှင့် မီဇိုရမ်Mizoram ပြည်နယ်တို့ ဖြစ်ကြသည်။

    ယဉ်ကျေးမှုနှင့်ပညာရေး Culture and Education

    အိန္ဒိယနိုင်ငံတွင် လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးဓမ်း ကွဲပြားမှု အလွန်များပြားသည်။ မူဆလင်ဘာသာဝင်ဦးရေ ဒုတိယအများဆုံးသော နိုင်ငံတစ်ခုလည်း ဖြစ်သည်။

    အိန္ဒိယနိုင်ငံသည် ဗဟိုအစိုးရအားကောင်းသော ဖက်ဒရက်ပြည်

    ထောင်စု Federal Union စနစ်ကိုကျင့်သုံး၍ ပြည်နယ် State၊ ပြည်ထောင်စုနယ်မြေ Union Territory နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Autonomous District တို့ကိုသတ်မှတ်ပြီး အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတို့ကို အပြည့်အဝ ပေးအပ်ထားရှိသည်။ ပြည်နယ်လွှတ်တော်များတွင်လည်း တိုးတက်မှုနောက်ကျသောဇာတ်နိမ့် လူနည်းစုအတွက် လူမျိုးများရေးရာ ကော်မတီ/ကော်မရှင်များ ဖွဲ့စည်းပြီး အကာအကွယ်ပေးထားသည်။ ဥပဒေပြဌာန်းပြီး အဖက်ဖက်မှတိုးတက်ရန် ဆောင်ရွက်ပေးသည်။

    အိန္ဒိယတွင်လူမျိုးစုများပြား၍ ပညာရေးစနစ်တွင် ဘာသာစကားနှစ်မျိုး၊ Bilingual ဘာသာစကားနှင့် သုံးဘာသာTrilingual စနစ်တို့ကိုကျင့်သုံးလျှက်ရှိသည်။ ပြည်နယ်များနှင့် အချို့ဒေသတို့တွင် မူလတန်းအဆင့်၌ မိခင်ဘာသာစကားနှင့် အင်္ဂလိပ်ဘာသာ (သို့မဟုတ်) မိခင်ဘာသာ၊ အင်္ဂလိပ်ဘာသာ၊ ဟင်ဒီဘာသာသုံးမျိုးစလုံးသင်ကြားသည်။ အလယ်တန်း၊ အထက်တန်းများတွင် မိခင်ဘာသာကိုလျှော့ချပြီး ဟင်ဒီ-အင်္ဂလိပ်ဘာသာ(ဘာသာရပ်တိုင်းတွင် အင်္ဂလိပ်ဘာသာသင်ကြား)၊ တက္ကသိုလ်များတွင် ဘာသာရပ်အားလုံး အင်္ဂလိပ်လိုသင်ပြသည်။

    နိုင်ငံအတွင်း မည်သည့်ဒေသ-နယ်မြေတွင်မဆို နိုင်ငံသားများ၏ ဘာသာစကား-စာပေ၊ ယဉ်ကျေးမှုတို့ကိုထိန်းသိမ်းသည့်အခွင့်အရေး အပြည့်အဝရှိသည်။ ပြည်နယ်ထောက်ပံ့သော ပညာရေးဌာနအဖွဲ့အစည်းနှင့် ဘာသာရေး၊ လူမျိုး၊ ဇာတ်နိမ့်မြင့်၊ ဘာသာစကားကိုအခြေခံသော ပညာရေးထောက်ပံ့မှုအစီအစဉ်များတွင် အားလုံးပါဝင်ခွင့်ရှိကြသည်။ လူနည်းစုများသည်လည်း မိမိနှစ်သက်ရာ ပညာရေးဌာနအဖွဲ့အစည်းတို့ကို ဖွဲ့စည်းနိုင်သည်။

    ဥပဒေပြုဇယားများ

    ဥပဒေပြုဇယားကို(၃)မျိုးထားရှိသည်။ (၁)ပြည်ထောင်စုဥပဒေပြုဇယား Union List (၂) ပြည်နယ်ဥပဒေပြုဇယား State List (၃) ပြည်ထောင်စုနှင့်ပြည်နယ်ပူးတွဲဥပဒေပြုဇယား Concurrent List ဖြစ်သည်။

    (၁)ပြည်ထောင်စုဥပဒေပြုဇယား Union List

    – နိုင်ငံခြားရေးရာနှင့်ပတ်သက်သောအစိုးရကိစ္စ

    – နိုင်ငံတကာနှင့်ဆက်နွယ်သောလုပ်ငန်းများကိစ္စ

    -ပြည်ထောင်စုကာကွယ်ရေးကိစ္စ
    -တပ်မတော်ကြည်း၊ ရေ၊ လေတပ်ဖွဲ့ကိစ္စများ

    – ပြည်ထောင်စုတစ်ခုလုံးနှင့်သက်ဆိုင်သောငွေကြေးကိစ္စများ
    – ပြည်ထောင်စုတစ်ခုလုံးနှင့် သက်ဆိုင်သော မီးရထားနှင့် သည်ယူပို့ဆောင်ရေးလုပ်ငန်းကိစ္စများ
    – ပြည်ထောင်စုတစ်ခုလုံးနှင့်သက်ဆိုင်သော ဘဏ်၊ ငွေကြေးကိစ္စများ
    – ပြည်ထောင်စုတစ်ခုလုံးနှင့်သက်ဆိုင်သောစာတိုက်၊ကြေးနန်းကိစ္စများ
    – အစိုးရအောင်ဘာလေထီ
    – အလေးချိန်၊ အတိုင်းအတာ
    – မူးယစ်ဆေးဝါးစိုက်ပျိုးထုတ်လုပ်ခြင်းကိစ္စများ
    – ပြည်နယ်တစ်နှင့်တစ်ခု လူဝင်မှု Inter State Migration စသည့်ကိစ္စများ
    – စိုက်ပျိုးရေးကဏ္ဍမဟုတ်သော အခြားဝင်ငွေခွန်များ
    – နိုင်ငံခြားသို့ပို့ကုန်အခွန် စသည့်အချက်များ (၉၇) ချက်ပါရှိသည်။

    ပြည်နယ်ဥပဒေပြုဇယား States List

    – ပြည်ထောင်စုလက်နက်ကိုင်အဖွဲ့နှင့်မသက်ဆိုင်သောထုတ်ပြန်ချက်များ

    – ရဲတပ်ဖွဲ့ဝင်များ

    – အကျဉ်းထောင်ကိစ္စများ

    – စာကြည့်တိုက်၊ ပြတိုက်ကိစ္စမျာ၊ရှေးဟောင်းအဆောက်အအုံများ

    – ဇယား(၁) နှင့် မပါတ်သက်သောလမ်းပမ်းဆက်သွယ်ရေး၊ လမ်တံတားကိစ္စများ

    – မြူနီစပယ်ကိစ္စများ

    – ရေကိစ္စ

    – မြေယာကိစ္စ

    – ငါးဖမ်းလုပ်ငန်း

    – စက်ရုံများ(အားလုံးမဟုတ်)

    – သုသာန်ကိစ္စ၊ ရဟန်းပြုရန်နေရာကိစ္စ

    – ပြည်သူ့ကျန်းမာရေး၊ သန့်ရှင်းရေး၊ ဆေးရုံ၊ ဆေးပေးခန်းကိစ္စများ

    – ပြည်နယ်လက်အောက်ရှိ စာကြည့်တိုက်၊ ပြတိုက်များကိစ္စ

    – စိုက်ပျိုးရေးသုတေသနအပါအဝင် ပိုးမွှား၊ ရောဂါကာကွယ်ရေး

    – ဆည်မြောင်းများ

    – သဘာဝဓါတ်ငွေ့ Gas နှင့် Gas လုပ်ငန်းများကိစ္စ

    – ဈေးနှင့်ပြပွဲများ

    – လယ်သမားများနှင့် ငွေချေးပေးသူကိစ္စများ

    – ဟိုတယ်ငယ်များကိစ္စ

    – ဇာတ်ရုံ၊ ရုပ်ရှင်ရုံ

    – ပြည်နယ်ရွေးကောက်ပွဲ

    – ပြည်နယ်ဥပဒေပြုအဖွဲ့လစာကိစ္စ

    – ပြည်နယ်ဝန်ကြီးများ၏လစာ

    – စိုက်ပျိုးရေးဝင်ငွေခွန်

    – လယ်ယာမြေခွန်

    – အဆောက်အအုံနှင့်မြေခွန်

    – ရောင်းဝယ်ခွန် (သတင်းစာမပါ)

    – လျှပ်စစ်ခွန်

    – ကုန်းလမ်း၊ ရေလမ်း ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးခွန်၊ ခရီးခွန်

    – တရားရေးနှင့်တရားရုံးကိစ္စများ Supreme court မပါသော အချက်စုစုပေါင်း (၆၆)ချက်ပါရှိသည်။

    (၃) ပြည်ထောင်စုနှင့်ပြည်နယ်ပူးတွဲဥပဒေပြုဇယား Concurrent List
    -ရာဇဝတ်မှုကိစ္စ
    -ပြည်နယ်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး
    – ပြည်နယ်တစ်နယ်မှတစ်နယ် ထောင်သားများပြောင်းရွှေ့ရေးကိစ္စ

    – တရားမျှတမှု Justice ကိုစီမံခြင်း (ဖွဲ့စည်းပုံနှင့်တရားရုံးများအားလုံး၏ဖွဲ့စည်းပုံ

    Supreme Court and High Court မှတစ်ပါး)

    – တရားဥပဒေ၊ တရားမျှတမှု၊ တရားစီရင်ရေးလုပ်ငန်း

    – တရားရုံးကိုမထီလေးစားပြုမှု (Supreme Court မပါ)

    – အိမ်ယာမဲ့အလုပ်လက်မဲ့၊ နေရော့ရွှပြောင်းသောလူမျိုးစုများ

    – ဝင်ရောက်လာသောလူမျိုးစုငယ်များ၏အရေးကိစ္စ

    – သစ်တောအရေးကိစ္စ

    – တောတိရိစ္ဆာန်နှင့်ငှက်များကာကွယ်ထိမ်းသိမ်းရေး

    – စီးပွါးရေးနှင့်လူမှုရေးစီမံကိန်းများ

    – လူဦးရေထိမ်းသိမ်းရေး

    – အလုပ်သမားသက်သာချောင်ချိရေး

    – လူမှုလုံခြုရေး၊ လူမှုရေးအာမခံ၊ အလုပ်သမား၊အလုပ်လက်မဲ့ကိစ္စများ

    – ပညာရေး၊ နည်းပညာဆိုင်ရာ၊ ဆေးပညာ၊ တက္ကသိုလ်များ၊ သက်မွေးဝမ်းကြောင်းကျောင်းများ၊ အလုပ်သမားနည်းပညာသင်တန်းများ

    – ဈေးနှုန်းထိမ်းညှိခြင်း

    – စက်ရုံ၊ အလုပ်ရုံ၊ ဗွိုင်လာ Boilers

    – လျှပ်စစ်စွမ်းအင်

    – သတင်းစာ၊ စာအုပ်၊ ရိုက်နှပ်ခြင်း

    – ရှေးဟောင်းအဆောက်အအုံ

    – တရားရေး၊ တရားရုံးများတို့က ဤဇယား(၂)နှင့် (၃) ပါကိစ္စရပ်များအပေါ်သက်ရောက်မှုများ

    – ဤဇယားပါကိစ္စရပ်များအပေါ် တရားရေးနှင့်တရားရုံးများအာဏာ Supreme Court မပါ

    စသည့်အချက် (၄၇)ချက်ပါဝင်သည်။

    အထက်ပါဇယား(၂)(၃)ကိုလေ့လာကြည့်ခြင်းအားဖြင့် ပြည်နယ်များ၏အာဏာ(၃)ရပ် ကျင့်သုံးမှု အလွန်ပင်အဆင့်မြင့်မားသည်။ တရားရေး၊ ဥပဒေပြုရေးကဏ္ဍများစွာ ထိမ်းကြောင်းထားသည်ကိုလည်းတွေ့ရှိခဲ့ရသည်။

    ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဝင် ၁၀ ဦးတို့သည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင်လ ၁၀ ရက်နေ့အထိ အိန္ဒိယပြည်နှင့် အိန္ဒိယပါလီမန်သို့ သွားရောက် လေ့လာခဲ့ကြသည်။ ထိုခရီးစဉ်တွင် ကိုယ်တိုင်ပါဝင်ခဲ့သူ ဒေါက်တာဗညားအောင်မိုး၏ စာတမ်းကို အခြေခံပြီး ကာယကံရှင်ခွင့်ပြုချက်အရ ဆောင်းပါးအဖြစ်ဖေါ်ပြခြင်း ဖြစ်ပါသည်။ ။ အယ်ဒီတာ

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts